Top News

ကြေးစားစစ်သားစျေးကွက်အတွင်းမှ ကိုလံဘီယာနိုင်ငံသားများ
24htopnews | January 19, 2025 9:12 PM CST

အချို့ကြေးစားများက ယီမင် သို့မဟုတ် အာဖဂန်နစ္စတန်တို့တွင် တိုက်ခိုက်နေပြီး အချို့ကြေးစားများမှာ ယူအေအီးနိုင်ငံတွင် ရေနံပိုက်လိုင်းများကို ကာကွယ်စောင့်ရှောက်ပေးနေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟေတီ၌ ကြေးစားများခြေရှုပ်ခဲ့ကာ ဟေတီသမ္မတ လုပ်ကြံခံရမှုသည် ကြေးစားများ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

မိမိနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခက်ထန်မာကြောခဲ့သည့် ကိုလံဘီယာမှ အငြိမ်းစားစစ်သားများနှင့် တရားမဝင် တိုက်ခိုက်ရေးသမားများသည် ကမ္ဘာတစ်ဝန်းရှိ ကြေးစားစစ်သားစျေးကွက်အတွင်းသို့ ရောက်ရှိခဲ့ကြသည်။

ဇူလိုင် ၇ ရက်က ဟေတီသမ္မတ ဂျိုဗန်နယ် မွိုက်စ် သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးသည် မာတီနီ ဒဏ်ရာရရှိခဲ့သည့် လုပ်ကြံမှုတွင်ကို လံဘီယာနိုင်ငံသား ၂၆ ဦးပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ကိုလံဘီယာအစိုးရကမူ ယင်းတိုက်ခိုက်မှုတွင် ပါဝင်သူများအနက် ၁၇ ဦးခန့်မှာ ကိုလံဘီယာ စစ်သားဟောင်းများဖြစ်သည်ဟု ယုံကြည်ရကြောင်း ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။ အချို့မှာ ဟေတီရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အများစုမှာ ဖမ်းဆီးခံခဲ့ရသည်။

သို့သော်လည်း ကိုလံဘီယာ ကြေးစားစစ်သားများ ပါဝင်နေသည့်အချက်သည် ဝင်ငွေအများအပြားရရှိပြီး အလုပ်ဖြစ်နေသည့် ကြေးစားစျေးကွက်ကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

“ ပုံမှန်မဟုတ်တဲ့ စစ်ပွဲရဲ့ သဘောတရားမှာ အတွေ့အကြုံက အရမ်းအရေးကြီးပါတယ်။ ကိုလံဘီယာစစ်သားတွေဟာ စစ်သင်တန်းတွေ လေ့ကျင့်သင်ယူခဲ့ပြီး တိုက်ပွဲအတွေ့အကြုံရှိတာကြောင့် စျေးပေါတဲ့ ကြေးစားစျေးကွက်မှာ ကြေးကြီးတဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်” ဟု အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အီလီနွိုက်စ်တက္ကသိုလ်မှ ပြစ်မှုဆိုင်ရာ သုတေသီ ဂျော့ချ်မန်တီလာက ပြောကြားခဲ့သည်။

ကိုလံဘီယာနယ်စပ်မှ ထွက်ခွာမှုများအနက် အငြိမ်းစားစစ်သားများသာ မဟုတ်ဘဲ ကိုကင်းများလည်း ပါဝင်နေသည်။

၂၀၀၄ ခုနှစ်က ဗင်နီဇွဲလားသမ္မတအဖြစ် တာဝန်ယူထားသည့် ဟူဂို ချာဗက်ကို လုပ်ကြံမည့်အစီအစဉ်တွင် ပါဝင်ခဲ့မှုဖြင့် ကိုလံဘီယာ ပြည်သူ့စစ် ၁၅၃ ဦးကို ဗင်နီဇွဲလား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အခွင့်အလမ်းများ၏ သားကောင်

