Top News

အသစ် အဟောင်း၊ အပြောင်းအလဲ
24htopnews | January 19, 2025 9:12 PM CST

(၁)

“ကျွန်တော် ၂၀၁၀ ခုနှစ်က အမေရိ ကန်ပြည်ထောင်စု ကာလီဖိုးနီးယားကို ရောက်သွားတယ်။ မိတ်ဆွေတစ်ဦး အကူအညီနဲ့  အဲဒီက ဆန်ဟိုဆေး (San Jose) စာကြည့်တိုက်ကို သွားလေ့လာခဲ့ပါတယ်။ အဲဒီစာကြည့်တိုက်မှာ စာအုပ်ရေသန်းနဲ့ချီရှိပြီးလူတစ်ယောက်တစ်ခါငှားရင် အုပ်တစ်ရာအထိ ငှားခွင့်ပြုတယ်”

“အံ့သြစရာပါပဲ”

“ဒီထက် အံ့သြစရာကောင်းတာက လက်ကိုင်ဖုန်းအပျက်တွေကို စွန့်ပစ်ဖို့အမှိုက်ပုံး (Dust Bin) တစ်ခုကိုတွေ့ရလို့ပဲ”

“သူတို့ တကယ်လွှင့်ပစ်ကြလား”

“ကျွန်တော် သေသေချာချာတော့ မသိဘူး။ လွှင့်ပစ်လို့သာ အမှိုက်ပုံးရှိနေတယ်လို့ ထင်တာပဲ”

“အဲဒါက ၂၀၁၀ ခုနှစ်ကနော်”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ဆီမှာ လက်ကိုင်ဖုန်းတွေ အင်မတန်စျေးကြီးနေသေးတဲ့အချိန်ပါပဲ။ လူတွေ Hand Set ကို လွှင့်ပစ်ဖို့ဆိုတာ မစဉ်းစားရဲဘူး”

“အဓိကကတော့ Sim Card တွေ စျေးကြီးနေတာကြောင့်မဟုတ်လား”

“ဟုတ်တော့ဟုတ်တယ်။ ဘယ်လိုဖြစ်ဖြစ်လေ။ လက်ကိုင်ဖုန်းလေးခါးမှာ ချိတ်ထားနိုင်ရင် လူအထင်ကြီးတဲ့အချိန်ပဲ”

“ဟုတ်ပါ့။ အရေးပါတဲ့လူတစ်ယောက်ရဲ့ခါးမှာ လက်ကိုင်ဖုန်း ချိတ်ထားတာပဲမဟုတ်လား”

“ဒါပေမဲ့ အဲဒီကလူတွေက ပျက်ရင်ပြင်ဖို့ မစဉ်းစားတော့ဘူး။ လွှင့်ပစ်လိုက်တယ်ဆိုတဲ့သဘောကို တွေးမိလို့ပါ”

“အင်း- ဆရာအောင်သင်းပြောတာနဲ့ဆန့်ကျင်နေသလိုပဲ”

(၂)

“ဆရာအောင်သင်းနဲ့ ဘယ်လိုပတ်သက်တာကို ပြောချင်လို့လဲ ကိုဘသစ်”

“ဆရာညို ဆရာအောင်သင်းကို သိလား”

“သိတာပေါ့။ ကျွန်တော်တို့နဲ့အတူတူ ဆရာဟာ  သူမော်လမြိုင်ကောလိပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်”

“အင်း။ ဆရာဦးအောင်သင်းဟာ လူငယ်တွေကို အတော်လေးကို လွှမ်းမိုးတဲ့ စာရေးဆရာဖြစ်ပါတယ်။ သူဟာ မြန်မာစာဌာနက တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်ခဲ့တာကြောင့် ရှေးရိုးစွဲသူ Conservative တစ်ယောက်အနေနဲ့ ကျွန်တော်တို့ သဘောပေါက်ကြပါတယ်”

“ခင်ဗျား ဆိုလိုတာက ဆရာကလူကြီးအနေနဲ့ ရှေးဟောင်းနယ်ပယ်ကို သဘောကျသူတစ်ယောက် ဖြစ်တယ်ပေါ့ ဟုတ်လား”

