Top News

တိုကျိုအိုလံပစ်ပွဲတော်ကို ခြိမ်းခြောက်နေသည့် အပူချိန်မြင့်မားမှု အန္တရာယ်
24htopnews | January 19, 2025 9:12 PM CST

ပူလောင်မှု၊ရွှဲရွှဲစိုသော စိုထိုင်းမှုနှင့်နှာခေါင်းစည်း တပ်ဆင်မှုများသည်တိုကျို အိုလံပစ်အားကစားပွဲကိုချွေးတစ်ပြိုက်ပြိုက် ကျစေနိုင်သည့် အခြေအနေများ ဖြစ်လာစေပြီး ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်စည်းမျဉ်းများသည် ထိပ်ဆုံးမှဦးစားပေးကိစ္စရပ်များ ဖြစ်နေစဉ် အပူလျှပ်ခြင်းသည် ကြီးမားသောအန္တရာယ်တစ်ခုအဖြစ် ရှိနေသည်ဟုကျွမ်းကျင်သူများက သတိပေးခဲ့သည်။

ကပ်ရောဂါကြောင့်တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို မရွှေ့ဆိုင်းမီ လပေါင်းများစွာအတွင်း ဂျပန်နိုင်ငံ၏မြို့တော်ဖြစ်သည့် တိုကျို၏အလွန်ရက်စက်စွာ ပူပြင်းသောနွေရာသီသည် ပွဲစီစဉ်သူများအတွက် အဓိကကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတစ်ခုဖြစ်ခဲ့သည်။

အေသင်နှင့် ပေကျင်းမြို့တော်အပါအဝင် တိုကျိုထက်ပိုမို ပူပြင်းသော၊ပိုမိုစိုထိုင်းသောနေရာများ၌ အားကစားပြိုင်ပွဲများ ကျင်းပနေသော်လည်း ဂျပန်၏ချွေးတစ်ပြိုက်ပြိုက် ကျစေနိုင်သည့်နွေရာသီသည် အဆင်မပြေမှုများနှင့် တစ်ခါတစ်ရံ သေစေနိုင်သည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်။

ပွဲစီစဉ်သူများသည် အိုလံပစ်မာရသွန်နှင့် လမ်းလျှောက်ပြိုင်ပွဲများကို မြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်းသို့ ပြောင်းရွှေ့ပြုလုပ်ရန်စီစဉ်ခဲ့ပြီး ယင်းကျွန်းတွင် အပူချိန် ၃၇ ဒီဂရီ ဆဲစီးရက်စ်နှင့်စိုထိုင်းဆ ၈၀ ရာခိုင်နှုန်း ကျော်ရှိနိုင်သောကြောင့် ယင်းသို့ပြုလုပ်ခြင်းဖြင့် အပူဒဏ်သက်သာလိမ့်မည်ဟု မျှော်မှန်းထားသည်။

နေပူထဲတွင် အားပေးနေသော လူအုပ်ကြီးအပေါ် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေနှင့်ပတ်သက်၍ ရေရှည်စိုးရိမ်ပူပန်ရန်မလိုအပ်သော်လည်း ဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ်ပူပန်မှုများကြောင့် လက်ရှိအချိန်တွင် အားကစားပြိုင်ပွဲအားလုံးနီးပါး၌ ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။

သို့သော်ယှဉ်ပြိုင်မှုမတိုင်မီမှသာ ဂျပန်သို့ရောက်ရှိခွင့်ပြုထားသောကြောင့် နေသားတကျဖြစ်ရန် အချိန်အနည်းငယ်သာရသော အားကစားသမားများအနေဖြင့်လည်း အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသေးသည်။

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမတိုင်မီ အချိန်တွေမှာတောင် အားကစားပြိုင်ပွဲတွေကို ဇူလိုင်နှင့် သြဂုတ်လတွေမှာ ကျင်းပရတာ အရမ်းစိုးရိမ်ရတဲ့ပြဿနာ တစ်ရပ်ပါ။လမ်းလျှောက်ပြိုင်ပွဲတွေ၊ရေကူး၊စက်ဘီးစီးနဲ့ အပြေးပြိုင်ပွဲတွေအပြင်ကမ်းခြေ ဘော်လီဘောပြိုင်ပွဲတွေလို ပြိုင်ပွဲအများစုမှာ အပူလျှပ်တဲ့အန္တရာယ် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ ဆက်လက်မြင့်တက်နေပါတယ်” ဟု တိုကျိုဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ဥက္ကဌဟာရူအိုအိုဇာကီက သတိပေးခဲ့သည်။

