Top News

အံချော်သွားနိုင်သည့် အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink)
24htopnews | January 19, 2025 8:12 PM CST

မိမိတို့ တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ သို့မဟုတ် နိုင်ငံသားများ အနေဖြင့် ရှေးခေတ်ကာလ ကတည်းကပင် ဘိုးဘွားအစဉ်အဆက် အမြတ်တနိုးတန်ဖိုးထားရှိခဲ့ကြပြီး ယဉ်ကျေးမှုအစဉ်အလာများအရ တာဝန်ကိုကျေပွန်ရန်အတွက်ဆိုပါလျှင် ဦးဆွေးဆံမြည့် ၎င်းတို့၏ အသက်ကိုပင် ပဓာနမထားဘဲ အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက်၊ ထိန်းသိမ်းလိုက်နာခဲ့ကြသည့် ဂတိတည်ခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုစသည် ကောင်းမြတ်သော ဓလေ့ထုံးစံများသည် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကျင့်သုံး အကောင်အထည် ဖော်ခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိခဲ့သော ဥပဒေအချို့ကြောင့် ပျက်စီးဆုံးရှုံးစေခဲ့ရပါသည်။

အထက်ဖော်ပြပါ ဥပဒေများသည် ယနေ့အချိန်အခါတွင် မတည်ရှိ၊ အသက်မဝင်တော့သော်လည်း အဆိုပါဥပဒေများကြောင့် ပျက်စီးဆုံးရှုံးသွားရသည်များကို ယနေ့ထက်တိုင် ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်သည့် အရိပ်အယောင်များ မတွေ့ရှိရသေးပါ။ ထိုကဲ့သို့ ပြည်သူပြည်သားများ၏ စိတ်ဓာတ်ရေးရာများ ပျက်စီးသွားခြင်းကို အချိန်မီမပြောင်းလဲနိုင်၊ မပြင်ဆင်နိုင်၊ ကောင်းမွန်သည့်အလေ့အကျင့်များဖြင့် အစားမထိုးနိုင်ပါက လူ့အဖွဲ့အစည်းသည် လူ့ဂုဏ်သိက္ခာမဲ့စွာ အရှက်မရှိ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ယဉ်ကျေးမှုများသာ ထွန်းကားနေစေပြီး တိရစ္ဆာန်အုပ်စုကြီးများကဲ့သို့ ဖြစ်နေစေပါမည်။

တိုင်းပြည်နိုင်ငံတော်ရှိ နိုင်ငံရေး Institutions ၊ အုပ်ချုပ်ရေး Institutions ၊ စီးပွားရေး Institutions တို့တွင် အသင်းအဖွဲ့စိတ်ဓာတ် (Team Spirit) ဖြစ်ပေါ်လာစေရန် တည်ဆောက်နိုင်ခြင်းမရှိဘဲ အုပ်စု (Group) အဆင့်တွင်သာ ရပ်တည်နေပါလျှင် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအတွက် အန္တရာယ်ကြီးလှပါသည်။ အံချော်သွားနိုင်သည့် အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) များ ဖြစ်ပေါ်လာစေပြီး တိုင်းပြည်နိုင်ငံတော်ကို ဖျက်ဆီးစေသည့်အပြင် ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်များကိုလည်း ဆုံးရှုံးစေပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းပြည်နိုင်ငံတော်ကို တာဝန်ယူကြသည့် လူပုဂ္ဂိုလ်ကြီးများ၊ အဖွဲ့အစည်းများအနေဖြင့် အံချော်သွားနိုင်သည့် အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) ၏ သဘောတရားများနှင့် သီအိုရီများကို အလွယ်တကူ သိမြင်နိုင်ကြစေရန်နှင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် ဖော်ပြပါသဘောတရားများနှင့် သီအိုရီများကို စနစ်တကျ လေ့လာဆန်းစစ်ရန် ပျက်ကွက်မှုများကြောင့် မည်ကဲ့သို့ ကျဆုံးခြင်းများ ဖြစ်ပေါ်နေရသည်များကို သင်ခန်းစာများ ရရှိစေပြီး အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်စေရန် ဖြစ်ပါသည်။

