Top News

COVID-19 ကူးစက်မှု အရှိန်မြင့်လာခြင်းကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါသစ်ပမာဏ တစ်ဟုန်ထိုးကျဆင်းခဲ့သည့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ
24htopnews | January 19, 2025 8:12 PM CST

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်ရေးကဏ္ဍတွင် ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုများကြောင့် လုပ်ငန်းများနှင့် စက်ရုံများ ပိတ်လာခဲ့ရပြီး အလုပ်သမားများ မိမိတို့ဇာတိဒေသများသို့ ပြန်သွားနေရသည်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ဝယ်ယူမှုများ၊ အလုပ်နေရာများနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများ အားလုံးသည် ပိုမြန်သည့်နှုန်းများဖြင့် ကျဆင်းခဲ့ပြီး ကျဆင်းမှုများမှာ စစ်တမ်းသမိုင်းတွင် အများဆုံးဖြစ်လာကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်လအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း)အရ သိရသည်။

ဇူလိုင်ဒေတာက မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ လုပ်ကိုင်မှုအခြေအနေ အထင်အရှား ကျဆင်းမှုကို ဖော်ပြနေသည်။

လာမည့် ၁၂ လအတွင်းတိုးပြီး ထုတ်လုပ်လာနိုင်မည်ဟု ကုမ္ပဏီများက ယုံကြည်မြဲ ယုံကြည်နေကြသော်လည်း အကောင်းမြင်မှု အဆင့်အတန်းမှာ စစ်တမ်း၏ရေရှည်ပျမ်းမျှနှင့်စာလျှင် သိသာစွာနိမ့်ကျနေဆဲဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်များ၏ ငွေကြေးဖောင်းပွမှုမှာ ဇွန်လတွင် မြင်ခဲ့ရသည်ထက် သိသိသာသာ လျော့နည်းသွားသည့်တိုင်အောင် အားကောင်းခဲ့သည်။ ကုန်ကြမ်းရှားပါးမှုများနှင့် ငွေလဲနှုန်းစျေး ကစားမှုအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ထင်ရှားနေရာ စျေးမြှင့်ရောင်းချခြင်းဖြင့် စျေးဝယ်များထံသို့ လွှဲချခဲ့ကြသည်။

ထုတ်လုပ်မှုလုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏာန်းဖြစ်သော အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဇွန်လ၏ ၄၁ ဒသမ ၅ မှ ဇူလိုင်တွင် ၃၃ ဒသမ ၅ သို့ ထိုးကျသွားခြင်းမှာ လုပ်ငန်းအခြေအနေများ ဆယ့်တစ်လဆက်တိုက်ကျဆင်းမှုကို ညွှန်ပြနေသည်။ ထို့ပြင် ကျဆင်းမှုနှုန်းမှာမူ သုံးလအတွင်း စံချိန်တင်ဖြစ်လာပြီး စစ်တမ်းစတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး အနက်ရှိုင်းဆုံးတစ်ခုဖြစ်သည်။

“ဒီအတောအတွင်း ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ မေလနဲ့ ဇွန်လရဲ့ အမြင့်ဆုံးအနေအထားမှ သိသာစွာ ကျဆင်းသွားသော်လည်း စရိတ်စကများ၏ ပြင်းထန်တဲ့ ဝန်ထုပ်ဝန်ပိုးမှာမူ ဇူလိုင်လတွင် ဆက်ရှိနေခဲ့ပါတယ်။ ကျပ်ငွေ-ဒေါ်လာ လဲလှယ်မှုတန်ဖိုး အကျဘက် ဦးတည်ရွေ့လျားနေခြင်းနဲ့ ငွေသားပြတ်တောက်မှုများက အကြီးမားဆုံး အန္တရာယ်များ ဖြစ်ပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

