
ကျင့်ဆောင်ရန်ခက်ခဲသည့် ဓူတင်အကျင့်မြတ်ကို သက်ဆုံးတိုင် ကျင့်ဆောင်တော်မူခဲ့သည့် ဟင်္သာတဓူတင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ပူဇော်ထားရှိမည့် စံကျောင်းတော်သို့ ပင့်ဆောင်သည့် အန္တိမသာဓုကီဠနပူဇာသဘင်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကြွင်းကျန်ရစ်သည့် ဥတုဇရုပ်ကလာပ်တော်အား ဆရာတော်ကြီး ခန္ဓာဝန်ချခဲ့သည့် ဟင်္သာတမြို့ ဘုရားကြီးကျောင်းတိုက်မှ ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိဌာန ၁၀၈ ခန်း ကမ္မဋ္ဌာန်းတိုက်ကြီးရှိ ဓာတ်တော်တိုက်ကြီးအတွင်းသို့ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်း၌ ပင့်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
“ဇန်နဝါရီ ၁၃ ရက် ပြာသိုလပြည့်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်အချိန်မှာ ဆရာတော်ကြီး ခန္ဓာဝန်ချခဲ့ပါတယ်။ ဘုရားကြီးကျောင်းတိုက်မှာ ခုနစ်ရက်ကြာ အပူဇော်ခံထားရှိခဲ့ပြီးနောက် စံကျောင်းတော်ကို ပင့် ဆောင်ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလာပ်တော်ကို ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိဌာန ၁၀၈ ခန်း ကမ္မဋ္ဌာန်းတိုက်ကြီးမှာရှိတဲ့ ဓာတ်တော်တိုက်ကြီးအတွင်း ကြာကလပ် ပလ္လင်တော်ထက်ဆီ ပင့်ဆောင်ပူဇော်ထားရှိတာ ဖြစ်ပါတယ်”ဟု ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးက ပြော ကြားသည်။
ကျေးဇူးတော်ရှင် ဓူတင်ဆရာတော်ကြီးကို ၁၃၁၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူခဲ့ပြီး ဘဝနတ်ကျောင်း စံပြောင်းတော်မူချိန်၌ သက်တော် ၇၆ နှစ် ၀ါတော် ၅၂ ၀ါ ရှိပြီ ဖြစ်သည်။
ဓူတင် ၁၃ ပါးကို အခါအားလျော်စွာ ကျင့်ဆောင်ခဲ့ပြီး ဓူတင်ကိုးပါးကို အစဉ်အမြဲ ကျင့်ဆောင်တော်မူခဲ့သည့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးသည် ဘဝနောက်ဆုံး ခန္ဓာဝန်ချချိန်၌လည်း ဓူတင်အကျင့်မြတ် ထိုင်လျက် အနေအထားဖြင့်ပင် ခန္ဓာဝန်ချခဲ့သည်။
သံဃာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမများက ဆရာတော်ကြီး၏ ဥတုဇရုပ် ကလာပ်တော်အား ပူဇော်ခြင်း၊ ပင့်ဆောင်ခြင်းတို့ ဆောင်ရွက်ချိန်၌လည်း ထိုင်လျက်အနေအထားဖြင့်ပင် ပင့်ဆောင်ပူဇော်ခဲ့ကြပြီး လမ်းတစ်လျှောက် လူအများအပြားလိုက်ပါ ပို့ဆောင်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဓူတင်အကျင့်မြတ်ကို ကျင့်ဆောင်တော်မူခဲ့သည့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ ဖြစ်သည့်အပြင် ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိဌာန ၁၀၈ ခန်း ကမ္မဋ္ဌာန်းတိုက်ကြီးကို တည်ထောင်တော်မူခဲ့သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။
နဝဓုတင်္ဂါစာရ မဟာထေရ်ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြီးမားမှုကြောင့် အနယ်နယ်အရပ်ရပ်မှ ကြည်ညိုကိုးကွယ်သူများပြားခဲ့ပြီး နိုင်ငံတော်ကလည်း အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မ ဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ပူဇော်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်