ပထမဦးစွာ အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) ၏ သဘောတရားများနှင့် သီအိုရီများကို စတင်ဆွေးနွေးတင်ပြပါမည်။ အဓိပ္ပာယ်များကို ရှင်းလင်းတင်ပြရာတွင် စာရေးသူအနေဖြင့် အကဲဒမစ် (Academic) ပညာရှင်ဆန်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အသုံးမပြုဘဲ သာမန်စာဖတ်သူ၊ လူအများ အလွယ်တကူ သိမြင်၊ နားလည်စေနိုင်မည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ အသုံးပြုပါမည်။ အကယ်၍ အသေးစိတ် လေ့လာလိုသည့် စာဖတ်သူတို့အနေဖြင့် ရည်ညွှန်း (Reference) စာစောင်၊ စာအုပ်များကိုသာ လေ့လာကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) ၏ အဓိပ္ပာယ်ဖော်ပြထားချက်ကို အင်တာနက် (Internet) စာမျက်နှာများတွင် ဖော်ပြထားသည်မှာ (Groupthink - The practice of thinking or making decisions as a group, resulting typically in unchallenged, poor-quality decision-making.) (Source: :Internet) ဖြစ်ပါသည်။

အကြမ်းအားဖြင့် ဘာသာပြန်ဆိုရမည်ဆိုပါက အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) ဆိုသည်မှာ စဉ်းစားတွေးခေါ်သည့် အလေ့အထများ သို့မဟုတ် အုပ်စုကိုယ်စားပြု ဆုံးဖြတ်ချက် ချမှတ်ခြင်းများသည် ပြုလုပ်နေကျ ထုံးစံအတိုင်း စနစ်တကျ၊ အပြန်အလှန်ဆွေးနွေးသုံးသပ်ခြင်း မပြုလုပ်ဘဲ အဖြေထုတ်ယူခြင်းနှင့် အရည်အသွေး ညံ့ဖျင်းသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းတို့ ဖြစ်ပါသည်။ အကျဉ်းချုပ်အားဖြင့် ဖော်ပြရပါလျှင် (Janis defines groupthink as a consensus-seeking tendency) (Reference: 1,pp-245) အုပ်စုဖွဲ့ တွေးမြင်ချက်ဆိုသည်မှာအုပ်စုကို ချုပ်ကိုင်လွှမ်းမိုးနေသူက သူဖြစ်စေလိုသည့်ဆန္ဒအတွက် အများဆန္ဒဖြင့် အများသဘောတူ ဆုံးဖြတ်ချက်ချမှတ်ခြင်းအဖြစ် ထင်မြင်မှတ်ယူစေရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။

အုပ်စုဖွဲ့တွေးမြင်ချက် သီအိုရီအရ လေ့လာဆန်းစစ်ခြင်းကိုပုံတွင် ဖော်ပြထားပါသည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အတွက် မြန်မာဘာသာဖြင့်  အကြမ်းဘာသာပြန်ဆိုထားပါသည်။ ပုံတွင်တင်ပြထားသည့် သီအိုရီနှင့် သဘောတရား အပြည့်အစုံကို ယခုဆောင်းပါးအဆင့်ဖြင့် ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါ။ စာရေးသူအနေဖြင့် သဘောတရားနှင့် သီအိုရီကို လေ့လာဆန်းစစ်သည့် အခြေခံဖြင့် အကျဉ်းချုပ်ကို တင်ပြပါမည်။

အကြမ်းအားဖြင့် အကြောင်းနှင့် အကျိုးဖြစ်စဉ်ကို လေ့လာသည့် အချက်များအရ အကျိုးရလဒ်ထွက် ပေါ်လာစေသည့် အကြောင်းရင်းများကို ရှာဖွေစိစစ်ရာတွင် အခြေခံဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ ရေရှည်ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများ၊ လတ်တလော ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ စသည်တို့ကို လေ့လာရှာဖွေ ဖော်ထုတ်ကြရပါသည်။ ယခုအုပ်စုဖွဲ့ တွေးမြင်ချက် သီအိုရီတွင် ရှေ့ပြေးသာဓက အခြေအနေများသည် အကြောင်းရင်းများဖြစ်ကြပြီး A သည် အခြေခံ အကြောင်းရင်းအဖြစ်လည်းကောင်း၊ B-1 သည် ရေရှည်အကြောင်းရင်းအဖြစ်လည်းကောင်း၊ B-2 သည် လတ်တလော အကြောင်းရင်းအဖြစ်လည်ကောင်း မှတ်ယူနိုင်ပါသည်။

