
မြန်မာအမျိုးသမီးတစ်ဦးက ပထမဆုံးစက်မဲ့လေယာဉ် စီးနင်းပြသ (၂၉-၇-၁၉၅၆)
၁၉၅၆ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မှော်ဘီမြို့ မြန်မာ့တပ်မတော်(လေတပ်)မှ အမျိုးသမီးစစ်ဗိုလ် ဗိုလ်လှသန်းက စက်မဲ့လေယာဉ်(ဂလိုက်ဒါ)ကို အမြင့်ပေ ၁၂၀၀ ကျော်မှ စီးနင်းပြသခဲ့ကြောင်း နောက်တစ်နေ့ထုတ်မဏ္ဍိုင် သတင်းစာ၌ သတင်းတစ်ပုဒ်ဖော်ပြပါရှိသည်။
ဗိုလ်လှသန်းသည် အင်္ဂလန်နိုင်ငံတွင် လေတပ်ပညာကို တစ်နှစ်ကြာ သင်ယူဆည်းပူးခဲ့ပြီး အစ္စရေးနိုင်ငံ၌လည်း လေတပ်ဆိုင်ရာလုပ်ငန်းများကို နှစ်လကြာလေ့လာခဲသည်ဟုဆို၏။ ဂလိုက်ဒါကို စီးနင်းပြသစဉ် မြန်မာ့တပ်မတော်(လေတပ်)မှ ဗိုလ်ကြီးဝင်းမြင့်၊ ဗိုလ်ကြီးခင်မြင့်နှင့် အရာရှိများ၊ သတင်းစာဆရာများ တက်ရောက်ခဲ့ကြသည်ဆို၏။
ဂလိုက်ဒါစီးနင်းပြသပွဲကို မြို့မကျောင်း မြေကွက်လပ်တွင် ပြသရန်ကိုလည်း စီစဉ်ထားပြီး ရန်ကုန်တက္ကသိုလ်၌လည်း စက်မဲ့လေယာဉ်သင်တန်းတစ်ရပ်ကို ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်လျက်ရှိသည်ဆိုပါသည်။
ရှေးမြန်မာအမြောက်သေနတ်ခြောက်လက်အား အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ် (၂၄-၇-၁၉၅၈)
မြန်မာနိုင်ငံမှ ဗြိတိသျှနယ်ချဲ့တို့ သိမ်းယူသွားကြသော ရှေးခေတ်မြန်မာ့တပ်မတော်သုံး အမြောက်သေနတ်ခြောက်လက်ကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတော်အစိုးရကို ပြန်လည်လွှဲပြောင်း ပေးအပ်သောအခမ်းအနားကို ၁၉၅၈ ခုနှစ် ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့၌ကျင်းပပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၂၆ ရက်ထုတ် လူထုသတင်းစာ၌ ဖော်ပြပါရှိသည်။
ယင်းအမြောက်ကြီး ခြောက်လက်မှာ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့က သိမ်းယူသွားခဲ့ခြင်းဖြစ်ပြီး ကြေးအမြောက် နှစ်လက်၊ ကြေးသေနတ်နှစ်လက်နှင့် သံသေနတ်နှစ်လက်တို့ ဖြစ်ကြ၏။
၁၉၅၇ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ အိန္ဒိယနိုင်ငံသွားခရီးစဉ်တွင် ကာလကတ္တားမြို့ ဝီလျံခံတပ်အတွင်း၌ တွေ့ရှိခဲ့ရာမှ အိန္ဒိယသမ္မတ ဒေါက်တာရာဂျင်ဒရာပရာဆတ်ထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရကမြန်မာဝန်ကြီးချုပ်၏ မေတ္တာရပ်ခံချက်အရ ဇူလိုင် ၁၀ ရက်နေ့တွင် အမြောက်သေနတ်များကို ရန်ကုန်မြို့အရောက်ပေးပို့ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့၌ အိန္ဒိယသံအမတ်ကြီးက ဒုတိယဝန်ကြီးချုပ်သခင်တင်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့သစ်ပင်စိုက်ပျိုးသောနေ့အခမ်းအနား မြန်မာနိုင်ငံမြို့ကြီးများ၌ တစ်ပြိုင်နက်တည်းကျင်းပ ( ၂၇-၇-၁၉၅၉)
၁၉၅၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် နေ့တွင် ကျရောက်သော ကမ္ဘာ့သစ်ပင်စိုက်ပျိုးသောနေ့ အခမ်းအနားအဖြစ် မြန်မာနိုင်ငံမြို့ကြီးများ၌ တပြိုင်နက်တည်း သစ်ပင်စိုက်ပျိုးကြောင်းသတင်းကို နောက်တစ်နေ့ထုတ်မဏ္ဍိုင် သတင်းစာ၌ သတင်းဖော်ပြပါရှိသည်။
