
ကိုဗစ် တတိယလှိုင်းကို အလူးအလဲ ခံစားနေရသည့် ရခိုင်ပြည်နယ်တွင် ဇူလိုင်ကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် သံတွဲခရိုင်နှင့် မောင်တောခရိုင်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိတွင် ရေပြန်ကျဆင်းခဲ့ပြီဖြစ်သော်လည်း ရေဘေးနောက်ဆက်တွဲ လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်သည်။
သံတွဲရေဘေး နောက်ဆက်တွဲ
သံတွဲမြို့ကို တောင်ပတ်လည် ၀ိုင်းရံထားပြီး မြို့ကိုတောင်ကျချောင်းက ရစ်ခွေစီးဆင်းသည်။ နှစ်စဉ် မိုးတွင်းကာလဆိုလျှင် မြေအနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်သော်လည်း အပျက်အစီးမများသေးပေ။ မှတ်မှတ်ရရ ၂၀၀၄ ခုနှစ် မိုးတွင်းကာလ ရေလွှမ်းမိုးမှုသည်သာ သံတွဲမြို့၏ ပြောစမှတ်တွင်နေသည့် ရေဘေးဖြစ်ခဲ့သော်လည်း ယင်းနောက်ပိုင်းနှစ်များတွင် ပုံမှန်ရေဝင်ခြင်းသာ ရှိခဲ့သည်။
၂၀၀၄ ခုနှစ် ရေဘေးဒဏ်ခံရစဉ်က သံတွဲမြို့တစ်မြို့လုံးနီးပါး ရေလွှမ်းခဲ့သည့်အတွက် ဆေးရုံပေါ်တက်ရောက်ကုသနေသည့်လူနာများ ဒုက္ခရောက်ရသကဲ့သို့ စျေးကြီးရေလွှမ်းခဲ့သည့်အတွက် ဆုံးရှုံးမှုများပြားခဲ့သည်။
ထို့ပြင် ချောင်းအထက်ပိုင်း ရိုးမအောက်မှ ကျေးရွာတချို့ ရွာလုံးကျွတ်နီးပါး ရေစီးနှင့်အတူမျောပါပြီး ရွာပျက်သည်အထိ ဖြစ်ခဲ့ရသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မိုးပြိုသည်လား အောက်မေ့ရလောက်အောင် ရွာခဲ့သည့်မိုးရေက ရိုးမတောင်မှ တရဟောစီးဆင်းလာပြီး သံတွဲချောင်းကို ရေပြည့်လျှံလာသည့်အတွက် ထင်မှတ်မထားသည့် ဆုံးရှုံးမှုများကြီးမားခဲ့ပြန်သည်။
ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းကစပြီး သံတွဲမြို့၏ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်လာခဲ့သည်။ သို့ရာတွင် ရပ်ကွက်ထဲ ရေဝင်သည်မှာ မထူးဆန်းပြီဖြစ်သည့်အတွက် မြို့ခံများအနေဖြင့် စိုးရိမ်စိတ်မဖြစ်ခဲ့။ ဇူလိုင် ၂၉ ရက်မှာတော့ ချောင်းရေအတက် မြန်လာသကဲ့သို့ မိုးကလည်း မရပ်မနား အငြိုးကြီးစွာရွာသွန်းခဲ့ရာ တစ်မြို့လုံးနီးပါးရှိ နေအိမ်များသို့ ရေဝင်လာခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်ခဲ့သဖြင့် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
အနိမ့်ပိုင်းရပ်ကွက်၊ ချောင်းနံဘေးမှ တချို့အိမ်များသည် အိမ်အပေါ်ထပ်အထိ ရေနစ်မြုပ်ခဲ့သည်။ လူများနေအိမ်စွန့်ခွာ ဘေးလွတ်ရာသို့ ပြေးကြရသည်။ သို့ရာတွင် ကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးလှေများလည်း အလုံအလောက် မရှိခဲ့ကြသည့်အတွက် တစ်မြို့လုံးစိုးရိမ်တကြီးရှိခဲ့သည်။
