Top News

ကြေကွဲမှုအရောင်
24htopnews | January 19, 2025 8:12 PM CST

(၁)

လူ့ဘဝက ရေပွက်ပမာ ဆိုပေမဲ့ ကြုံရဆုံရတဲ့ အဲဒီကာလလေးမှာ ကျွန်တော်တို့ဟာ သံယောဇဉ်အထပ်ထပ်နဲ့ နှလုံးသားအလိုကျ ကပြဖျော်ဖြေခဲ့ကြတယ်။ ကိုယ့်ရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ကပြဖျော်ဖြေရင်း အမျိုးမျိုးသော ဘဝအတွေ့အကြုံတွေကိုလည်း ဖြတ်သန်းရင်းနဲ့ပေါ့။

ဘဝကြီးက မှော်ဆန်ပြီး ကံတရားက မျက်လှည့်ဆရာနဲ့ တူတယ်။ ဘဝရဲ့ နွံတောကြီးထဲမှာ ကျွန်တော်တို့ဟာ ပျော်မွေ့ရင်း နစ်လိုက်၊ ပေါ်လိုက်၊ မြုပ်လိုက်နဲ့ တဖြည်းဖြည်း အသက်တွေက ရင့်ရော်လာခဲ့ကြတယ်။

ဘဝကို မှော်ဆန်ဆန်ဖြတ်သန်းရတဲ့ တစ်လျှောက်လုံးမှာလည်း ကျွန်တော်တို့မှာ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အံ့သြမှုတွေ၊ ခံပြင်းမှုတွေ၊ နာကျည်းမှုတွေ စတဲ့ ခံစားမှု အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ကြရတယ်။

ကျွန်တော်တို့ ဘဝကို ကံတရားက ကြိုးကိုင်ခြယ်လှယ်နေပြီး သူစေစားရာအတိုင်း ငြင်းဆန်ပိုင်ခွင့် မရှိခဲ့ဘူး။ ဒါကြောင့်လည်း ကံတရားဆီကနေ ကျွန်တော်တို့ဟာ ကောင်းကျိုးရော၊ ဆိုးကျိုးတွေကိုပါ ပိုင်ဆိုင်ခဲ့ရတာ မဟုတ်လား။ အဲဒီလိုရရှိခဲ့ရာမှာ ကျွန်တော်တို့ မိသားစုဝင်တွေကစလို့ ကျွန်တော်တို့ သက်ဆိုင်သမျှ အရာအားလုံး ပါဝင်ခဲ့တယ်။

လူရယ်လို့ဖြစ်လာပြီဆိုရင် သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ပါးပါးလေးရပ်ခံနေရတာ မဟုတ်လား။ ရှင်ခြင်းမှာ ကျွန်တော်တို့က ချစ်ခြင်းမေတ္တာတွေကို ရင်နဲ့ဆန့်သလောက် ခူးခဲ့ကြတယ်။ ရှင်ခြင်းဟာ ကျွန်တော်တို့အတွက် ဘယ်လောက်သောက်သောက် ငတ်မပြေတဲ့ ပင်လယ်ရေပဲ။ ရှင်ခြင်းမှာ ကျွန်တော်တို့က အစွဲအလန်းတွေ ကြီးခဲ့တယ်။ ရှင်ခြင်းမှာ ကျွန်တော်တို့က အတ္တတွေကြီးခဲ့တယ်။ ရှင်ခြင်းမှာ ကျွန်တော်တို့က အလိုရမ္မက်တွေ များခဲ့တယ်။ ရှင်ခြင်းမှာ ကျွန်တော်တို့ဟာ အကောင်းဆုံးတွေကိုပဲ မျှော်လင့်ခဲ့ကြတယ်။ ရှင်ခြင်းမှာ ကျွန်တော်တို့ဟာ ဥစ္စာဓနတွေကို ရှာဖွေခဲ့ကြတယ်။ ရှင်ခြင်းမှာ ကျွန်တော်တို့ဟာ အိပ်မက်တွေ နောက်ကို လိုက်ခဲ့ကြတယ်။ ရှင်ခြင်းမှာ ကျွန်တော်တို့ဟာ အယူဝါဒတွေ ကွဲပြားခဲ့ကြတယ်။