အဆိုပါ စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့က မကြာခဏဆိုသလို ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာခြင်းကြောင့် စက်ရုံများနှင့် လုပ်ငန်းများ ပိတ်လာရနေကြောင်း အစီရင်ခံကြသည်။ သို့ဖြစ်သောကြောင့် ထုတ်လုပ်မှုမှာ မတ်လမှစပြီးအရှိန်ဖြင့် ကျဆင်းလာခဲ့ကာ လက်ရှိကျဆင်းမှုအစဉ်ကို ၁၁ လဆက်တိုက်သို့ ဆွဲဆန့်ပေးလိုက်သည်ဟု ဆိုကြသည်။

“၂၀၂၁ ခုနှစ်၏ ဒုတိယနှစ်ဝက်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု ကဏ္ဍထဲက လုပ်ကိုင်မှုအခြေအနေများ တစ်ဟုန်ထိုးကျဆင်းမှုနဲ့ စတင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများက နိုင်ငံရေးအခြေအနေများကြောင့် ရင်ဆိုင်ခဲ့ရသော ပြင်းထန်သည့် ကျရှုံးမှုများနောက်ပိုင်း ခြေကုပ်အချို့ကို ပြန်လည်ရယူနိုင်ရုံသာရှိသေးချိန်မှာ ကျဆင်းမှုနယ်ပယ်ထဲသို့ ထိုးချပစ်လိုက်တယ်။ နောက်ဆုံးစစ်တမ်းလအတွင်းမှာ စက်ရုံများနဲ့ လုပ်ငန်းများ ပိတ်နေရခြင်းနဲ့ အလုပ်သမားတွေ မိမိတို့ဇာတိနေရပ်တွေကို ပြန်သွားနေရခြင်းမှာ အားလုံးကထောက်ပြနေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုများ နိမ့်ကျလာခြင်းနဲ့ မရေရာတဲ့အနာဂတ်ကြောင့် ကုမ္ပဏီတွေဟာ လက်ကျန်စာရင်းများတိုးဖို့ကို လက်တွန့်လာကြတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းတွင် ဖောက်သည်များဘက်မှ ဝယ်လိုအားမှာ သုံးလပတ်အစတွင် ဆက်အားပျော့နေခဲ့ပြီး အော်ဒါသစ်ပမာဏမှာ သိသာစွာကျဆင်းသွားခဲ့သည်။ဖြေကြားသူတို့က မကြာခဏဆိုသလို ဇူလိုင်လတွင် လုပ်ငန်းများ ပိတ်လာရခြင်းနှင့် ငွေသားပြတ်တောက်မှုများကို ပူးတွဲလျက် ညွှန်ပြခဲ့ကြသည်။

ဇူလိုင်လတွင် ဝယ်လိုအားပျော့လာခဲ့သော်လည်း လက်ကျန်အလုပ်များမှာ ကိုးလဆက်တိုက် တိုးလာခဲ့သည်။ လက်ကျန်အလုပ်များ စုစည်းလာမှုနှုန်းမှာ အားကောင်းခဲ့ပြီး စစ်တမ်းထဲတွင် လက်ရှိအချိန်အထိ ဒုတိယအများဆုံးဖြစ်သည်။

ထုတ်လုပ်မှုတောင်းဆိုမှု ကျဆင်းလာခြင်း၊ စျေးနှုန်းများ မြင့်တက်လာခြင်းနှင့် စက်ရုံများ ပိတ်လာရခြင်းတို့ကြောင့် ဝယ်ယူရေးလုပ်ငန်းများ အရှိန်ဖြင့် တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သည်။

ထို့ပြင် သိုလှောင်ထားသည့် ကုန်စည်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ရန် အားထုတ်လုပ်မှုများအကြားတွင် ယခုလအတွင်း ထုတ်လုပ်မှုအပြီးနှင့် အကြိုကုန်စည်များ၏ လက်ကျန်စာရင်းများပါ ကျဆင်းသွားခဲ့သည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်းရှားပါးမှုများနှင့် ဒေါ်လာလဲလှယ်နှုန်းများ ဆိုးရွားလာမှုက ကုန်ကျစရိတ်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုကို သိသိသာသာ မြင့်တက်လာစေခဲ့သည်။