နေဝင်လာသည်နှင့်အမျှ ရေကလည်းလုံးဝမကျသည့်အပြင် ရေကဆက်တက်နေသည့်အတွက် သံတွဲမြို့ကို အရေးပေါ်ကယ်ဆယ်ရေး လုပ်သင့်ပြီဟု မြို့ခံများကပြောဆိုခဲ့ကြသည်။
ယင်းနောက် ကံကောင်းထောက်မစွာ ရေကဆက်မတက်တော့ဘဲ မနက်မိုးလင်းသည်နှင့် ရေကတဖြည်းဖြည်းကျဆင်းသွားသည့်အတွက် လူသေဆုံးမှု မရှိခဲ့ခြင်းဟု မြို့ခံများက ပြောဆိုကြသည်။ ဇူလိုင် ၂၇ ရက်၌ သံတွဲတစ်မြို့နယ်လုံးတွင် ၁၀ ပေမှ ၁၅ ပေခန့်အထိ ရေနစ်မြုပ်သွားခဲ့ပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ရေပြန်ကျသွားခဲ့ခြင်းဖြစ်သည်။
ရေဘေး နောက်ဆက်တွဲအဖြစ် သံတွဲမြို့နယ်၊ အံတော်ကျေးရွာ၊ အရှေ့ပိုင်းရပ်ကွက်တွင် လူနေအိမ် ၁၄ လုံး ရေထဲမျောပါသွားခဲ့ပြီး နေအိမ် ၁၀၀ လုံးခန့်မှာလည်း အပျက်အစီးများ ရှိခဲ့ကြောင်း၊ နေအိမ်အသုံးအဆောင် ပစ္စည်းများလည်း ရေထဲမျောပါသွားခဲ့ကြောင်း သိရသည်။ အဆိုပါနေအိမ် ပျက်စီးသွားသူများမှာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်ခဲ့ကြရသည်။
ရေဘေးနောက်ဆက်တွဲအဖြစ် တင်ကျန်ရစ်သည့်နုန်းများကို ဖယ်ရှားရှင်းလင်းခြင်းကို တစ်မြို့လုံးတစ်ပတ်နီးပါး လုပ်ခဲ့ရသည်။သံတွဲဆေးရုံရှိ အောက်ဆီဂျင်စက်ရုံ ရေဝင်ခဲ့ပြီး စက်ပစ္စည်းတချို့ကို ဖြုတ်သိမ်းခဲ့ရသည့်အတွက် အောက်ဆီဂျင်ထုတ်လုပ်မှု ရပ်တန့်ခဲ့ရသည်။
သံတွဲမြို့ရေကြီးမှုတွင် နေရာအားလုံးနီးပါး ရေနစ်မြုပ်ခဲ့ပြီး ရေမျက်နှာပြင်အမြင့်မှာ အနိမ့်ပိုင်းဒေသများဆိုလျှင် ၁၅ ပေခန့် မြို့တွင်းတွင် ငါးပေကျော်အထိရှိခဲ့ပြီး ရေနစ်မြုပ်ခဲ့သည့် အကျိုးဆက်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာလည်းရှိသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ထို့ပြင် သံတွဲမြို့တွင် ဓာတ်အားပေးစက်ရုံလည်း ရေနစ်မြုပ်သွားသည့်အတွက် ဓာတ်အားပေးခြင်းကိုပင် ဖြတ်တောက်ခဲ့ရသည်။
သံတွဲမြို့၏ မိုးရေချိန်သည် ၂၀၀၇ ခုနှစ်ဇွန်လက စံချိန်ဟောင်း ၃၅၀ မီလီမီတာ ၁၃ ဒသမ ၇၈ လက်မ ကိုချိုးကာ ၃၈၈ မီလီမီတာ ၁၅ ဒသမ ၂၈ လက်မအထိရှိခဲ့ပြီး မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒက ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက သံတွဲတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုကြောင့် အိမ်ထောင်စု ၇၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀ ကျော်ခန့် ရေဘေးသင့်ခဲ့ရကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မောင်တော ရေဘေးနောက်ဆက်တွဲ
