Top News

ဧရာဝတီမှာ COVID-19 ကူးစက်နှုန်း တကယ်ကျဆင်းသွားတာလား
24htopnews | January 19, 2025 8:12 PM CST

ဧရာဝတီတိုင်းဒေသကြီးမှာ သြဂုတ်လဆန်းပိုင်းကစတင်ပြီး တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ COVID-19 ကူးစက်မှုနှုန်းဟာ သိသာစွာလျော့ကျသွားခဲ့ပါတယ်။ ပြည်သူ့ဆေးရုံများနဲ့တရားဝင် COVID-19 စစ်ဆေးလုပ်ဆောင်မှု ဝန်ဆောင်မှုပေးနေတဲ့နေရာများမှာ ပိုးတွေ့လူနာလျော့ကျခြင်းသည် အမှန်တကယ်လျော့ကျခြင်း ဟုတ်မဟုတ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဆေးခန်းအများစု ပိတ်သိမ်းထားဆဲဖြစ်ပြီး ပြည်သူ့ဆေးရုံများတွင် အတည်ပြုလူနာများထားရှိရန် နေရာအခက်အခဲရှိနေချိန်တွင် ပြင်ပစျေးကွက်များအတွင်း COVID-19 စစ်ဆေးနိုင်သည့် Rapid Test Kit များ ပေါများစွာ ရောင်းချနေခြင်း၊ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ခြင်းဟာ အတည်ပြုလူနာအရေအတွက်ကို လျော့ကျစေခြင်းရဲ့ အကြောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

ကိုယ်တိုင်လွယ်ကူစွာ စစ်ဆေးနိုင်တဲ့ Rapid Test Kit များဟာ တစ်ခုကို ငါးထောင်ကျပ်မှ နှစ်သောင်းကျပ်အထိ စျေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူရရှိနိုင်နေတာကြောင့် မိမိကိုယ်ကိုယ် ရောဂါကူးစက်ခံရကြောင်း သံသယရှိသူများဟာ ဆေးရုံများကို သွားရောက်ခြင်းမရှိတော့ဘဲ ကိုယ်တိုင်စစ်ဆေးကာ နေအိမ်မှာပင် ကုသမှုပြုလုပ်ရန်အတွက် ပြင်ဆင်ကြခြင်းဟာ အတည်ပြုလူနာ တွေ့ရှိမှုနည်းပါးရခြင်းလို့ ယူဆစရာရှိပါတယ်။

အတည်မပြုနိုင်တဲ့ သေဆုံးမှုတွေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးဟာ တိုင်းမြို့တော်ဖြစ်သည့် ပုသိမ်မြို့ပဲဖြစ်ပါတယ်။ မနောဖြူလူမှုကူညီရေးက တာဝန်ယူဆောင်ရွက်နေတဲ့ ပုသိမ်မြို့သရောင်းချောင်း သုသာန်တစ်ခုထဲမှာ COVID-19 ကြောင့်လို့ ယူဆရသူတွေကို မီးသဂြိုဟ်ပေးခဲ့ရတာဟာ ဇူလိုင်လ တစ်လအတွင်းမှာ ၈၁၀ ဦး ရှိခဲ့ပါတယ်။ ဒါဟာ ပုသိမ်မြို့ပေါ် တစ်ခုတည်း သေဆုံးနှုန်းဖြစ်ခဲ့ပြီး ဘာသာရေးထုံးစံအရ သင်္ဂြိုဟ်မှုပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ဆုံးပါးခဲ့မှုတွေ မပါဝင်ခဲ့သလို ပုသိမ်မြို့နယ်ရဲ့ လက်အောက်ခံဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံမြို့တွေနဲ့ ကျေးရွာတွေမှာ သေဆုံးခဲ့ရမှုတွေ မပါဝင်သေးပါဘူး။

ဒုတိယသေဆုံးမှုအများဆုံး မြို့ကတော့ မြောင်းမြမြို့ဖြစ်ခဲ့ပြီး သြဂုတ် ၅ရက်အထိ စာရင်းတွေအရ ၈၉ ဦးအထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သြဂုတ် ၅ ရက်အထိ အိမ်မဲမြို့နယ်မှာ ၄၉ ဦး၊ လပွတ္တာမြို့နယ်မှာ ၇၆ ဦး၊ ညောင်တုန်းမြို့နယ်မှာ ၆၄ ဦး သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြို့အများစုမှာ COVID-19 ကြောင့် သေဆုံးသူ စာရင်းတွေကို အတိအကျကောက်ယူဖို့ ခက်ခဲခဲ့ပါတယ်။