ကိုလံဘီယာနိုင်ငံတွင် စစ်သားအရေအတွက် မကုန်ခန်းနိုင်လောက်အောင် များပြားနေသည်ဟု မှတ်ယူရသည်။ လက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်မှုထမ်း ၂၂၀,၀၀၀ ခန့်ရှိပြီး ရာထူးတိုးမည့် အခွင့်အလမ်းများ နည်းပါးမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုတို့ကြောင့် အငြိမ်းစားယူသွားသည့်စစ်သားများ သို့မဟုတ် စစ်မှုထမ်းသက် အနှစ် ၂၀ ပြည့်ပြီးနောက် အငြိမ်းစားယူသွားသူများ ထောင်ချီရှိနေသည်။

“ နှစ်စဉ်နှစ်တိုင်း စစ်သား ၁၅,၀၀၀ က ၁၀,၀၀၀ ကြား တပ်ထဲက ထွက်ခွာနေပါတယ်။ ဒါဟာ ထိန်းချုပ်ဖို့ အရမ်းခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်” ဟု ကိုလံဘီယာ စစ်မှုထမ်းဟောင်းများ အဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ဂျွန်မာ ရူလန်ဒါက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အငြိမ်းစားယူသည့် စစ်သားများအနက် ငယ်ရွယ်သူများလည်းပါဝင်သဖြင့် ၎င်းတို့၏ ပင်စင်မှာ နည်းပါးနေသည့် အချက်သည် အခြားပိုမိုကောင်းမွန်သည့် စီးပွားရေးအခွင့်အလမ်းများ၏ သားကောင် ဘဝသို့ ရောက်ရှိစေခဲ့သည်ဟု အငြိမ်းစား အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဟေတီတွင်ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်တွင် ပုဂ္ဂလိကုမ္ပဏီများက အခြားနိုင်ငံများတွင် စစ်ဆင်ရေးများပြုလုပ်ရန် ကိုလံဘီယာစစ်သားဟောင်းများကို ငှားရမ်းလုပ်ဆောင်သည့် ပုံမှန်ကိစ္စရပ်တစ်ခုကဲ့သို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကိုလံဘီယာအာဏာပိုင်များကမူ ဟေတီသမ္မတအား လုပ်ကြံမှုတွင် ကုမ္ပဏီလေးခု ပါဝင်ပတ်သက်နေသည်ဟု ပြောကြားခဲ့သည်။

လုပ်ကြံမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ကိုလံဘီယာနိုင်ငံသားတစ်ဦးဖြစ်သူ ဖရန်စစ္စကို အီလာဒီယို ယူရိုက်ဘ်၏ ဇနီးဟု ထွက်ဆိုထားသည့် အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ ကုမ္ပဏီတစ်ခုသည် လုပ်ကြံရေးအဖွဲ့ထဲတွင် ပါဝင်ရန် ၎င်း၏ခင်ပွန်းကို ဒေါ်လာ ၂,၇၀၀ ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

ယူရိုက်သည် ၂၀၁၉ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစားယူခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အရပ်သားများကို သတ်ဖြတ်ခဲ့သည့်အရှုပ်တော်ပုံတစ်ခုတွင် ပါဝင်ခဲ့သဖြင့် အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရသူဖြစ်သည်။

ကြေးစားစျေးကွက်ကြီးထွားလာမှု

၂၀၁၁ ခုနှစ်မေလတွင် New York Times သတင်းစာ၏ ဖော်ပြချက်တစ်ခုတွင် ကိုလံဘီယာ စစ်သားဟောင်းများသည် အမေရိကန် ကြေးစားစစ်သားကုမ္ပဏီ Blackwater ၏ ကြေးစားတပ်ဖွဲ့သို့ ပူးပေါင်းရန် အဘူဒါဘီသို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့ပြီး အဘူဒါဘီ၏ အရေးကြီးသည့် အခြေခံအဆောက်အအုံများကို အခကြေးငွေယူပြီး လုံခြုံရေးပေးခဲ့ကြသည်ဟု ဆိုသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင်လည်း ရာနှင့်ချီသည့် ကိုလံဘီယာနိုင်ငံသားများသည် ယူအေအီး၏ တိုက်ရိုက်ငှားရမ်းမှုဖြင့် ယီမင်တွင် ဟူရ်သီသူပုန်များနှင့် တိုက်ခိုက်ခဲ့သည်ဟု ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ဆီးရီးယားတွင် ၂၀၁၉ ခုနှစ်နှောင်းပိုင်းကတည်းက ထောင်နှင့်ချီသည့် တိုက်ခိုက်ရေးသမားများသည် ကြေးစားစစ်သားများအဖြစ် စုဆောင်းခံခဲ့ရပြီး ၎င်းတို့သည် ဆီးရီးယား စစ်ပွဲအတွင်း အဓိကထောက်ပံ့ပေးသည့် ပြည်ပ နှစ်နိုင်ငံဖြစ်သည့် တူရကီနှင့် ရုရှားတို့၏ တိုက်ရိုက်စုဆောင်းမှု သို့မဟုတ် သွယ်ဝိုက်စုဆောင်းမှုဖြင့် စစ်ပွဲအတွင်း ပါဝင်လာခဲ့ကြသည်။