မြင့်တက်မှုနှုန်းမှာ မေလနှင့် ဇွန်လ၏ မကြာမီက အမြင့်ဆုံးနှင့်စာလျှင် သိသာစွာ အားပျော့လာခဲ့သော်လည်း ရေရှည်ပျမ်းမျှထက်များစွာ မြင့်လျက်ရှိနေဆဲဖြစ်သည်။ ကုမ္ပဏီများက ၎င်းတို့၏အမြတ်အစွန်းကို  ကာကွယ်သည့်အနေဖြင့် ရောင်းစျေးများကို မြှင့်ပေးခဲ့ကြကြောင်း မကြာခဏ ညွှန်ပြကြသည်။

လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်မှုမှာ အပြုသဘောနယ်ပယ်တွင် ရှိမြဲရှိနေပြီး လုပ်ငန်းများတိုးချဲ့ရေး စီမံကိန်းများရှိနေ၍ ဇွန်လတွင် မြင်ခဲ့ရသည်ထက် ဒသမဂဏာန်းမျှ ပိုကောင်းလာခဲ့သည်။ သို့သော်လည်း စစ်တမ်းသမိုင်း၏ ပျမ်းမျှနှင့်ယှဉ်ကြည့်လျှင် အကောင်းမြင်မှုအဆင့်မှာ အားနည်းနေသည်ဟု ဖော်ပြထားသည်။

မည်သို့ပင် ဆိုစေကာမူ ကိုဗစ်- ၁၉ ကူးစက်မှုက မြန်မာနိုင်ငံ၏ စီးပွားရေးကို ထပ်မံလှုပ်ခါပြလိုက်ခြင်းဖြစ်ပြီး နောက်ဆုံးကူးစက်မှုအရှိန်မြင့်လာမှုမှာ ယခုအကျပ်အတည်းတစ်ခုလုံးအတွင်း အပြင်းထန်ဆုံး ဖြစ်နေသည်။ နိုင်ငံရေးဖြစ်စဉ်များနှင့် ကိုဗစ်-၁၉ တို့ကြောင့် နောက်ထပ်စိန်ခေါ်မှုကာလကို ဖန်တီးပေးမှာဖြစ်သော်လည်း ကာကွယ်ဆေးထိုးမှုကို ဦးစားပေးအားထုတ်နိုင်လျှင် အနာဂတ်ရောဂါဖြစ်ပွားမှုများမှ ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်အတွက် ဒိုင်းကြီးသဖွယ် ဖြစ်လာမည်ဟု စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

 

COVID-19 ကပ်ရောဂါသည် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း စီးပွားပျက်ကပ်ပြီးနောက် ကမ္ဘာ့စီးပွားရေး အကျဘက် အကြီးမားဆုံး အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ပြည်သူများ အလုပ်ပြုတ်ကုန်ကျကြောင်း၊ အစိုးရဘဏ္ဍာရေးသည်လည်း ကျဉ်းထဲကျပ်ထဲ ရောက်သွားကြောင်း၊ ငွေကြေးစျေးကွက်များကလည်း ယိုင်နဲ့နဲ့သာရှိတော့ကြောင်း၊ ကုန်သွယ်ရေးစီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပြည်သူများ အထိနာကြကြောင်း၊ မသေမသပ်နှင့် မူဝါဒပိုင်းဆက်တိုက်ဆိုသလို တုံ့ပြန်မှုများက ရှုပ်ထွေးနေသကဲ့သို့  အသစ်ထွက်ပေါ်လာမှုကိုလည်း မျှော်လင့်ကြကြောင်း သိရသည်။

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါကြွယ်ဝမှုတို့ကို ခြိမ်းခြောက်သည့် နောက်ဆက်တွဲအကျိုးဆက်များ အကြီးအကျယ်ရှိလာဦးမည်ဖြစ်သည်။

ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်းတွေ့ကြုံခဲ့ရသည်။ COVID-19 ကပ်ရောဂါသည် မြန်မာနိုင်ငံအပေါ် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်စေသည်။