COVID-19 တတိယလှိုင်း စတင်ချိန်မှာ အဆင်သင့်မဖြစ်ခဲ့တဲ့ ဆေးရုံတွေနဲ့ အဓိက Quarantine Center အများစုဟာ ပိတ်သိမ်းထားပြီး ဖြစ်တာကြောင့် အတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို ပြည့်စုံတဲ့ Quarantine မထားရှိနိုင်ခြင်းဟာ တတိယလှိုင်းမှာ အထိနာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

“ဒုတိယလှိုင်းပြီးသွားတော့ Volunteer တွေက အရင်လိုတစ်စုတည်း မဟုတ်တော့ဘဲစခန်းတွေ ပိတ်သိမ်းဖို့ပါ လုပ်ထားချိန်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတော့ တတိယလှိုင်းက လာလိုက်တော့ ချက်ခြင်းပြန်ပြီးတော့ မကာကွယ်နိုင်ဘူး ဖြစ်သွားတယ်။ အဲဒီမှာ တတိယလှိုင်းကို ထိန်းမရတော့တာ” ဟု Volunteer တစ်ဦးက ဆိုပါတယ်။

ဇူလိုင်လဆန်းပိုင်းက စတင်လိုက်တဲ့ တတိယလှိုင်းဟာ ဇူလိုင်လလယ်မှာ  ဆေးရုံတွေမှာ နေရာမလုံလောက်တော့တာတွေ၊ အောက်ဆီဂျင်လိုအပ်ချက်တွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် လူသေဆုံးမှု ပိုမိုမြင့်တက်လာပါတယ်။ အချို့ဆေးရုံတွေမှာ အတည်ပြုလူနာကိုပါ ရောဂါအခံမရှိသူတွေကို နေအိမ်ပြန်လွှတ်ရတာတွေ ဖြစ်ကုန်ပါတယ်။ ၀ါးခယ်မမြို့နယ်မှာဆိုရင် ရွေ့လျားဆေးကုမှုပေးရတဲ့ အခြေအနေတစ်ခုကိုပါ မြို့ခံပရဟိတအဖွဲ့တွေက ပူးပေါင်းစီစဉ်ခဲ့ရပါတယ်။     

လူသေဆုံးမှုများခဲ့တဲ့ ပုသိမ်မြို့မှာ ဆေးရုံမှာလူနာထားရှိ ကုသနိုင်စွမ်းထက် ကျော်လွန်လာခဲ့တဲ့ ဇူလိုင် ၁၀ ရက်ခန့်က စတင်ပြီးတော့ နေအိမ်တွေမှာပဲ ဆေးဝါးကုသမှုခံယူရင်း သေဆုံးခဲ့သူဟာ ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူရင်း သေဆုံးခဲ့သူတွေထက် ပိုမိုများပြားလာခဲ့ပါတယ်။ တစ်ရက်တည်း ၆၀ ဦးကျော် သေဆုံးတဲ့ နေ့ရက်တွေရှိလာခဲ့သလို ဇူလိုင်လတစ်ခုလုံးမှာ ပုသိမ်မှာမြို့မှာ COVID-19 နဲ့သေဆုံးခဲ့သူရဲ့ သုံးပုံနှစ်ပုံဟာ နေအိမ်တွေကနေ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဓိကတော့ အောက်ဆီဂျင် လိုအပ်ချက်နဲ့ ဆေးဝါးဝယ်ယူ၍ မရရှိခြင်းပါပဲ။

ဆေးဝါးပြတ်လပ်မှုတွေ

COVID-19 နဲ့ ကူးစက်ခံရမှု များပြားလာချိန်မှာ ဖျားနာမှုတွေအတွက် အခြေခံ ဆေးဝါးလိုအပ်ချက်တွေ ပိုမိုမြင့်တက်လာခဲ့ပြီး ငွေကြေးတတ်နိုင်သူအချို့ဟာ လိုအပ်သည်ထက် ပိုမိုဆေးဝါးဝယ်ယူတာတွေ၊ Online Shopping သမားအချို့က စျေးနှုန်းမြင့်တင်ရောင်းချတာတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြောင့် လွယ်ကူစွာ ဆေးဝါးဝယ်ယူ၍ မရခြင်းဟာလည်း အခက်တွေ့စေရပါတယ်။