ယင်းနေ့နံနက် ၉ နာရီတွင် အောင်ပန်းမြို့အထက်တန်းကျောင်း ခန်းမဆောင်၌ နိုင်ငံတော်ကြံ့ခိုင်ရေး အသင်းကကြီးမှူး၍ အခမ်းအနား ကျင်းပခဲ့ပြီးနောက် အောင်ပန်း၊ ကလော၊ ကျုံး၊ ပွေးလှ၊ ပင်းတယနှင့် ရွာငံမြို့များတွင် သစ်ပင်ပေါင်း ၁၅၀၀ ကျော်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြ၏။
အလားတူမေမြို့(ယခုပြင်ဦးလွင်မြို့) ဖလန်တောင်ထက်တွင်လည်း တပ်မတော်တပ်ပေါင်းစုံနှင့် မြို့နယ်ကြံ့ခိုင်ရေးအသင်းတို့ကကြီးမှူးလျက် သစ်ပင်စိုက်ပျိုးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ဗိုလ်မှူးကြီး ခွန်နောင်က သစ်ပင်စိုက်ပျိုးရခြင်းအကြောင်းကို ဟောပြောရာတွင် သဲကန္တာရဘေး၊ ရေအခက်အခဲဘေး၊ မိုးခေါင်ခြင်းဘေးတို့မှ ကင်းဝေးပြီး မြေသြဇာဓာတ် ထိန်းသိမ်းရေးနှင့် ရာသီဥတုကောင်းမွန်ရေးတို့အတွက် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက်သစ်ပင်များကို တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။
ကျိုက်ဒေးယျုံ စေတီဟောင်းနေရာမှ ဆင်းတုတော်များ တူးဖော်ရရှိ (၂၄-၇-၁၉၆၀)
၁၉၆၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ထုတ် ပြည်ထောင်စုသတင်းစာတွင် တောင်ဥက္ကလာပမြို့သစ် ကျိုက္ကစံစေတီ၏ အရှေ့တောင်ဘက်ရှိ ၁၃ ရပ်ကွက် သုမနလမ်းသစ်ကြီး ဖောက်လုပ်ရာ၌ ကျိုက်ဒေးယျုံရှေး ဟောင်းစေတီပျက်နေရာကို တွေ့ရှိတူးဖော်ကြရာ ရှေးဟောင်းဆင်းတုတော် အများအပြားရရှိကြကြောင်း သတင်းဖော်ပြပါရှိသည်။
ယင်းကျိုက်ဒေးယျုံ စေတီတော်ဟောင်းနေရာမှ ရရှိသောဌာပနာများနှင့် ဆင်းတုတော်များအား ယာယီကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ကာ အပူဇော်ခံထားပေးရာ ရပ်နီးရပ်ဝေးမှ လာရောက်ဖူးမြော်သူများဖြင့် အထူးများပြားလျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းစေတီတော်ကြီး နေရာတူးဖော်ရေးလုပ်ငန်းများကို တောင်ဥက္ကလာပ ၁၃ ရပ်ကွက်နှင့် ၉ ရပ်ကွက်တို့မှ လူထုအသင်းအဖွဲ့များက လုပ်အားပေးကူညီကြောင်း၊ ဘုရားတူးဖော်ရာနေရာအတွင်းသို့ အမျိုးသမီးများဝင်ရောက်ခွင့်မပြုဘဲ ရုန့်ရင်းကြမ်းတမ်းသော စကားများပြောဆိုခြင်းမပြုရန်ကိုလည်း တားမြစ်ထားကြောင်း သတင်းဖော်ပြပါရှိသည်။
စုန်း၊ ကဝေနှင့် သရဲကားများ ထုတ်လုပ်ပြသခွင့်မပြုတော့ (၂၇-၇-၁၉၆၂)
၁၉၆၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ၌ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေး အစိုးရအနေဖြင့် ရုပ်ရှင်ကုမ္ပဏီနှင့် ထုတ်လုပ်သူများအား စုန်း၊ ကဝေနှင့် သရဲတစ္ဆေဇာတ်ကားများအား ထုတ်လုပ်ပြသခွင့်ပြုတော့မည်မဟုတ်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည့်သတင်းကို ဖော်ပြထားပါသည်။