“ဟုတ်ကဲ့။ ကျွန်တော်တို့လူကြီးတွေ အားလုံးဟာ တို့ငယ်ငယ်တုန်းကဆိုတဲ့ စကားပြောကြတဲ့အခါ မျက်လုံးတွေကပါ အရောင်တွေ ထွက်လာတာကို တွေ့ရတယ်”

“ဒါပေမဲ့ ဆရာအောင်သင်းကတော့ ဒီလိုမဟုတ်ပါဘူး။ သူက အကျိုးအကြောင်း ဆင်ခြင်တတ်သူ (ပညာရှိ) တစ်ယောက်အနေနဲ့ ရေးသားပြောပြတတ်သူဖြစ်တယ်။သူဟာ မြန်မာစာဆရာတစ်ယောက်ဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို သိပါတယ်။ ဒီအတွက် တန်ဖိုးလည်းထားတယ်။ ဒါကြောင့် ဆရာအောင်သင်းကို ရှေးရိုးစွဲသူ Conservative တစ်ယောက်အနေနဲ့ ယူဆရင်တော့ မှားမယ်ထင်တာပဲ”

“တစ်ခုတော့ရှိတယ်ဗျ။ ဆရာဟာ ခေတ်ကျပ်ကြီးကို ဖြတ်သန်းလာရသူဖြစ်တယ်။ ရှားပါးတဲ့ခေတ်ကြီးပေါ့။ ပစ္စည်းတွေပျက်သွားရင် ပြင်ပြီးသုံးသင့်တယ်လို့ထင်တဲ့ခေတ်က လူပဲမဟုတ်လား”

“ဒါကိုတော့ဝန်ခံရမယ်။ စစ်ကြီးအပြီးမှာ လူတွေဟာပစ္စည်းတွေ တော်ရုံမလွှင့်ပစ်ချင်ကြဘူး။ တကယ်လည်း စက္ကူစုတ်ကအစ တန်ဖိုးရှိနေသလို ဖြစ်တာကိုး။ ကျွန်တော်တို့ အိမ်မှာလည်း ရှေးဟောင်ဂိုဒေါင်ကြီးလိုပါပဲ။ ပစ္စည်းအဟောင်းတွေကို နှမြောတသစွာနဲ့ သိမ်းထားတယ်”

“ဆရာအောင်သင်းရဲ့ ကြော်ငြာဆိုတဲ့ ဆောင်းပါးကိုဖတ်မိပြီး သဘောကျလို့ပါ။ အဲဒီထဲမှာ အချက်နှစ်ချက်ပါတယ်။ ပထမအချက်က ဆရာဟာ ကွန်ပျူတာတွေအကြောင်း ပြောသွားတယ်”

“ဘယ်လိုပြောတာလဲ”

“ဆရာက ကွန်ပျူတာတွေကို စူးစမ်းချင်တဲ့သူတွေ ဝယ်တယ်လို့ ကောက်ချက်ချတယ်”

“တစ်ကိုယ်ရေသုံးကွန်ပျူတာ (PC) တွေပေါ်ခါစက စူးစမ်းကြတဲ့သူတွေဝယ်တာ များပါတယ်။ နောက်တော့ အသုံးတည့်တဲ့ နေရာတွေအများကြီးဖြစ်လာတယ်။ စာစီစာရိုက်တဲ့နေရာတွေ၊ ဒီဇိုင်းတွေစာရင်းဇယားလုပ်တဲ့နေရာတွေ စသဖြင့်အသုံးတည့်လာတယ်။ ဒီတော့ ကွန်ပျူတာကို အသုံးချဖို့ ဝယ်လာကြတယ်”

“ဆရာကလည်း ဒီအတိုင်းရေးထားတာပဲ။ ဒါပေမဲ့ မော်ဒယ်တွေတဖြည်းဖြည်းပြောင်းလဲသွားပြီး ကွန်ပျူတာအဟောင်းတွေ သုံးလို့မရအောင်ဖြစ်သွားတာကို ဆရာကကွန်ပျူတာထုတ်လုပ်သူတွေဟာ မြစ်ကိုအလျားလိုက် ကူးခိုင်းနေတယ်လို့ ဆိုထားတယ်”