ကျေးလက်ဒေသတွေမှာ ပါရာစီတမော့တစ်ကတ်ကို ထောင့်ငါးရာကျပ်နဲ့တောင် ဝယ်ယူနေကြရပြီး မြို့ပေါ်တွေမှာတော့ ဒီကိုဂျင်တစ်ကတ် ခြောက်ထောင်ကျပ်အထိ စျေးနှုန်းမြှင့်တင်မှုတွေ ရှိခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေ၊ ပိတ်ရက်ရှည်ခြင်းတွေနဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးပါပြတ်လပ်မှုရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာခဲ့ပါတယ်။ COVID-19 အတွက် အခြေခံဆေးဝါးတောင်မှ ဝယ်ယူမရရှိခြင်းဟာလည်း သေဆုံးမှုကို မြင့်တက်စေပါတယ်။

“OS သမားတွေဆိုင်ကို လာတယ်ဗျ။ ဒီကိုဂျင်လိုဟာမျိုးက ခဏပစ္စည်းပြတ်သွားပေမဲ့ ပြန်တော့ဝင်လာတာပဲ။ ကုမ္ပဏီတွေက ခွဲတမ်းနဲ့ချပေးတာပဲ။ ဒါကိုတချို့ဆိုင်တွေက OS တွေနဲ့ ပေါင်းလိုက်တယ်။ သူ့ဆိုင်မှာ စျေးတင်ရောင်းရင် နာမည်ပျက်မှာဆိုးတော့ OS တွေကို စျေးတင်ပြီးပေးတယ်။ OS တွေကလည်း စျေးတင်ရောင်းပစ်တယ်။ အဲဒါနဲ့ပစ္စည်းက ထပ်ပြတ်တယ်။ စျေးနှုန်းက ထပ်တက်တယ်။ ကုမ္ပဏီတွေကလည်း ဒါကိုသိတော့ ဆိုင်တွေကိုပါ မယုံတော့ဘဲ ပစ္စည်းကို လိုသလောက်မချပေးတော့ဘဲ ကိုင်ထားကြတယ်။ အဲဒီလိုကနေ ပိုရှုပ်ကုန်တာ။ ထိန်းကွပ်မှုမရှိတော့ စျေးပိုတက်တာပေါ့” ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မြို့ပေါ်ကူးစက်နှုန်း တကယ်ကျဆင်းသွားတာလား

မြို့ပေါ်ကူးစက်နှုန်းဟာ သြဂုတ်လဆန်းပိုင်းက စတင်ပြီးတော့ တရားဝင်စာရင်းတွေအရ သိသာစွာ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ အထက်က ဆိုခဲ့သလိုပဲ ကျန်းမာရေး ဝန်ထမ်းတွေနဲ့သာ စစ်ဆေးလုပ်ဆောင်သင့်တဲ့ Rapid Test Kit တချို့ဟာ စျေးကွက်အတွင်း လွယ်ကူစွာ ရရှိနိုင်တာကြောင့် ကိုယ့်ဘာသာစစ်၊ ကိုယ့်ဘာသာကုသနေတဲ့ လူအချို့များပြားလာခြင်းကြောင့်လည်းဖြစ်သလို ကူးစက်စရာ လူမကျန်သလောက်ဖြစ်သွားပြီး ကူးစက်မှု လျော့ကျလာတာပဲဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ်ပြင်ပထွက်ခွာခွင့် ကန့်သတ်ချက်တွေ၊ ပြည်သူမှပြည်သူသို့ ကူညီဆောင်ရွက်ခြင်းတွေကြောင့်လည်း လျော့ကျခဲ့တာပဲ ဖြစ်ပါတယ်။ မကြာမီ မြို့နယ်တိုင်းလိုလိုမှာ အောက်ဆီဂျင်စက်ရုံတွေ စတင်လည်ပတ်တော့မှာ ဖြစ်တာကြောင့် အောက်ဆီဂျင်လိုအပ်ချက်လည်း နည်းပါးသွားနိုင်ပြီး သေဆုံးမှုလည်း လျော့ကျသွားမယ်လို့ ယူဆရပါတယ်။