၂၀၁၉ ခုနှစ် နွေရာသီက စမ်းသပ်ပြိုင်ပွဲများတွင် ပွဲစီစဉ်သူများကအပူဒဏ်ကို ကာကွယ်သည့် စီမံချက်များအဖြစ် အားကစားသမားများကို အေးနေစေရန်ရေခဲတန်ချိန် ၁,၃၆၀ ကို အသုံးပြုခြင်း၊နေကာသော ရွက်ဖျင်တဲများ၊ စေတနာ့ဝန်ထမ်းများအတွက် ရေခဲမုန့်များနှင့် ပရိသတ်များအတွက်ရေငွေ့ ပန်ကာများနှင့် နှင်းအတုများကို စီစဉ်လုပ်ဆောင်ပေးခဲ့သည်။

ယင်းကဲ့သို့ဆောင်ရွက်ပေးသည့်တိုင် လူအများအပြားသည် ကမ်းခြေဘော်လီဘော အားကစားပွဲတွင် သံသယဖြစ်ဖွယ်အပူလျှပ်သည့် ဖြစ်စဉ်ကြောင့်ကုသပေးခဲ့ရပြီး လှေလှော်စမ်းသပ်မှုတွင် အားကစားသမားများအပါအဝင် လူ ၁၀ ဦးဖျားနာခဲ့သည်။

သို့သော် တိုကျိုသည် ၎င်း၏မပြင်းထန်သော ရာသီဥတုအခြေအနေကို မြှင့်တင်ပြောဆိုမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒိုဟာမြို့တော်အပါအဝင် ပြိုင်ဘက်များကိုအနိုင်ယူပြီး အိုလံပစ်ပွဲတော်ကို လက်ခံကျင်းပခွင့်ရရှိခဲ့သည်။

သို့သော် တိုကျိုသည် နှစ်ပေါင်းများစွာကြာ ၎င်း၏မွန်းကျပ်သောနွေရာသီနှင့် ပတ်သက်၍အမည်ဆိုးဖြင့် ထင်ရှားသည်။

နောက်ဆုံးအကြိမ် အားကစားပြိုင်ပွဲများ လက်ခံကျင်းပခဲ့သည့် ၁၉၆၄ ခုနှစ်က အပူချိန်ကြောင့် ပြိုင်ပွဲကို အောက်တိုဘာလသို့ ပြောင်းရွှေ့ခဲ့ရသည်။

ရာသီဥတုပြောင်းလဲခြင်းနှင့် ခေတ်ရေစီးကြောင်းအရ ပိုမိုဆိုးရွားလာသောမြို့ပြပုံစံများနှင့်အတူ မကြာသေးမီနှစ်များအတွင်း ပိုမိုပူပြင်းလာသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရေရှည်တည်တံ့သောအားကစားအတွက် ဗြိတိန်အဖွဲ့အစည်း (BASIS) ၏ မေလကုန်တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၂၁ တိုကျိုအိုလံပစ်တွင် အပူချိန်ပြင်းထန်မှု၊စိုစွတ်မှုနှုန်း မြင့်မားမှုသည် အားကစားသမားများကို ခြိမ်းခြောက်နေသည်ဟုသတိပေး ထုတ်ပြန်ခဲ့သည်။

ဗြိတိန်လှေလှော်အားကစားသမား မလစ်ဆာဝီလ်ဆင်က ကမ္ဘာတစ်ဝန်းရှိပြိုင်ပွဲများတွင် အပူချိန်မြင့်မားနေမှုကြောင့် ၎င်း၏အားကစားသည် အန္တရာယ်ဇုန်ကိုရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

“ပန်းဝင်သွားတဲ့ အားကစားသမားတွေကို ကြည့်လိုက်တဲ့အခါ အတော်လေးထိတ်လန့်မိပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ အတော်လုံးပင်ပန်းနွမ်းနယ်နေလို့ လှဲချလိုက်ကြပြီးတော့ ပြန်ထမလာကြတော့ဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ်ကပ်ရောဂါမတိုင်မီက ဂျပန်နိုင်ငံတစ်ဝန်းတွင်လူ ၇၁,၀၀၀ သည် အပူလျှပ်သောကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ရပြီး ဇွန်လမှ စက်တင်ဘာလအတွင်း သေဆုံးသူ ၁၁၈ ဦးရှိသည်။