ဆီးရီးယား တရားမျှတရေးနှင့် တာဝန်ခံမှုဆိုင်ရာ စင်တာ (SJAC) နှင့် ဆီးရီးယား အမှန်တရားနှင့် တရားမျှတမှုအဖွဲ့ (STJ) တို့ ပူးပေါင်းလုပ်ဆောင်သည့် လေ့လာချက်တွင် ကြေးစားစစ်သားများ စုဆောင်းမှုဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်မှုများရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကြေးစားစစ်သားအဖြစ် စုဆောင်းခံရသူများသည် စာချုပ်စာတမ်းများချုပ်ဆိုရသည့်အပြင် တစ်လလျှင် ဒေါ်လာ ၃,၀၀၀ ခန့်ရရှိပြီး ၎င်းတို့သေဆုံးသွားပါက ကျန်ရစ်သူမိသားစုအတွက် နစ်နာကြေးမှာ ဒေါ်လာ ၇၅,၀၀၀ ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအတွင်း ကြေးစားစစ်သားစျေးကွက်သည် လျင်မြန်စွာ ကြီးထွားခဲ့သည်ဟု မန်တီလာက ပြောကြားခဲ့သည်။

ယင်းအချိန်တွင် အမေရိကန်သည်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ စစ်သားများနေရာကို အစားထိုးရန် ကြေးစားစစ်သားငှားရမ်းသည့် ပုဂ္ဂလိကကုမ္ပဏီများကို ချိတ်ဆက်ခဲ့သည်။ ယင်းသို့ ကြေးစားစစ်သားများ ငှားရမ်းမှုဖြင့် ထိခိုက်သေဆုံးမှုများတွင် နိုင်ငံရေးအရ တန်ဖိုးကြီးမားစွာပေးဆပ်ရမည် မဟုတ်ဘဲ နိုင်ငံတကာဥပဒေကိုလည်း လက်တစ်လုံးခြား လုပ်နိုင်မည်ဖြစ်သည်။

အကယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်လာပါကလည်း ယင်းဖြစ်ရပ်များအတွက် နိုင်ငံက သို့မဟုတ် ငှားရမ်းထားသည့် ကုမ္ပဏီက တာဝန်ခံရမည်မဟုတ်ဘဲ တရားရေးအရ ကျူးလွန်သူ၏ တာဝန်ခံမှုကသာ ပိုမိုများပြားနေသည်ဟု မန်တီလာက ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ သို့မဟုတ် ဒိန်းမတ် ကုမ္ပဏီများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကြေးစားစစ်သားစျေးကွက်တွင် ကြေးစားစစ်သားအများစုမှ လက်တင်အမေရိက သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဇင်ဘာဘွေ သို့မဟုတ် နီပေါကဲ့သို့ နိုင်ငံများမှဖြစ်သည်။

“ လုံခြုံရေးကုမ္ပဏီလို့ အမည်ခံထားတဲ့ ကြေးစားစစ်သားငှားရမ်းတဲ့ ကုမ္ပဏီတွေဟာ တရားဝင်ပါတယ်။ ဒါပေမယ့် ကြေးစားစစ်သားတွေ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတိုင်းကတော့ တရားဝင်တယ်လို့ သတ်မှတ်လို့ မရပါဘူး” ဟု မန်တီလာက ပြောကြားခဲ့သည်။

Ref : AFP


READ NEXT
Cancel OK