Top News

ပခုက္ကူ ကြက်သွန်နီ စျေးကွက်အတွင်း ဝယ်လက်နည်းပါးပြီး စျေးထပ်မံကျဆင်းရာ တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင် ပေါက်စျေးရှိ
24htopnews | January 20, 2025 1:12 AM CST

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဖေဖော်ဝါရီလ ပထမပတ်တွင် ဝယ်လက်နည်းပါးသည့်အတွက် စျေးထပ်မံကျဆင်းလာရာ ကြက်သွန်နီတစ်ပိဿ အမြင့်ဆုံး ၁၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်စျေးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း တစ်ပိဿအမြင့်ဆုံး ၁၃၅၀ ကျပ်ထိ ပေါက်စျေးရှိခဲ့သော်လည်း နောက်ပိုင်းတွင် နယ်စပ်ဝယ်လိုအား လျော့နည်းလာခြင်းကြောင့် စျေးနှုန်းထပ်မံကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ပိဿချိန် ၆သောင်းခန့် ဝင်ရောက်သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဂျွန်စေးတစ်ပိဿ ၆၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿ ၇၀၀ - ၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၉၀၀ - ၁၀၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

' ကြက်သွန်စျေးက ဆက်တိုက်ကျနေတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအကုန်မှာ တစ်ပိဿ ၁၆၀၀ လောက်ထိ ရှိသေးတယ်။ အဲဒီနောက် အဝယ်က လျော့သွားလိုက် စျေးချရောင်းလိုက်နဲ့ စျေးက ဆက်တိုက်ကျလာတယ်။ တစ်ချို့ရက်တွေမှာ ကုန်ဝင်သလောက် အဝယ်ရှိပေမဲ့ တစ်ချို့ရက်မှာ ပွဲရုံတွေက သိမ်းရတာတွေ ရှိတယ်။ လောဆယ် ပြည်တွင်းအားပြုနေရတယ် ' ဟု ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ပခုက္ကူကြက်သွန်စျေးကွက်သို့ ပခုက္ကူ ၊ ပေါက် နှင့် ဆိပ်ဖြူနယ်များမှ ထွက်ရှိသည့် ကြက်သွန်များ စတင်ဝင်ရောက်နေပြီး လက်ရှိပေါက်စျေးနှုန်း အရ တောင်သူများအဆင်ပြေမှု မရှိကြောင်း သိရသည်။

' ကုန်းစိုက်သမားက ခုမှ စရောင်းတုန်းရှိသေးတယ်။ စျေးက ကျနေပြီ။ နောက်ရက်တွေဆို ကြက်သွန်က ပိုပေါလာမှာ ။ လက်ရှိစျေးက သယ်ယူစရိတ် ပွဲခနှုတ် အလုပ်သမားခ နှုတ်ရင် တောင်သူရှုံးသေးတယ်။ မြေဆီစျေးကောင်း စိုက်စရိတ်တက်တော့ အရင်းကြီးတယ်။ စျေးက မရဖြစ်နေတယ် ' ဟု ကြက်သွန်လာရောက်ရောင်းချသူ တစ်ဦးက ပြောကြားသည်။

ပခုက္ကူကြက်သွန်စျေးကွက်သို့ အဓိကလာရောက်ရောင်းချသည့် ပေါက် ၊ ပုလဲမြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့်အတွက် ရောင်းဝယ်စိုက်ပျိုးရေး အခက်အခဲကြုံတွေ့မည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။


READ NEXT
Cancel OK