သံတွဲတစ်မြို့လုံး ရေလွှမ်းနစ်မြုပ်နေစဉ် လူမှုကွန်ရက်စာမျက်နှာများတွင် သံတွဲရေဘေးသတင်းများသာ လွှမ်းမိုးခဲ့သော်လည်း တစ်ချိန်တည်းတွင် မောင်တောမြို့နယ် မြောက်ပိုင်းတွင်လည်း ရေဘေးသင့်ခဲ့သည်။
မောင်တောမြို့နယ် မြောက်ပိုင်းတွင်ရေကြီးပြီး ဇူလိုင် ၂၇ ရက်မှစ၍ ကျေးရွာကိုးရွာမှ အိမ်ခြေ ၅၀၀ ကျော်ခန့်မှာလည်း ရေဘေးဒဏ်ခံစားခဲ့ရခြင်းဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် မေယုတောင်တန်းမှ မြစ်ဖျားခံဆင်းလာသည့် တောင်ကျချောင်းများမှာ ရေတရဟောစီးဆင်းကာ ကမ်းနဖူးကျေးရွာအားလုံး ရေဖုံးလွှမ်းခဲ့ခြင်းလည်းဖြစ်သည်။ကျေးရွာတချို့တွင် သောက်ရေကန်များပါ ရေလွှမ်းခဲ့သဖြင့် သောက်သုံးရေများ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။
မောင်တောမြောက်ပိုင်းသို့ ဆက်သွယ်သည့် ရွာချင်းဆက်တံတားများဖြစ်ကြသော တမန်းသားတံတား၊ လက်ယာချောင်းတံတား၊ ဘောက်ရွာတံတားတို့မှာ ဇူလိုင် ၂၇ ရက်တွင် ရေစီးနှင့်မျောပါခဲ့ပြီး ဝက်ကျိန်းတံတားမှာ ဇူလိုင် ၂၈ ရက်တွင် ရေစီးကြောင့် ပျက်စီးသွားခဲ့ရသည်။
တမန်းသားတံတားမှာ အလျား ၇၀ ပေ၊ အနံ ၁၂ ပေခန့်ရှိပြီး လက်ယာချောင်းတံတားနှင့် ဘောက်ရွာ တံတားတို့မှာလည်း ပေ ၁၀၀ ကျော် ရှည်လျားသည့် တံတားများဖြစ်သည်။
အဆိုပါတံတားသုံးစင်း ရေစီးနှင့်မျောပါသွားသည့်အတွက် မောင်တောမြို့နယ်မြောက်ပိုင်းမှ တမန်းသား၊ သက်ကိုင်ညာ၊ နတ်ချောင်း၊ သစ်တုံးနားခွဆုံ ၊ ခမောင်းဆိပ်၊ နန်းရာကိုင်း၊ ကာလာဒေးဘက်၊ ရဲအောင်စံရဖွေ၊ မြဝတီ၊ မင်းခမောင်း၊ ကြောင်နဖေ၊ မင်္ဂလာညွန့်၊ အောင်သပြေ၊ ဒုံးညို၊ ပျာရည်၊ ဗန္ဓုလစသည့် ကျေးရွာများ သွားလာရေးအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။
ပေ ၂၄၀ ရှည်ပြီး ခွဆုံကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာသို့ ဆက်သွယ်ထားသည့် ခွဆုံ(မြို) ကျေးရွာရှိ သစ်သားတံတားမှာလည်း တံတားအလယ်ကနေ ပေ ၁၅၀ ခန့် နှစ်ပိုင်းပြတ်သွား၍ ကျန်းမာရေး၊ စားသောက်ရေးတို့တွင် အခက်အခဲဖြစ်နေကြသည်ဟု ရွာသားများက ပြောသည်။
တံတားပျက်စီးနေသည်မှာ ခုနစ်ရက်ခန့် ရှိနေပြီဖြစ်သော်လည်း ပြန်လည်မပြုပြင်နိုင်သေးကြောင်း ကျေးရွာသားများက ပြောသည်။