အကျိုးဖြစ်စဉ်များကိုမူ ထင်ရှားသိမြင်နိုင်သော အကျိုးဆက်များအဖြစ် ကျယ်ပြန့်စွာ လေ့လာဆန်းစစ်ထားသည်ကို တွေ့ရှိရပါသည်။ အုပ်စုဖွဲ့တွေးမြင်ချက်၏ ဆိုးရွားသည့် လက္ခဏာရပ်များနှင့် မပြည့်စုံ၊ ညံ့ဖျင်းချွတ်ယွင်းသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်း၏ လက္ခဏာရပ်များကို အသေးစိတ် ဖော်ပြထားသည့်အချက်မှာ အုပ်စုဖွဲ့တွေးမြင်ချက်၏ သဘောတရားနှင့် သီအိုရီတို့အရ နောက်ဆုံးရလဒ် ထွက်ပေါ်လာခြင်း မရှိမီကပင် (လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် အချိန်ကာလကတည်းကပင်) အောင်မြင်ရန်ခက်ခဲပြီး မအောင်မြင်နိုင်၊ မဖြစ်နိုင်သည့် အခြေအနေကို ရည်ညွှန်းလျက်ရှိနေပါသည်။ နောက်ဆုံးအနေဖြင့် အောင်မြင်မည့်ရလဒ် ရရှိနိုင်ခြေ သို့မဟုတ် ဖြစ်နိုင်ခြေ နည်းပါးသည့် ရလဒ်များသာ ရရှိနိုင်မည်ဖြစ်ပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြင့် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့သာ နစ်နာစေမည်ဖြစ်ပါသည်။

ဒုတိယအနေဖြင့် အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) ၏ အရေးကြီးပုံကို တင်ပြပါမည်။ လူသတ္တဝါတို့သည် သဘာဝနိယာမများကို ရှာဖွေထုတ်ဖော်အသုံးပြုကြရာတွင် အကြောင်းနှင့်အကျိုးကို အခြေခံကာ သဘောတရားများ၊ သီအိုရီများကို တီထွင်ထုတ်ဖော်ပြီး လူသားတို့၏ ကောင်းကျိုးချမ်းသာကို ရရှိနိုင်စေရန်အတွက် ဆောင်ရန်ရှောင်ရန်အချက်များကို သတ်မှတ်၊ ချမှတ် ပြဋ္ဌာန်းလေ့ရှိကြပါသည်။ လူသားထုတစ်ရပ်လုံးအား ဒုက္ခပေးမည့် တစ်နည်းအားဖြင့် လူတို့အား ဆိုးကျိုးကို ဖြစ်ထွန်းစေသည့်အချက်များကို အကြိမ်ကြိမ် ထပ်ကာထပ်ကာ အမှားကျူးလွန်ခြင်း မရှိနိုင်စေရန်နှင့် သင်ခန်းစာများ ရယူနိုင်ကြစေရန် ကိုယ်ပိုင်အကျိုးစီးပွားကို မမျှော်ကိုးသည့် “လူမိုက်ကြီးများ” က လေ့လာဖော်ထုတ် တင်ပြကြပါသည်။ စာရေးသူအနေဖြင့် “လူမိုက်ကြီးများ” ဆိုသည့် စကားလုံးသုံးစွဲရခြင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။