“အဲဒီလိုစဉ်းစားလည်းရပါတယ်။ ဒါပေမဲ့ မိုးနိယာမ (Moore’s Law) ကို တွေ့ရှိတဲ့ ဒေါက်တာမိုးရဲ့ စကားအရ ကွန်ပျူတာပစ္စည်းတွေဟာ နှစ်စဉ်နှစ်ဆနှစ်ဆပေါလာပြီး နှစ်စဉ်နှစ်ဆနှစ်ဆတိုးတက်လာတယ်။ ဒါကြောင့် ပိုပြီးထိရောက်တဲ့ပစ္စည်းတွေကို သုံးချင်တဲ့သူတွေ အဟောင်းကိုစွန့်ပြီး အသစ်ဝယ်လာကြတယ်”

“ဒီလိုနဲ့ အဲဒီပစ္စည်းထုတ်လုပ်တဲ့သူတွေ ချမ်းသာသွားတာပဲမဟုတ်လား”

“ဒါတော့ မှန်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အလိုအတိုင်း ထုတ်လုပ်ကြတာပဲ။ လူတွေက အမှားမခံနိုင်တဲ့ခေတ်ကိုရောက်သွားကြတာကိုး”

(၃)

“ဒါက အမှန်ပါပဲ။ ၂၁ ရာစုကို ကျွန်တော်တို့က အကောင်းဆုံးလိုအပ်တဲ့ခေတ် (Age of Excellence) လို့ခေါ်တယ်။ လူတွေဟာ အကောင်းတကာ့အကောင်းဆုံးကိုပဲ လက်ခံတဲ့ခေတ်ဖြစ်လာတယ်။ သူတို့ဟာ မကောင်းတဲ့ပစ္စည်းဆိုရင် ထားပစ်ခဲ့တာပဲ။ ဆရာပြောသလို စျေးပိုပေးရပြီး ကောင်းတယ်၊ စိတ်ချရတယ်ဆိုရင် အဲဒီပစ္စည်းကိုသုံးတော့တယ်”

“ကောင်းတယ်၊ စိတ်ချရတယ်ဆိုတာ ဘာကိုပြောတာလဲ”

“ဆရာပြောသလို ကွန်ပျူတာမှာ မော်ဒယ်အသစ်က ပိုကောင်းလာတယ်။ မိမိလိုအပ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် မော်ဒယ်အဟောင်းကို ထားပစ်တော့တာပဲ။ စျေးကတော့ ကောင်းလေပိုပေးရလေပါပဲ။ မိမိလုပ်ငန်းတစ်ခုလုပ်နေတဲ့အခါ လမ်းခုလတ်မှာ ပျက်သွားမယ်ဆိုရင် ဆုံးရှုံးမှုတွေအများကြီး ရှိလာနိုင်တယ်။ စက်ရုံတွေကို ကွန်ပျူတာနဲ့ အလုပ်လုပ်နေတယ်။ ဘဏ်စနစ်တွေဆိုလည်းဒီလိုပဲ။ ပျက်စီးမှုတစ်ခုဟာ ဆုံးရှုံးမှုများစွာ ဖြစ်လာနိုင်တယ်”

“ပစ္စည်းအသစ် မော်ဒယ်အသစ်တွေက ပိုစိတ်ချရတာပေါ့ဟုတ်လား”

“ဟုတ်ပါတယ်။ စိတ်ချရတဲ့အပြင် မြန်မြန်လုပ်လာနိုင်တာမျိုးပေါ့။ မြန်မာပြည်ကလူတွေ ပြောတာကြားဖူးတယ်။ အင်တာနက်အဝိုင်းလေး လည်နေတာမျိုးဆိုရင် အဆင်မပြေဘူး။ တကယ်တော့ Time is Money ဆိုတာ သတိရသင့်တယ်”

“ဒါဆိုရင်ဆရာအောင်သင်းပြောထားတဲ့ ဒုတိယအချက်ကဘာလဲ”

“စစ်ပြန်မော်တော်ကားကြီးတွေဆိုတာပေါ့”

“ဆရာအောင်သင်း ရေးထားတာပြောပြပါဦး”

“ဒီလိုဗျ”

“ဆရာက သူရဲ့ဆောင်းပါးမှာ သူလွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်ဖြစ်ရပ်ကို သတိရကြောင်း ပြောသွားပါတယ်။