ခွဆုံ (မြို) ကျေးရွာတွင် အိမ်ခြေ ၂၀၄ အိမ်ရှိသည့်အထဲ ငါးအိမ်ပျက်စီးသွားသဖြင့် မိသားစုများမှာ ဖြစ်သလိုနေထိုင်နေကြရပြီး ကူညီကယ်ဆယ်ရေး ပေးခြင်းမျိုးလည်းမရှိကြောင်း ကျေးရွာသားများက ပြောသည်။
ရေကြီးမှုမှာ ကျဆင်းပြီဖြစ်သော်လည်း သောက်ရေကန်များကို ရေလွှမ်းမိုးမှုကြောင့် သောက်သုံးရေများ အခက်အခဲဖြစ်နေသည်ဟု ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့် မီးတိုက်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကြီးက မိန့်သည်။ အလားတူ သာယာကုန်းကျေးရွာတွင်လည်း သောက်ရေကန် ရေလွှမ်းမိုးခံရမှုကြောင့် သန့်ရှင်းမှုမရှိသည့် ရေကိုသောက်သုံးနေရသည်ဟု သိရသည်။
မီးတိုက်ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် ထွန်ယက်စိုက်ပျိုးထားသော လယ်များ၊ ပျိုးပင်များ စပါးမျိုးစေ့များပါ ပျက်စီးသွားသည့်အတွက် လယ်ပြန်လည်ထွန်ယက်စိုက်ပျိုးရေးအတွက် အခက်ကြုံနေရသည်ဟုလည်း ကျေးရွာသားများက ပြောသည်။ ရေလွှမ်းမှုကြောင့် လူနေအိမ်များ ပျက်စီးမှုများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်သေဆုံးမှုများ၊ လယ်ယာမြေဆုံးရှုံးမှုများ၊ ဝမ်းစာစပါးများပျက်စီးခြင်းတို့ ရှိခဲ့သည်။
“မောင်တောမြောက်ပိုင်းမှာ တံတားလေးစင်းပျက်သွားပါတယ်။ တချို့တံတားငယ်တွေကိုတော့ ပြန်ပြင်နေတာတွေ့ရပါတယ်။ ဝက်ကျိန်းတံတားဆိုရင် ပြုပြင်ထားပါပြီ။ ဒါပေမဲ့ လက်ယာချောင်းလို တံတားကြီးတွေကိုကျတော့ ပြန်ပြင်ဖို့ကြာပါမယ်။ ဒီကြားထဲမှာ ကိုဗစ်ကာလလည်းဖြစ်တော့ မြောက်ပိုင်းရွာတွေက သွားလာရေး ခက်ခဲသွားပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာလိုအပ်ချက်က ပိုလို့တိုးလာနေပါတယ်။ ကျွန်တော်တို့က ရေဘေးသင့်ကျေးရွာ ခြောက်ရွာက အိမ်ခြေ ၃၅၀ ကျော်ကို အဓိကထားပြီး စားနပ်ရိက္ခာ ထောက်ပ့ံနေပါတယ်။ မောင်တောကနေ ကားကဝက်ကျိန်းတံတားအထိသာ သွားလို့ရပါတယ်။ အဲဒီကနေ အထမ်းသမားတွေနဲ့ သယ်ရပါတယ်။ လက်ယာချောင်းကိုကျတော့ လှေနဲ့ကူးရပါတယ်။ တချို့ရွာတွေမှာ ဆန်တွေရှိပေမဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နဲ့ တခြားအသုံးပစ္စည်းတွေ လုံးဝမရှိသလို ဖြစ်နေပါတယ်။ ဒါတွေကို ကျွန်တော်တို့ ရွာအရောက် ပို့ဆောင်ကူညီနေပါတယ်” ဟု မောင်တောမြောက်ပိုင်းရေဘေး ကယ်ဆယ်ရေးလုပ်နေသည့် သက်လူငယ်ပရဟိတစေတနာ့အဖွဲ့မှ ကိုကျော်အေးမောင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ အမိုးအဆင်မပြတ်ရွာသန်းမှုကြောင့် မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များမှ စစ်ဘေးရှောင်စခန်း ၃၀ ကျော်မှာ ရေဘေးဒဏ်ကို ခံစားခဲ့ရသည်။
