Top News

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံရန်ဆန္ဒရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ ပြောကြား
24htopnews | January 20, 2025 2:12 AM CST

မြောက်ကိုရီးယား၏ နျူကလီးယားစီမံ ကိန်းနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက စက်တင်ဘာ ၂၀ ရက်တွင် ထပ်မံကမ်းလှမ်းခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ချိန်တွင် ကီရှီဒါက ဂျပန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုက ဂျပန်ဝန်ကြီးချုပ် ဂျူနီချီရို ကိုအီဇူမီ၏ သမိုင်းဝင် မြောက်ကိုရီးယားခရီးစဉ်တွင် ၎င်းချမှတ်ခဲ့သည့် သံခင်းတမန်ခင်းအတိုင်း ရပ်တည်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဂျပန်ဟာ နှစ်ဦးနှစ်ဖက်လုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေအပေါ်မှာ ဆွေးနွေးရာမှာ ထိတွေ့ဆက်ဆံဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဥက္ကဋ္ဌကင်ဂျုံအွန်နဲ့ ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ တွေ့ဆုံဖို့ ဆုံးဖြတ်ထားပြီး ကျွန်တော့်ရဲ့ စူးစိုက်နှစ်မြှုပ်မှုအားလုံးနဲ့အတူ လုပ်ဆောင်ရမယ့် အခွင့်အလမ်းကို လက်လွတ်ခံမှာမဟုတ်ပါဘူး”ဟု ကီရှီဒါက ပြောကြားခဲ့သည်။

ကင်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး တင်းမာမှုများ လျော့ကျခဲ့သော်လည်း ၎င်း၏နျူကလီးယားစီမံကိန်းအပေါ် တည်မြဲသည့် အဖြေတစ်ခု မရရှိခဲ့ပေ။

ဂျပန်သည် အမေရိကန်၏ နီးစပ်သည့် မဟာမိတ်ဖြစ်သော်လည်း ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ၎င်း၏ စပိုင်များကို လေ့ကျင့်ရန် ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲခဲ့သည့် မြောက်ကိုရီးယားနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် လွယ်ကူခြင်းမရှိခဲ့ပေ။

မကြာသေးမီက မြောက်ကိုရီးယားသည် သမားရိုးကျ လက်နက်များဖြင့် တိုက်ခိုက်မှုအပါအဝင် နျူကလီးယားဖြင့် ခုခံတိုက်ခိုက်ရန် ၎င်း၏ အသင့်အနေအထားရှိမှုကို ကြေညာထားသည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ပြုံယမ်းသည် လက်နက်စမ်းသပ်မှုများကို မကြာမီအချိန်အတွင်း လုပ်ဆောင်ဖွယ်ရှိနေသည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ မြောက်ကိုရီးယား၏ နျူကလီးယားအသုံးပြုမှုကို ကြေညာထားသည့် ယင်းဥပေဒသည် တင်းမာမှုများကို မြင့်တက်စေပြီး တည်ငြိမ်မှုကို ပျက်ပြားစေသည်ဟု ဝေဖန်ရှုတ်ချခဲ့ကာ မြောက်ကိုရီးယားကိုတုံ့ပြန်ရန်နှင့် တားဆီးရန် လက်တွေ့ကျသည့် မဟာဗျူဟာမြောက်ပစ္စည်းများကို ဆက်လက်ဖြန့်ကြက်သွားမည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့မဟာမိတ်နှစ်နိုင်ငံ၏ ဒုံးကျည်တုံ့ပြန်နိုင်စွမ်းနှင့် ရပ်တည်ချက်ကို တိုးမြှင့်သွားမည်ဟုလည်း အမေရိကန်နှင့်တောင်ကိုရီးယားတို့က ကတိပြုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကြေညာထားမှုကို လက်ရှိတွင် ပြောင်းလဲ၍မရတော့ကြောင်း ပြောကြားခဲ့မှုနှင့်အတူ ယင်းဥပဒေသည်  နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲများ၏ ဖြစ်နိုင်ခြေအလားအလာကိုပါ ထိရောက်စွာ ပယ်ဖျက်ရာရောက်ခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အဆင့်အတန်းဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်တဲ့နိုင်ငံဆိုတဲ့ အဆင့်အတန်းကို ပြောင်းလဲလို့ မရတော့ပါဘူး”ဟု ကင်ဂျုံအွန်က ပြောကြားခဲ့သည်။

အသစ်ထုတ်ပြန်ခဲ့သည့် ယင်းဥပဒေအရ ပြည်ပနိုင်ငံတစ်နိုင်ငံသည် မြောက်ကိုရီးယားအပေါ် ကြီးမားသည့် ခြိမ်းခြောက်မှုပြုလုပ်ချိန်တွင် မြောက်ကိုရီးယားအနေနှင့် ခုခံကာကွယ်ရေးအရ နျူကလီးယားတိုက်ခိုက်မှုနှင့် ရန်လိုသည့်အင်အားစုများကို ချက်ချင်းချေမှုန်းရန် တိုက်ခိုက်မှုပြုလုပ်နိုင်မည်ဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။    


READ NEXT
Cancel OK