တစ်ရက်မှာ သူတို့မြန်မာစာဌာနမှာ ပညာလာရောက်သင်ယူနေသူ ဂျာမန်လူငယ်တစ်ယောက်နဲ့ သူဘတ်စ်ကားစီးကာ ခရီးသွားသတဲ့။ အဲဒီဘတ်စ်ကားဟာ စစ်ကျန်ဗွီအိပ်ခေါင်းတို ဒေါ့ချ်အမျိုးအစားကို ပြုပြင်ထားတာဖြစ်တယ်။ ဂျာမန်လူငယ်လေးဟာ ဒရိုင်ဘာရဲ့လုပ်ပုံကိုင်ပုံကို မျက်တောင်မခတ်ဘဲ ကြည့်နေသတဲ့။

ကျွန်တော်တို့မြန်မာတွေအတွက် မထူးဆန်းပေမဲ့ သူ့အတွက်တော့အတော်ထူးဆန်းတာပဲတဲ့။ အဲဒါက ဘာလဲဆိုတော့ ဒရိုင်ဘာကြီးဟာ ဂီယာထိုးပြီးတဲ့အခါ ပြန်မပြုတ်ထွက်စေဖို့ သစ်သားထောက်လေးနဲ့ ခုခံထားတာပါပဲတဲ့။ ဂီယာထိုးပြီးရင်ထောက်နဲ့ထောက်လိုက် ဂီယာဖြုတ်ရင်ထောက်ဖယ်လိုက်နဲ့ ကျွမ်းကျင်စွာကားကို သွားလိုက်ရပ်လိုက် လုပ်နေတာသူ အလွန်စိတ်ဝင်စားသတဲ့။

သူကားပေါ်က ဆင်းလာတော့ပြောတယ်။

“ခင်ဗျားတို့မြန်မာတွေဟာ သိပ်တော်တာပဲ။ စိတ်ရှည်သည်းခံတတ်တယ်။ ကျွန်တော်တို့ဆီဆိုရင် ဒီလိုကားတွေ ဘယ်သူမှ ပြင်မနေတော့ဘူး” တဲ့။

ဦးအောင်သင်းက ဒါကိုမဆန်းဘူးထင်ပေမဲ့ သူဆက်ပြောတာကိုကြားရတော့ အံ့သြသွားသတဲ့။ သူက “ငါတို့တိုင်းပြည်က ကားသမားတွေဟာ ဒီလိုစိတ်ရှည်သည်းခံတာမရှိဘူး။ နည်းနည်းလေးအသံမြည်လာရင်ပဲ မမောင်းချင်တော့ဘူး။ ကားအသစ်တစ်စီး လဲတော့တာပဲ”

“ဂျာမန်ကျောင်းသားက သူတို့လူမျိုးတွေသာ စိတ်ရှည်ပြီးကားကို တာရှည်သုံးတတ်ရင် ကောင်းမယ်ဆိုတာမျိုးကို ဆရာအောင်သင်းက သူ့အမြင်နဲ့ပေါင်းစပ်တင်ပြထားတာပဲ”

(၄)

“ဆရာ့စေတနာအင်မတန်ကောင်းပါတယ်။ လူတွေသတိပြုမိတော့လည်း ပိုကောင်းတဲ့ရလဒ်ကိုရနိုင်ပါတယ်။ ဒါပေမဲ့ စောစောကပြောသလိုပါပဲ။ အဲဒီကားတွေဟာ စိတ်မချရတော့ဘူး။ လမ်းမှာပျက်မယ်။ ထိန်းသိမ်းမှုတွေ အများကြီးလုပ်မှလမ်းမှာ အဆင်ပြေစွာသွားနိုင်မယ်”

“အင်း တစ်ခေတ်က ဘရိတ်ပေါက်လို့ တိုက်မိတာကားမှောက်တာတို့၊ နောက်ပြန်လျှောကျလို့ တိမ်းမှောက်တာတွေတို့ အများကြီးပါပဲ။ ဒါဟာ လူ့အသက်တွေနဲ့ ဆိုင်ပါတယ်”