ယနေ့ မိမိတို့တိုင်းပြည် နိုင်ငံတော်၏ အခြေအနေအရ ကိုယ်ကျိုးကို အခြေမခံလျှင် လူမိုက်ကြီးများဟု သတ်မှတ်မည်ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများအနေဖြင့်မူ “ပညာရှိကြီးများ” အဖြစ် သတ်မှတ်နိုင်ပါသည်။ ယခုဖော်ပြချက်ကို လေ့လာလျှင်ပင် မိမိတို့ လူ့အဖွဲ့အစည်း၏ အခြေအနေသည် မည်ကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်ပေါ်နေသည်ကို မှန်းဆနိုင်ပါသည်။

အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) သည် အောင်မြင်သော ရလဒ်ရရှိနိုင်ခြေ နည်းပါးခြင်း ဖြစ်ပေါ်စေသည်ကို သီအိုရီတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း မည်သည့်အခြေအနေတွင် အသုံးပြုရန် သင့်တော်ပါသလဲ ဆိုသော မေးခွန်းအတွက်အဖြေကို တိုက်ရိုက်တင်ပြပါမည်။

“There are also many routine occasions when a groupthink mode is actually helpful because it makes for a speedy and amicable consensus on issues of minor importance.” (Reference: 1, pp-242). တိုက်ရိုက်ဘာသာပြန်ဆိုခြင်းမပြုဘဲ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရမည်ဆိုပါက “အုပ်စုဖွဲ့တွေးမြင်ချက်သည် သာမန်ပုံမှန် ပြုလုပ်နေကျ ဆောင်ရွက်ရသည့် လုပ်ငန်းများရှိ ချစ်ကြည်ခင်မင်မှု မပျက်စေဘဲ အလျင်အမြန် အများသဘောတူညီချက်ပြုလုပ်နိုင်မည့် အရေးမကြီးသည့် ပြဿနာကလေးများကို ဖြေရှင်းဆောင်ရွက်ရာတွင်မူ အမှန်တကယ်အထောက်အကူ ဖြစ်စေသည့် သဘောတရားတစ်ရပ်ဖြစ်ပါသည်။”

တတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် အသုံးပြုခဲ့ကြသဖြင့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လျက်ရှိပုံကို တင်ပြပါမည်။ ယခုတင်ပြချက်သည် စာရေးသူတစ်ဦးတည်း၏ လေ့လာ၊ သိမြင်၊ တွေ့ရှိ၊ ခံစားချက် ဖြစ်ပါသည်။ တိုင်းပြည်နိုင်ငံတော် အဆင့်လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အဖြစ် ကျင့်သုံးအကောင်အထည်ဖော်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေပုဒ်မ  (၁၄) သည် ယနေ့ထက်တိုင် မိမိတို့တိုင်းပြည်နိုင်ငံရှိ လူ့အဖွဲ့အစည်းအပေါ်တွင် ဆိုးရွားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလျက်ရှိပြီး ဒုက္ခပေးလျက်ရှိနေပါသည်။အဆိုပါအချက်ကိုသိမြင်ပြီး ပြောင်းလဲ သို့မဟုတ် ပြုပြင် သို့မဟုတ် အစားထိုးမည့် တာဝန်ရှိသူများကို အရိပ်အယောင်မျှပင် တွေ့မြင်ရခြင်းမရှိသေးပါ။

အထက်ဖော်ပြပါ အခြေခံဥပဒေပုဒ်မ (၁၄) သည် မူလရည်ရွယ်ချက်အနေဖြင့် အာဏာကိုအလွဲသုံးစား မပြုနိုင်စေရန်နှင့် အာဏာရှင်စနစ် မဖြစ်ပေါ်လာစေရန်အတွက် ထိန်းချုပ်သည့်အနေဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသော်လည်း စာဖတ်သူတို့ တွေ့ကြုံ၊ သိမြင်၊ ခံစားရသည့်အတိုင်း အာဏာရှင်စနစ်နှင့် အာဏာအလွဲသုံးစားပြုမှုများကိုလည်း မထိန်းချုပ်နိုင်သည့်အပြင် မိမိတို့၏ ဘိုး၊ ဘွား၊ ဘေးတို့၏ အမွေအနှစ်ဖြစ်သည့် အသက်တမျှ တန်ဖိုးထားရှိခဲ့ကြသော ကတိတည်ခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုစသည် ကောင်းမြတ်သော ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုပါ ဖျက်ဆီး၊ ပျက်စီးစေခဲ့ပါသည်။