၂၀၂၀ ခုနှစ်၌ပင်လျှင် အပူလျှပ်သည့် ဝေဒနာခံစားရသူဦးရေ ၆၅,၀၀၀ အောက်ရှိပြီး သေဆုံးသူ ၁၁၂ ဦးရှိသောကြောင့် ၂၀၁၉ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အပူလျှပ်သူဦးရေ လျော့ကျခဲ့သည်။

တိုကျိုမြို့တော်ရှိဆရာဝန်များက ပြိုင်ပွဲအတွင်းအပူလျှပ်မှုအပါအဝင် ကျန်းမာရေး အရေးပေါ်များ ဆောင်ရွက်ထားရှိရန် ပွဲစီစဉ်သူများကို သတိပေးပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် အားကစားသမားများသည် လေ့ကျင့်ချိန်၊ယှဉ်ပြိုင်နေချိန်၊အစာ စားချိန်၊ရေသောက်ချိန်၊အိပ်ချိန် သို့မဟုတ် အင်တာဗျူးပြုလုပ်ချိန်များမှလွဲ၍ အချိန်တိုင်း နှာခေါင်းစည်းတပ်ဆင်ထားကြရန် စည်းမျဉ်းများအပါအဝင် ကပ်ရောဂါသည် လုပ်ငန်းဆောင်တာများကို ရှုပ်ထွေးစေသည်။

တိုကျို ၂၀၂၀ တာဝန်ရှိသူတစ်ဦးက အပူလျှပ်သည့်ဖြစ်စဉ်အပါအဝင် အခြေအနေပေါ်မူတည်၍ စည်းမျဉ်းများကို ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ထိုအခြေအနေမျိုး၌ပြင်ပတွင်တစ်ဦးနှင့်တစ်ဦး နှစ်မီတာခွာ၍ နေထိုင်လျှင် နှာခေါင်းစည်းတပ်ဆင်ရန် ကင်းလွတ်ခွင့်ပေးသွားမည်ဟုဆိုသည်။

ပူပြင်းသော ရာသီ၌နှာခေါင်းစည်း တပ်ဆင်ခြင်းသည်လူများကို နာမကျန်းဖြစ်စေနိုင်ပြီး အပူလျှပ်ခြင်း မဖြစ်သည့်တိုင် အသက်ရှူခက်ခဲစေနိုင်သည်ဟု ဂျပန်အနောက်ပိုင်း အလုပ်အကိုင်နှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခရှိုကို ကာဝါနာမီက ပြောကြားခဲ့သည်။

“ပွဲကြည့်ပရိသတ်တွေနဲ့ လုပ်အားပေးတွေအနေနဲ့ သက်တောင့်သက်သာမရှိဘူးလို့ ခံစားရတယ်ဆိုရင် နှာခေါင်းစည်းတွေကို ချွတ်လိုက်ဖို့အရေးကြီးပြီး ဒီလိုနှာခေါင်းစည်းချွတ်လိုက်မယ်ဆိုရင် လူအုပ်ကြီးထဲကနေ ခပ်ခွာခွာရှိနေဖို့ လိုအပ်ပါတယ်” ဟု ကာဝါနာမီက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းများ ပုံမှန်တိုက်ခတ်လေ့ရှိသည့် ဂျပန်တွင် ကပ်ရောဂါကြောင့် သဘာဝဘေးအန္တရာယ်များကို ပစ်ပယ်မထားသင့်ဘဲ ပြိုင်ပွဲများအတွက် သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

ဂျပန်၏ မိုးလေဝသအေဂျင်စီက ယခုနှစ်ဇူလိုင်နှင့် သြဂုတ်လအတွင်း တိုကျိုမြို့တော်သည် ပျမ်းမျှထက် ပိုမိုပူပြင်းလိမ့်မည်ဟု ခန့်မှန်းထားကြပြီး အပူချိန်အနည်းငယ် မြင့်တက်လျှင်ပင် အိုလံပစ်အားကစားပြိုင်ပွဲကို ဘေးကင်းလုံခြုံစွာ ပြုလုပ်နိုင်ခြင်း ရှိ၊မရှိ အပေါ် အဓိကသက်ရောက်မှုရှိလာစေလိမ့်မည်ဟု ဗြိတိန် Triathlon ဖက်ဒရေးရှင်း၏ နည်းပြချုပ် ဘန်ဘရိုက်က BASIS ကိုပြောကြားခဲ့သည်။

“အန္တရာယ်ကို ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။


READ NEXT
Cancel OK