Top News

ပဲလေ့စ်ကို အနိုင်ယူပြီး လီဗာပူးလ်ကို ဖိအားပြန်ပေးခဲ့တဲ့ မန်စီးတီး
24htopnews | January 20, 2025 3:12 AM CST

■ ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်စီးတီး

စနေညကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉) နောက်ဆုံးပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ (၅)မှတ်ကွာ အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။ 

ပဲလေ့စ်အသင်းဟာ ၄-၅-၁ ကစားကွက်ကို အသုံးပြုပြီး တိုက်စစ်မှူး ဂျော်ဒန်အယူးကို အထောင်ထားကာ တောင်ပံနှစ်ဖက်မှာတော့ ရှလပ်နဲ့ ဇာဟာတို့ကို အသုံးပြုခဲ့ပါတယ်။ 

မန်စီးတီးအသင်းကတော့ တိုက်စစ်မှာ ဂျေးဇူးကို ပွဲထုတ်ခဲ့ပြီး ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဒီဘရိုင်းနား ပြန်လည်ပါဝင်လာကာ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗား၊ စတာလင်၊ မန်ဒီတို့နဲ့ လူစုံခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗ်အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ဒီနေ့ပွဲမှာ အနိုင် (၃)မှတ်အတွက် အကောင်းဆုံးကြိုးစားသွားခဲ့တာ တွေ့ရပါတယ်။ 

ပွဲစကတည်းက မန်စီးတီးအသင်း ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ပဲလေ့စ်အသင်း ခံစစ်ကောင်းနေတာရယ်၊ မန်စီးတီး တိုက်စစ်ကစားသမား အဆုံးသတ်အားနည်းတာရယ်ကြောင့် ဂိုးတော့ စောစောစီးစီး မရခဲ့ပါဘူး။ 

ဒါပေမဲ့ ပွဲချိန် (၃၉) မိနစ်မှာပဲ မန်စီးတီးအသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား တင်ပေးတာကို ဂျေးဇူးက လှလှပပ ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ မန်စီးတီးအသင်းအတွက် ဂျေးဇူးရဲ့ ပြိုင်ပွဲစုံ ဂိုး (၅၀)မြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ 

အဖွင့်ဂိုးရသွားတဲ့ မန်စီးတီးအသင်းဟာ နောက် (၂) မိနစ်အကြာဖြစ်တဲ့ (၄၁) မိနစ်မှာပဲ ဒုတိယဂိုး ရခဲ့ပါတယ်။ လှပတဲ့ တွဲလုံးကနေ စတာလင် အကွင်မြင်မြင် ဖန်တီးပေးတာကို ဒေးဗစ်ဆေးလ်ဗားက ဧရိယာထဲကနေ မြေမကျကန်သွင်းယူခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပထမပိုင်းမှာတင် (၂-၀)ဂိုးနဲ့ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပဲလေ့စ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပဲလေ့စ်အသင်းကလည်း ချေပဂိုးတွေရဖို့အတွက် မန်စီးတီးအသင်းဘက်ကို တိုက်စစ်ဆင်မှုတချို့ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ 

ဒါပေမဲ့ နှစ်သင်းစလုံး ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်းမရှိတာကြောင့် ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

 

■ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ရလဒ်များ

အဲဗာတန် ၂-၀ ဝက်စ်ဟမ်း

ဘုန်းမောက် ၀-၀ နောဝစ်ချ်

အက်စတွန်ဗီလာ ၂-၁ ဘရိုက်တန်

ချယ်လ်ဆီး ၁-၀ နယူးကာဆယ်

လက်စတာ ၂-၁ ဘန်လေ

စပါး ၁-၁ ဝက်ဖို့ဒ်

ဝုလ်ဗ် ၁-၁ ဆောက်သမ်တန်

ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်စီးတီး

 


READ NEXT
Cancel OK