ကမ္ဘာ့ဘဏ်၏ ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ လက်ရှိရင်ဆိုင်နေရသော လူ့အသက်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ဆင်းရဲမွဲတေမှုနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အခြေအနေများစွာဖြင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀ - စက်တင်ဘာ ၂၀၂၁) တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျုံ့သွားမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေးကသောင်းကနင်းဖြစ်မှုနှင့် လျင်မြန်စွာမြင့်တက်လာနေသည့် ကိုဗစ်- ၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ပြည့်နှစ်ကပင် ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့သည့် မြန်မာ့စီးပွားရေးကို ဆိုးရွားစွာထိခိုက်စေခဲ့သည်ဟု ဆိုသည်။

အလုပ်အကိုင် တစ်သန်းခန့် ဆုံးရှုံးသွားနိုင်ပြီး လုပ်သားအများအပြားသည် အလုပ်ချိန် သို့မဟုတ် လစာလျှော့ချခံရနိုင်ကာ ဝင်ငွေလျော့ကျမှုကို တွေ့ကြုံရနိုင်သည်။ ၂၀၁၉ ခုနှစ် အဆင့်နှိုင်းယှဉ်လျှင်  ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ကျရောက်မည့် မြန်မာ့လူဦးရေသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် နှစ်ဆမြင့်တက်သွားနိုင်ခြေရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အလုပ်အကိုင်များ၊ ဝင်ငွေများ ဆုံးရှုံးသည့်နည်းတူ ကျန်းမာရေးနှင့် အစားအစာ ဖူလုံမှုမရှိမှု ဘေးအန္တရာယ်များ စုပေါင်း၍ ယခင်နှစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အင်အားအနည်းဆုံး ပြည်သူများဟာ လူနေမှုဘဝ သက်သာချောင်ချိရေးအတွက် အခက်အခဲကြီးစွာ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားသည်။

လတ်တလော ကူးစက်ပြန့်ပွားမှု အရေအတွက်နှင့် ရောဂါဖြစ်ပွားမှုနှုန်းများအရ ကိုဗစ်-၁၉ သည် လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးတို့ကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း  ညွှန်ပြနေသည်။ အဆိုပါ ထိခိုက်မှုများသည် ၂၀၂၁ ခုနှစ် နှစ်လယ်ကာလအတွင်း အားနည်းနေသည့် စီးပွားရေးအခြေအနေများနှင့် သင့်လျော်သည့် တုံ့ပြန်ကာကွယ်ဆောင်ရွက်မှုများပြုနိုင်ရန် ပြည်သူ့ကျန်းမာရေးစနစ်တွင် စွမ်းဆောင်နိုင်စွမ်း လတ်တလော အခြေအနေတွင် မရှိသည့်အတွက်  ၂၀၂၀ ပြည့်နှစ်က တွေ့ကြုံခဲ့ရသည့် အခြေအနေထက် သိသိသာသာပိုမို ဆိုးရွားနိုင်ခြေရှိကြောင်းလည်း ဖော်ပြထားသည်။

အားလုံးခြုံကြည့်မည်ဆိုပါက အဆိုပါရိုက်ခတ်မှုများသည် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတို့ကို အားနည်းစေပြီး စီးပွားရေးလုပ်ငန်းများနှင့် သွင်းကုန်နှင့်လုပ်သားထောက်ပံ့မှုတို့ကိုပါ ထိခိုက်စေသည်။

“မေနှင့် ဇွန်လတို့တွင် ကူးသန်းသွားလာမှု ပြန်လည်ကောင်းမွန်လာခြင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့ဖြင့် အချို့ဧရိယာများမှာ တည်ငြိမ်လာတော့မယ့် ရှေ့ပြေးလက္ခဏာများမြင်ခဲ့ရသော်လည်း စီးပွားရေးလုပ်ငန်းတစ်ခုလုံးအနေဖြင့်မူ အလွန်အမင်း အားနည်းနေဆဲဖြစ်ပြီး ကိုဗစ်-၁၉  ကူးစက်ပျံ့နှံမှု တိုးပွားလာသည့်အတွက် ဇူလိုင်လနောက်ပိုင်း စီးပွားရေးအနေဖြင့် ဆက်လက်ကျုံ့သွားနိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ကင်မ်အလန်အက်ဒ်ဝပ်က ပြောကြားသည်။