“ဟုတ်တယ်။ အရင်ခေတ်က ဂျမ်းတုံးတွေရောင်းတဲ့ ခေတ်တစ်ခေတ်ရှိတယ်။ကားနောက်ပြန်လျှောမကျအောင် ခုတဲ့ဂျမ်းတုံးကို စီးပွားဖြစ်လုပ်ကိုင်စားသောက်တဲ့သူတွေ ရှိခဲ့တာပဲ”

“အင်း။ ကားသစ်တွေက စိတ်ချရတယ်။  ပြဿနာလည်း နည်းတာပဲပေါ့”

“ဒါပေမဲ့ အင်ဂျင်ပါ၀ါကောင်းတာကိုအားကိုးပြီး အရမ်းမောင်းတဲ့သူတွေကိုတော့ သတိပေးရမှာပါပဲ”

“ဟုတ်ပါတယ်။ အဆိုးနဲ့ အကောင်းဒွန် တွဲနေပါတယ်။ လူတွေရယ် စီမံခန့်ခွဲတဲ့ လူတွေရယ် သတိထားရမှာပါပဲ။ ဘယ်ဟာမှ စင်းလုံးချောတော့မရဘူး။ ဒါပေမဲ့ အဟောင်းတွေကိုပစ်ရင်းနဲ့အသစ်တွေနဲ့ ခရီးသွားတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့တော့လိုတယ်”

“အသစ်တွေလုပ်တိုင်းတော့ သဘာဝပတ်ဝန်းကျင် မထိခိုက်တာတွေရှိပါတယ်”

“ကားအသစ်တွေ၊ လမ်းအသစ်တွေခင်းတဲ့အခါ ပတ်ဝန်းကျင်ထိခိုက်တာပဲပေါ့”

“တစ်ဖက်က အသစ်တွေဟာ ဆီစားသက်သာသွားတာတွေ၊ ပွန်းတာပဲ့တာတွေ နည်းသွားတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် Safety ပေါ့။ ခုခေတ်မှာ လေအိတ်တွေနဲ့ ကားတိုက်တဲ့အခါ ကာကွယ်ပေးတဲ့ ကားတွေကို တီထွင်ထားတယ်။ ခါးပတ်တွေ ပတ်လို့ရအောင် လုပ်ထားတာပဲ။ လူတွေသာ စည်းကမ်းလိုက်နာရင် အရင်ခေတ်က အန္တရာယ်ပိုနည်းတာ သေချာတယ်”

“ခင်ဗျားက ဆရာအောင်သင်းပြောတာကို မကြိုက်ဘူးပေါ့”

“ဆရာပြောတာ ကောင်းပါတယ်။ အထူးသဖြင့် မလိုအပ်ဘဲ အသစ်တွေကို ဝယ်ယူသုံးစွဲတာတွေကို သဘောမကျတာပါ။  အထည်ဒီဇိုင်းအသစ်တွေကိုပါ ဆရာထောက်ပြသွားပါတယ်။ အသစ်တွေထက် အဟောင်းတွေကိုတန်ဖိုးထားဖို့ ဆရာပြောတာ ကောင်းပါတယ်”

“အထည်အလိပ်တွေရဲ့ Recycle စျေးကွက်ဟာ အင်မတန်ကောင်းတယ်။ကမ္ဘောဒီးယားရောက်တုန်းက ဖနွမ်းပင်မှာအထည် အဟောင်းရောင်းတဲ့ စျေးကြီးတစ်ခုရှိတယ်။ ဗိုလ်ချုပ်စျေးလောက်ကို ကြီးတာပဲ”

“ကားအဟောင်း ကွန်ပျူတာအဟောင်းတွေကိုတော့ သဘောမကျပေမဲ့ အဝတ်အထည် အဟောင်းတွေကိုတော့ လက်ခံသင့်တာပေါ့့ ဟုတ်လား”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကိုကယ်တင်တဲ့နေရာမှာ သုတေသနတွေအများကြီးလုပ်ဖို့ လိုပါတယ်။ အဲဒီမှာ ဆရာအောင်သင်းရဲ့ ဆောင်းပါးကိုလည်း ဖတ်ရှုဆင်ခြင်သင့်တယ်ဆိုတာကို တင်ပြအပ်ပါတယ်”


READ NEXT
Cancel OK