ဇူလိုင် ၂၃ ရက်ကတည်းက ရေကြီးနေသည့် မြောက်ဦးမြို့နယ်မှ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် ဒီရေတက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးနေသည်မှာ တစ်ပတ်ခန့်အထိ ရေကျသွားခြင်းမရှိခဲ့ပေ။
ရေကြီးနေသည့်အပြင် လူကယ်ပြန်မှ စားနပ်ရိက္ခာထောက်ပံ့မှုမရသည်မှာ တစ်လကျော်ကြာနေပြီး WFP မှလည်း ထောက်ပံ့မှုရပ်တန့်နေသည်မှာ နှစ်လခန့်ကြာမြင့်နေပြီ ဖြစ်သည့်အတွက် စားသောက်ရေးပါ အခက်ကြုံနေရကြောင်း စစ်ဘေးဒုက္ခသည်များက ပြောသည်။
လူဦးရေ ၂၆၀၀ ကျော်ရှိသည့် ပီးပင်ရင်းစစ်ဘေးရှောင် စခန်းတွင်လည်း ချောင်းရေနှင့် မိုးကြီးမှုကြောင့်မြေနိမ့်ပိုင်းမှ အိမ်ထောင်စု ၂၇ စုခန့်မှာ ကြမ်းခင်းအထိ ရေတက်လာ၍ အဆိုပါအိမ်ထောင်စုများကို ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့ထားခဲ့ရသည်။အလားတူ လူဦးရေ ၃၀၀၀ ကျော်ရှိသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း ရေတစ်ပေကျော် နှစ်ပေခန့်အထိ ရေဝင်ခဲ့သည်။
ထို့ပြင် မိုးများပြီး ပန်ဇင်းချောင်းမှ ရေပြည့်လာသည့်အတွက် ဘူးသီးတောင်မြို့ အနိမ့်ပိုင်းရပ်ကွက်သို့ ရေဝင်နစ်မြုပ်ခဲ့ပြီး လမ်းမကျောင်း စစ်ဘေးရှောင်စခန်းရှိ တဲအိမ်တချို့ ရေနစ်မြုပ်ခဲ့ရသည်။ အဆိုပါစစ်ဘေးရှောင်စခန်းသည် ဇူလိုင် ၂၇ ရက် ညမှစတင်ကာ ပန်ဇင်းချောင်း မြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်နေခြင်းဖြစ်သည်။
ကိုဗစ်ကာလ စားနပ်ရိက္ခာ အကျပ်အတည်းများအပြင် လက်ရှိရေကြီးမှုများပါ ဆက်လက်ရင်ဆိုင်နေကြရသည့် ရခိုင်ရှိ ရေဘေးသင့်ပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ်အစီအမံများ လိုအပ်လျက်ရှိနေပြီဖြစ်သည်။ အထူးသဖြင့် မောင်တောမြောက်ပိုင်းမှ တံတားများကို အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်ရန် လိုအပ်နေသည်။
“ဒီလိုကိုဗစ်ကာလ လူတွေအလုပ်အကိုင်မရှိ၊ အသွားအလာကလည်း အခက်အခဲဖြစ်နေကြတော့ ရေဘေးသင့်သူတွေရော၊ တခြားလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ရွာတွေရော ရိက္ခာအခက်အခဲဖြစ်လာနိုင်ပါတယ်” ဟု မောင်တောမြောက်ပိုင်း ရေဘေးကယ်ဆယ်ရေးလုပ်နေသည့် သက်လူငယ် ပရဟိတစေတနာ့အဖွဲ့မှ ကိုကျော်အေးမောင်က ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်