ကာလရှည်စီးပွားရေး မျှော်မှန်းချက်မှာမူ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းခြင်းရာများသည် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို အခြေခံမောင်းနှင်သည့်အချက်များဖြစ်သည့် ရုပ်ဝတ္ထုအရင်းအနှီးများ၊ လူသားအရင်းမြစ်နှင့် ကုန်ထုတ်လုပ်စွမ်းအားတို့အပေါ် ထိခိုက်စေခဲ့ခြင်းကြောင့် ယခုရင်ဆိုင်နေရသည့်နှစ်ထပ်ကွမ်း ထိခိုက်ပျက်စီးစေမှုသည် အနာဂတ်နှစ်ပေါင်းများစွာအထိ ဆက်လက်ရင်ဆိုင်ဖြေရှင်းနေရဦး မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“စီးပွားရေးက လုပ်သာကိုင်သာမရှိဘူး ဖြစ်နေတာကြာပြီဗျ။ ယန္တရားကြီးက နှေးနှေးလေးနဲ့ လည်နေသေးတယ်ပေါ့ဗျာ။ အဲဒီမှာ ကိုဗစ်ထဖြစ်တော့ တချို့တောင့်မခံနိုင်တဲ့လုပ်ငန်းတွေ အကုန်ရပ်ကုန်တယ်။ တောင့်ခံနိုင်တဲ့လုပ်ငန်းတွေကျတော့ ဆက်သွားလို့ရနေတယ်။ လုပ်ငန်းရှင်တစ်ယောက် ပြောသလိုပေါ့။ ထိုင်စားနေရင် အကောင်း၊ အလုပ်ထလုပ်တော့မှ အရှုံးပေါ်တာ။ ဆိုတော့ ငြိမ်ငြိမ်လေးပဲနေတာ ကောင်းတယ်တဲ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်လာရသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများမှာ  လက်ရှိဖြစ်ပေါ်နေဆဲ စီးပွားရေးအကျပ်အတည်းမှ ကျော်လွှားနိုင်မည်လားဆိုသည်ကို လုပ်ငန်းရှင်အများစု စိုးရိမ်လျက်ရှိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

“အခြေအနေက ပိုဆိုးလာတယ်။ မြန်မာနိုင်ငံမှာက ဒုတိယလှိုင်းမှာတင် တော်တော်ခံနေရပြီ၊ ကျန်းမာရေးအရရော စီးပွားရေး အရရော။ စီးပွားရေးမှာလည်း ကျွန်တော်အပါအဝင် အများစုက ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စဉ်းစားနေရတယ်။ ကျန်းမာရေးအရ လိုအပ်လာတော့ စက်ရုံ၊အလုပ်ရုံတွေ ပိတ်ရတယ်။ အဲဒီတော့ စီးပွားရေးအရ နစ်နာမှုရှိလာတယ်။ ဒါပေမဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုနည်းအောင်တော့ တခြားနိုင်ငံတွေမှာ လုပ်သလို အစိုးရဘက်က မူဝါဒတွေနဲ့လုပ်ပေးရင် ထိခိုက်မှုက သက်သာနိုင်တယ်” ဟု စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ မလွဲမသွေဖြစ်ပေါ်လာမည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန်ကန်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် မဖြစ်နေလိုအပ်နေပြီဖြစ်သည်။

မြန်မာ့စီးပွားရေးသည် အစဉ်အဆက်အားနည်းခဲ့သလို COVID-19 ကြောင့် ဘုန်းဘုန်းမလဲရေးအတွက်ပြန်၍ ထောက်ကူရာတွင် အဓိကကျောရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရေးကလည်း လက်ရှိအချိန်အထိ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။


READ NEXT
Cancel OK