စိုးရိမ်ဖွယ်ရာ ကျေးလက်ဒေသ

ဧရာဝတီတိုင်းဒေသကြီးဟာ မြေမျက်နှာသွင်ပြင်အရ ကျယ်ပြန့်သလို လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ဝကျွန်းပေါ် ဒေသဖြစ်တာနဲ့အညီ ကျေးလက်ဒေသအများစုဟာ နွေအခါမှာသာ ကုန်းလမ်းကို အသုံးပြုရပြီး မိုးအခါမှာ ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုရပါတယ်။ ရေလမ်းဟာလည်း မိုးလေမကြီးခင်အချိန်မှာသာ သွားလာရပြီး လေမိုးထန်ချိန်မှာ ကျောက်ချရပ်နား စောင့်ဆိုင်းရတဲ့ ဆက်သွယ်ရေးတစ်ခုပဲဖြစ်ပါတယ်။

ဒုတိယလှိုင်းအထိ အထိအခိုက်နည်းပါးခဲ့တဲ့ ကျေးလက်ဒေသတွေဟာ တတိယလှိုင်းမှာတော့ ရောဂါကူးစက်မှုတွေကို ဆက်တိုက်ကြုံတွေ့နေရပါပြီ။ မြို့ပေါ်ဒေသတွေလို ဆေးဝါး၊ Mask ၊ အောက်ဆီဂျင် လွယ်ကူစွာ မရရှိနိုင်တဲ့ ကျေးလက်ဒေသတွေဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပါတယ်။ ပင်လယ်ကမ်းနီးဒေသ ကျေးရွာတွေမှာ ကျေးရွာတစ်ခုလုံးနီးပါး ဖျားနာနေတာတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ကျေးလက်ဒေသရဲ့ သဘာဝတရားကောင်းမွန်မှုအရ အောက်ဆီဂျင်လိုအပ်ချက်တွေ နည်းပါးနေဆဲဖြစ်ပေမဲ့ ဆေးဝါးလိုအပ်ချက်ကတော့ မြင့်မားနေဆဲဖြစ်ပါတယ်။

“ရွာမှာတစ်ဝက်လောက် ဖျားနေတယ်ဆိုလို့ အိမ်ကိုစက်လှေအကြုံရှိတုန်း ဆေးတွေထည့်ပေးတာ တစ်ပတ်ကျော်ပြီ။ လှိုင်းလေကြောင့် အခုထိ စက်လှေကအကျော်ကြီးဝကို ဖြတ်မရသေးဘူး။ ဖုန်းလိုင်းကလည်း တာဝါတိုင်တွေကို ဆီဖြည့်ပေးမှ စက်လည်မှ လိုင်းကောင်းတာဆိုတော့ တာဝါတိုင်အချို့လည်း ပိတ်နေပြီး ဆက်သွယ်ရေးတောင် အဆင်မပြေဘူး။ ဆေးတွေဆိုတာ ရွာတွေမှာများများရှိတာမဟုတ်ဘူးလေ။ ကုန်စုံဆိုင်လေးက နည်းနည်းတင်ရောင်းတာဆိုတာမျိုးပဲ အခုဖျားနာတာတွေ အနံ့ပျောက်တာတွေ ရွာမှာအများကြီးပဲ။ သေဆုံးတာတော့ နည်းသေးတယ်” လို့ ငပုတောမြို့နယ် အလယ်ကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။

မြို့ပေါ်ကို ထိန်းချုပ်နိုင်စွမ်းရှိလာပြီဆိုလျှင် ကျေးလက်ဒေသတွေကို အဓိကထားပြီးတော့ ဆေးဝါးနဲ့ လိုအပ်တာတွေကို ပို့ဆောင်နိုင်ဖို့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေရှိနေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ COVID-19 ကူးစက်မှု တကယ်လျော့နည်း သွားတာလားဆိုတာဟာ ကျေးလက်ဒေသတွေအပေါ် မူတည်နေပြီး လာမည့်နှစ်ပတ်ခန့်အတွင်းမှာ ထွက်ပေါ်လာမဲ့ အဖြေတစ်ခုပဲဖြစ်ပါတယ်။ အချိန်သင့်တုန်း ကာကွယ်နိုင်မယ်ဆိုပါက ကူးစက်မှုနှုန်းတွေ တကယ်ပြန်လည်ကျဆင်းသွားနိုင်ပြီး မကာကွယ်နိုင်ခဲ့လျှင်တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ကျေးလက်ဒေသတွေအတွက် စိုးရိမ်စရာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။                     


READ NEXT
Cancel OK