အခြေခံဥပဒေပုဒ်မ (၁၄) ပြဋ္ဌာန်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆရာကြီးဦးမြဝင်း၏ တင်ပြထားချက်ကို တိုက်ရိုက်တင်ပြပါသည်။ “တစ်ပါတီစနစ်ကို ကျင့်သုံးသည့်အတွက် အာဏာကို အလွဲမသုံးနိုင်စေရန် ထိန်းချုပ်မှုများလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။ အခြေခံဥပဒေပုဒ်မ (၁၄) အရ နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်သည် အချင်းချင်း အပြန်အလှန် အစီရင်ခံခြင်း၊ ဆန္ဒပေးခြင်း၊ ဆန္ဒယူခြင်း၊ ဆန္ဒသဘောထားကို အလေးဂရုပြုခြင်း၊ စုပေါင်းဦးဆောင်ခြင်း၊ စုပေါင်းဆုံးဖြတ်ခြင်း၊ စုပေါင်းဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာဆောင်ရွက်ခြင်း၊ အောက်အဖွဲ့အစည်း၏ တင်ပြချက်ကို အထက်အဖွဲ့အစည်းက အလေးဂရုပြုခြင်းတို့ ပါဝင်သော ဆိုရှယ်လစ် ဒီမိုကရေစီကျင့်စဉ်နှင့် အညီဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤပုဒ်မမှာ ဒီမိုကရေစီကျင့်စဉ်နှင့် ဗဟိုဦးစီးစနစ်ကို အချိုးကျစွာ ပေါင်းစပ်ကျင့်သုံးထားခြင်းဖြစ်သည်။” (Reference:2, pp-46-47). စာဖတ်သူတို့ အနေဖြင့် အုပ်စုဖွဲ့တွေးမြင်ချက် သီအိုရီ၊ သဘောတရားတို့ဖြင့် ဆက်စပ်စဉ်းစားပြီး အဖြေထုတ်ယူကြရန် အကြံပြုပါသည်။

ယနေ့အချိန်အခါတွင် အထက်ဖော်ပြပါ အခြေခံဥပဒေပုဒ်မမှာ တည်ဆဲဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းထားရှိခြင်း မရှိတော့သော်လည်း ရာထူးကြီးများကို ရယူထားကြသူများမှာ ကျေနပ်၊ နှစ်ခြိုက်စွာ အသုံးပြုနေကြဆဲဖြစ်ပါသည်။ အစည်းအဝေးကြီးများပြုလုပ်ကာ စုပေါင်းဆုံးဖြတ်ချက်အဖြစ် သတ်မှတ်ထားရှိပြီး အပြည့်အဝ တိုက်ရိုက်တာဝန်ခံရန်၊ တာဝန်ယူရန် မလိုအပ်သဖြင့် ကိစ္စကြီးငယ်ပေါ်ပေါက်ခဲ့ပါက လက်အောက်ငယ်သားများအား ဟိုလူအပြစ်တင်၊ ဒီလူအပြစ်တင်၊ ဟိုလူထိုးချ၊ ဒီလူထိုးချ ပြုလုပ်နိုင်သဖြင့် ရာထူးကို ရယူထားသော်လည်း တာဝန်ခံမှု၊ တာဝန်ယူမှုမရှိသည့် တာဝန်ရှိသူ လူကြီးမင်းများမှာ အကြိုက်တွေ့လျက်ရှိ နေပါသည်။ စာဖတ်သူများအနေဖြင့် လေ့လာရန် ဥပမာမြောက်မြားစွာ တည်ရှိနေပါသည်။ သီးခြားရည်ညွှန်း၊ သက်သေပြခြင်းမပြုတော့ပါ။