ရိုက်ကူးထုတ်လုပ်ခြင်းမပြုရန် ဖော်ပြထားသော ဇာတ်ကားများမှာ စိတ်နေသဘောထားနှင့် အတွေးအခေါ်ပြောင်းလဲရေးတွင် ကြီးမားစွာအနှောင့်အယှက်ဖြစ်စေသည့် “နှစ်ဆောင်ပြိုင်” ကဲ့သို့သော စုန်း၊ ကဝေ၊ သိုက်၊ နတ်စိမ်းဇာတ်ကားများ၊ တိုင်းရင်းသားလူမျိုးစုအားလုံး၏ သွေးစည်းညီညွတ်ရေးပြန်လည် တည်ဆောက်မှုတွင် ထိခိုက်စေသည့် ရွှေစာရံသမိုင်း၊ ချင်းဖဝေး၊ ရွှေနန်းကျင်ကဲ့သို့သော ဇာတ်ကားများပါဝင်ပါသည်။
မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီအစိုးရအနေဖြင့် ဖော်ပြပါရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများအား ဖလင်ကော်ပြားထုတ် မရောင်းချရန်ကိုလည်း ပြန်ကြားရေးဌာန လက်အောက်ရှိ ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့သို့ ညွှန်ကြားထားပြီးဖြစ်သည်ဟု ဆိုပါသည်။
ထို့ပြင်ရုပ်ရှင်ဆင်ဆာအဖွဲ့သို့လည်း ဖော်ပြပါအချက်များနှင့် ငြိစွန်းနေသည့် ဇာတ်လမ်းမျိုးပါဝင်နေသော မြန်မာဇာတ်ကားများ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို လက်ခံစစ်ဆေးခြင်းမပြုရန်လည်း ညွှန်ကြားခဲ့သည်ဆို၏။
မြန်မာဆပ်ကပ်အဖွဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ် (၁၉-၇-၁၉၆၂)
ဆိုဗီယက်ယူနီယံနှင့် မြန်မာနိုင်ငံတို့၏ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ဆိုဗီယက်နိုင်ငံမော်စကိုမြို့သို့ ဆပ်ကပ်ပညာသင်ကြားရန် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က သွားရောက်ခဲ့သော ‘ဗမာ့မောင်မယ်’ ဆပ်ကပ်အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်က ၁၉၆၂ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း နောက်တစ်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ၌သတင်း ဖော်ပြပါရှိသည်။
သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ဆန်းကဖီး၌ နံနက် ၉ နာရီခွဲတွင် ပြုလုပ်ခဲ့ရာ ဦးမောင်မောင်က မိိမိသည် ဆိုဗီယက်သို့ ရောက်ရှိစဉ်က တစ်လကြာရုရှားဘာသာစကားကို ဦးစွာသင်ယူခဲ့ရပြီး ဆပ်ကပ်ပညာကျောင်း၌ ဆက်လက်ပညာ သင်ယူခဲ့ရကြောင်း၊ သင်တန်းကျောင်းများတွင် တိရစ္ဆာန်များကို ယဉ်ပါးအောင် သင်ပုံသင်နည်းများ၊ တိရစ္ဆာန်များ၏ သဘောတရားများကို အခြခံမှစ၍ အသေးစိတ်ဂရုတစိုက် သင်ကြားပေးခဲ့ကြောင်း၊ သတင်းစာဆရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ဦးမောင်မောင်က မိမိအဖွဲ့အား ခြောက်လကြာမျှ နေ့စဉ်လေ့ကျင့်ခဲ့ရပြီးနောက် ၁၉၆၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ဆပ်ကပ်ပြပွဲကို တင်ဆက်တော့မည်ဖြစ်ကြောင်း ဆိုပါသည်။
မိမိအနေဖြင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ ကျားနှင့်ခြင်္သေ့များကို ဝယ်ယူရန်အစီအစဉ် ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ရာဇဝင်နောက်ခံဝတ္ထုရေးဆရာကြီး ရွှေစကြာဦးစိုးမြင့်ကွယ်လွန် (၇-၇- ၁၉၇၈)
