
တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွားရန် ဆန္ဒရှိနေသည်ဟု တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများနှင့် စစ်ကစားမှုများကို ပြုလုပ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏နယ်မြေတစ်ခုအဖြစ် ကြေညာထားသည်။ ထိုင်ဝမ်အစိုးရကမူ တရုတ်၏ အချုပ်အခြာအာဏာပိုင်ကြောင်း ကြေညာချက်များကို ငြင်းပယ်ခဲ့ပြီး ထိုင်ဝမ်ဒေသခံများသည် မိမိတို့အနာဂတ်ကို မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်မည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအစောပိုင်းက ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီသွားရောက်ခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်တွင် ဒုံးကျည်ပစ်လွှတ်မှုများအပါအဝင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားရန်ဆန္ဒရှိနေသည်ဟု ပေကျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မာက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်၏ မိမိတို့နယ်မြေအား ကာကွယ်သွားမည့် ဆုံးဖြတ်ချက်ကိုသည်လည်း လျော့ပါးခြင်းမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်သည် ၁၉၉၇ ခုနှစ်က ဗြိတိန်ထံမှ ဟောင်ကောင်ကို လွှဲပြောင်းရယူခဲ့ချိန်က ကျင့်သုံးခဲ့သည့်စနစ်နှင့် ဆင်တူသည့် “တစ် နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒဖြင့် ထိုင်ဝမ်အတွက် အဆိုပြုခဲ့သည်။
ထိုင်ဝမ်၏ လူမှုရေးစနစ်သည် ပြည်မကြီးနှင့် ကွဲပြားနိုင်ခြေရှိပြီး ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် ထိုင်ဝမ်ဒေသခံများ၏ နေထိုင်မှုပုံစံသည် အသိအမှတ်ပြုခံရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ထိုင်ဝမ်သည် အမျိုးသား အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားများကို စိတ်ချသေချာစေသည့် ကြိုတင်သတ်မှတ်ချက်များအောက်တွင် ရှိရမည်ဖြစ်ကြောင်း မာက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ နိုင်ငံရေးပါတီများကမူ ယင်းကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး လူထုဆန္ဒ ကောက်ခံမှုစစ်တမ်းများတွင်လည်း လူထု၏ ထောက်ခံမှုကို မရခဲ့ပေ။ အထူးသဖြင့် ဟောင်ကောင်တွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်အစိုးရက ဟောင်ကောင်၌ အမျိုးသား လုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် တရုတ်၏ အဆိုပြုချက်များနှင့်ပတ်သက်ပြီး ထိုင်ဝမ် လူထု၏ ငြင်းပယ်မှုများ ပေါ်ပေါက်ခဲ့သည်။
တရုတ်သည် ၂၀၁၆ ခုနှစ်က ထိုင်ဝမ် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ဆန်အင်ဝမ်ကို ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ် ယူဆထားကာ ဆွေးနွေးပွဲများပြုလုပ်ရန် ငြင်းဆိုခဲ့သည်။ ဆန်ကမူ နှစ်ဦးနှစ်ဘက် မျှတမှုနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး ဆွေးနွေးပွဲများပြုလုပ်ရန် မကြာခဏ ကမ်းလှမ်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်