စာရေးသူအနေဖြင့် စာဖတ်သူများအား သိမြင်၊ နားလည်၊ လက်ခံ သတိပြုမိစေရန်အတွက် လေ့လာစမ်းသပ်နိုင်ရန် အကြံပြုလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံ၏ ဗျူရိုကရေစီယန္တရားတွင် တာဝန်ယူဆောင် ရွက်လျက်ရှိကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ၎င်းတို့နှင့်တိုက်ရိုက် သက်ဆိုင်လျက်ရှိသည့် ကိစ္စရပ်တစ်ခုကို ရည်ညွှန်းကာ “ဒီကိစ္စရပ်အတွက် ဆရာကြီး၊ ဆရာမကြီး တာဝန်ယူနိုင်ပါသလား” ဆိုသော မေးခွန်းကို မေးကြည့်ပါက “တီကောင်ကို ဆားနှင့်တို့ထားသကဲ့သို့” ပြုမူနေကြမည့် ဆရာကြီး၊ ဆရာမကြီး အရေအတွက်နှင့် “ဒီကိစ္စရပ်အတွက် ကျွန်တော်၊ ကျွန်မတာဝန်ယူတယ်။ ကျွန်တော်၊ ကျွန်မ၏ရာထူး၊ အသက်နဲ့လဲပြီး တာဝန်ယူအာမခံပါတယ်” ဟု ပြောကြားမည့် ဆရာကြီး၊ ဆရာမကြီးများ အရေအတွက်ကို နှိုင်းယှဉ်ကြည့်စေလိုပါသည်။

စာရေးသူ လေ့လာသင်ယူခဲ့ရသည် စာရင်းအင်းပညာဘာသာရပ်ရှုထောင့်မှ တင်ပြရပါလျင် ဗျူရိုကရေစီယန္တရားတွင် တာဝန်ခံမှု၊ တာဝန်ယူမှု မရှိသမျှ ကာလပတ်လုံး တိုင်းပြည်နိုင်ငံတော်နှင့် ပတ်သက်သည့် အခြေခံကိန်းဂဏန်းအချက်အလက်များ (Data)၊ သတင်းအချက်အလက်များ (Information)၊ စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ (Statistics) များသည် မည်သို့မျှ အမှန်ကန်ဆုံး၊ အနီးစပ်ဆုံးကို ရရှိနိုင်စေမည် မဟုတ်သည့်အပြင် တိုင်းပြည်နိုင်ငံတော်၏ အရေးကိစ္စကြီးငယ်များကို ဆုံးဖြတ်ချက်ချမှတ်ရာတွင် အသုံးပြုရန် မဖြစ်နိုင်သည့် အလိမ်၊ အညာ သတင်းအချက်အလက်များသာ တည်ရှိဖြစ်ပေါ်နေပါလိမ့်မည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းပြည်နိုင်ငံတော်ကို တာဝန်ယူကြသည့် လူပုဂ္ဂိုလ်ကြီးများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအနေဖြင့် အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) သီအိုရီနှင့် သဘောတရားများကို သိမြင်၊ နားလည်စေရန် ကြိုးပမ်းအားထုတ်ကြပြီး တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်အကောင်အထည် ဖော်ကြရာတွင် ယခင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခဲ့သည့် အခြေခံဥပဒေ ပုဒ်မ (၁၄) ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်သကဲ့သို့ ရည်ရွယ်ချက်နှင့် အမှန်တကယ်ဖြစ်ပေါ်လာသည့် အခြေအနေများကို သင်ခန်းစာများ ဖော်ထုတ်ရယူကာ ကတိတည်ကြည်ပြီး တာဝန်ခံမှုနှင့် တာဝန်ယူမှုကို လေးစားမြတ်နိုး တန်ဖိုးထားရှိသည့် ယဉ်ကျေးမှုထွန်း ကားလာစေရေးကို ရှေးရှုလျက် တိုင်းပြည်နိုင်ငံတော်၏ အကျိုးနှင့် ပြည်သူပြည်သားများ၏ အကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်းရေးသားတင်ပြအပ်ပါသည်။

References: 1. Janis, I. (1991), “Groupthink”, In E. Griffin (Ed) A First Look at Communication Theory (pp-235-246). New York: McGrawHill.

2. မြဝင်း (၁၉၉၂), “တပ်မတော်၏ အမျိုးသားနိုင်ငံရေး အစဉ်အလာ” သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။


READ NEXT
Cancel OK