၁၉၇၈ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ ညနေ ၆ နာရီတွင် ရာဇဝင်နောက်ခံဝတ္ထုရေး ဆရာကြီးအဖြစ် ထင်ရှားခဲ့သူ ရွှေစကြာဦးစိုးမြင့် ရန်ကုန်မြို့၌ ကွယ်လွန်သွားကြောင်း သတင်းမှတ်တမ်းတစ်ပုဒ်ကို တွေ့ရှိရပါသည်။
ရွှေစကြာဦးစိုးမြင့်ကို ၁၉၁၂ ခုနှစ် သြဂုတ်လ ၄ ရက်တွင် ဟင်္သာတခရိုင်၊ ဒေါင့်ကြီးအရှေ့ဘက် ငါးအိမ်တန်းကျေးရွာ၌ ဦးထွန်းဦးနှင့် ဒေါ်ပိုးမှုန်တို့က ဖွားမြင်ခဲ့သည်။
ဦးစိုးမြင့်သည် အသက်ခြောက်နှစ်အရွယ်တွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိလာခဲ့ပြီး သာမဏေဘဝ၊ ရဟန်းဘဝနှင့် နှစ်နှစ်ဆယ်ခန့် ပညာဆည်းပူးခဲ့သည်။ ရှင်ဝရုဏဘွဲ့ခံရဟန်းဘဝတွင် သကျသီဟစာချတန်းအောင်မြင်ခဲ့သည်။
သကျသီဟတန်းအတွက် စာပေလေ့လာဆည်းပူးရင်း ‘ပူစာကေ’ ၊ ‘နာခံတော်’ စသောဝတ္ထုများ ရေးသားခဲ့သည်။ ယင်းဝတ္ထုများမှာ ပုဂံဝန်ထောက်မင်းဦးတင်၏ သမိုင်းမှတ်တမ်းများအပေါ် အခြေပြုရေးသားခဲ့သည်ဆိုပါသည်။
ရွှေစကြာဦးစိုးမြင့်သည် ရဟန်းဘဝဖြင့် ခုနစ်ဝါရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထွန်းနေ့စဉ်သတင်းစာ၌ လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။
၁၉၄၀ ပြည့်နှစ်၌ ပထမဆုံးဖွဲ့စည်းသော အစိုးရပါဠိဘာသာ ပညာရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၉၄၁ ခုနှစ်၌ တွဲဖက်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဦးစိုးမြင့်သည် ဖက်ဆစ် ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့ကာ ၁၉၄၇ ခုနှစ်၌ နဂါးနီဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက် တာမာလာလာဆေကရ မြန်မာနိုင်ငံသို့ရောက်ရှိလာစဉ် မိနစ် ၄၀ ကျော်ကြာ ပါဠိဘာသာဖြင့် မိန့်ခွန်းပြောခဲ့ဖူးသည်ဆိုပါသည်။
ဆရာကြီးသည် ဝတ္ထုရှည် ၂၀ ကျော်နှင့် ဝတ္ထုတိုအမြောက်အမြား ရေးဖွဲ့ခဲ့ရာ ‘နာခံတော်’ ဝတ္ထုကို တက္ကသိုလ်ဥပစာတန်း၌ ပြဋ္ဌာန်းခံခဲ့ရသည့်အပြင် ၁၉၆၇ ခုနှစ်တွင် အောင်မင်္ဂလာရုပ်ရှင်မှ ‘ဇာတိမာန်’ အမည်ဖြင့်လည်း ရုပ်ရှင်ရိုက်ကူးခဲ့ကြောင်း သိရသည်။ ဦးစိုးမြင့်သည် ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ရှိပြီဖြစ်သည်။
ဆောင်းပါးရှင် ဆရာတင်နိုင်တိုးမှာ လွန်ခဲ့သည့်ခြောက်နှစ်ခန့်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ မကွယ်လွန်မီတွင် သမိုင်းဆိုင်ရာအချက်အလက်များနှင့် ပတ်သက်ပြီး ဆောင်းပါးများ၊ စာအုပ်များရေးသားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ယခုဖော်ပြထားသည့် ဆောင်းပါးမှာ ၂၀၀၆ ခုနှစ်က Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ ဆရာတင်နိုင်တိုး ရေးသားခဲ့သည့် သမိုင်းဆိုင်ရာအချက်အလက် ဆောင်းပါးအချို့အား ဆက်လက်ထုတ်ဝေမည့် Weekly Eleven တွင် အလျဉ်းသင့်သလို ဆက်လက် ဖော်ပြသွားမည်ဖြစ်ပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်