Top News

နာပိုလီမှ ပြောင်းရွှေ့လာသည့် ခါဗာရာစကယ်လီယာ PSG အသင်းတွင်  ကျောနံပါတ် ၇ ဝတ်ဆင်ကစားမည်
24htopnews | January 20, 2025 2:12 AM CST

 

PSG အသင်းသည် နာပိုလီအသင်း တောင်ပံကစားသမား ခါဗာရာစကယ်လီယာကို ယူရိုသန်း ၇၀+Add-ons ဖြင့် ခေါ်ယူခဲ့ပြီး ကျောနံပါတ် ၇ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိပြီဖြစ်သူ ဂျော်ဂျီယာ လက်ရွေးစင်ကစားသမား ခါဗာရာစကယ်လီယာသည် နာပိုလီအသင်း၏ အားထားရသည့် ကစားသမားဖြစ်ပြီး အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနှင့်နှိုင်းယှဉ်၍ "ခါဗာရာဒိုနာ" ဟု ချီးကျူးခံခဲ့ရသူဖြစ်သည်။ နာပိုလီအသင်းက ၎င်းအား လစာတိုးမြှင့်၍ ကာလရှည်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းသော်လည်း ကစားသမားကိုယ်တိုင်ကငြင်းဆန်ကာ ဇန်နဝါရီ မှာပင် ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ခါဗာရာစကယ်လီယာသည် PSG အသင်းနှင့် ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသည့် လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်း အမ်ဘာပေဝတ်ဆင်ခဲ့သည့် နံပါတ် ၇ ဝတ်ဆင်ကစားမည်ဖြစ်သည်။

"ဒီနေရာမှာရှိနေခွင့်ရဖို့က အိပ်မက်တစ်ခုပါပဲ။ PSG နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့အရာတွေ အများကြီးကြားခဲ့ရပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့အသင်းမှာ ပါဝင်ခွင့်ရလို့ အရမ်းဂုဏ်ယူပါတယ်။ ဂျာစီ အသစ်ဝတ်ဆင်ဖို့ ကျွန်တော်တကယ်မျှော် လင့်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ခါဗာရာစကယ်လီယာသည် PSG အသင်းအတွက် ယခုဇန်နဝါရီတွင် ပထမဆုံး ခေါ်ယူမှုဖြစ်သလို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဂျော်ဂျီယာကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ၎င်းသည် နာပိုလီအသင်းအတွက် နှစ်ရာသီခွဲအတွင်း ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစား၊ ဂိုး ၃၀ သွင်းယူပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ရာသီ စီးရီးအေချန်ပီယံဆုရရှိခဲ့သလို ဂျော်ဂျီယာအသင်းအတွက်လည်း ပွဲ ၄၀ ကစား၊ ၁၇ ဂိုး သွင်းယူပေးထားသည်။


READ NEXT
Cancel OK