ရှင်ခြင်းမှာ သင်ယူရခြင်းတွေကလည်း မကုန်နိုင်ဘူး။ ရှင်ခြင်းမှာ လိုချင်စရာတွေကလည်း မကုန်နိုင်ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့က သေခြင်းတရားကို မေ့ခဲ့တယ်။ ငါစွဲေတွေ ကြီးလာတယ်။ ငါ့အတွက်မှ မဟုတ်ရင် အားလုံးကို ငြင်းခဲ့တယ်။ ငါ့အကြောင်းကလွဲရင် ကျန်တာ ဖွဲနဲ့ဆန်ကွဲချည်းပဲ။ ကြာတော့ ငါတွေထပ်လာတယ်။ ငါတွေ ပုံလာတယ်။ ငါ့ အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက်ဆိုပြီး ငါပြီးရင်းငါ ဖြစ်လာတယ်။ ငါ တကောကော ဖြစ်လာတယ်။

ကြာတော့ အနတ္တကို မမြင်တော့ဘူး။ ကြာတော့ ဓမ္မနဲ့ အဓမ္မကို မခွဲခြားနိုင်တော့ဘူး။ ကြာတော့ အဝိဇ္ဇာဖုံးလာတယ်။ ကြာတော့ မမြဲခြင်းတရားကို မေ့လာတယ်။ ကြာတော့ ဘဝမှာ အသိနဲ့ သတိတရားက ပျောက်ကွယ်နေခဲ့တယ်။

(၂)

“တတိယလှိုင်း”

အနံ့လည်း မသိတော့ဘူး

အရသာလည်း မရှိတော့ဘူး

နေ့စဉ်ကူးစက်မှုနှုန်းနဲ့

နေ့စဉ်သေဆုံးမှုနှုန်းမှာ

ငါတို့ အကျအရှုံးများရတယ်။        ။

ကပ်ဘေးနဲ့ ကြုံရတဲ့အခါ သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့တွေ့ခဲ့ရတယ်။ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သေခြင်းတရားနဲ့ စီးချင်းထိုးပြီး လူ့ဘဝကနေထွက်ခွာသွားသူတွေကို တုန်လှုပ်စွာ တွေ့တော့မှ မမြဲခြင်းတရားမှာ အသိက ဝင်လာသလို သတိလည်း ကပ်လာနိုင်ခဲ့တယ်။

စားသတိ၊ သွားသတိ၊ လာသတိ၊ အိပ်သတိနဲ့ အမြဲသတိကပ်နေရတယ်။ အိမ်မှာ အဖေနဲ့အမေက အသက်အရွယ်ကြီးပြီဖြစ်တဲ့အတွက် ပိုပြီး သတိထားရသလို ဒီရောဂါက လူတန်းစားမရွေး ကူးစက်နိုင်တဲ့အတွက် တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကူးနိုင်တာမို့ ပိုပြီးသတိထားရတယ်။ အိမ်မှာကလည်း မိသားစုသုံးယောက်ပဲရှိတာမို့ များတယ်လို့ မဆိုနိုင်သလို နည်းလည်း မနည်းဘူး။

တတ်နိုင်သမျှ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာမှာနေရင်း၊ နှာခေါင်းစည်းတပ်ရင်း မိသားစုဆိုပေမဲ့ သတိနဲ့ နေထိုင်ကြရတယ်။ သတိနဲ့ စားသောက်ရတယ်။ ကျန်းမာရေးသတိ အစဉ်ရှိရတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် ဗဟုသုတရှာမှီး ရတယ်။ ဆေးနည်းပေါင်းစုံကို ဖတ်ရှုရတယ်။ ကာကွယ်နည်းပေါင်းစုံကိုလည်း တစ်ခုမကျန် လေ့လာရတယ်။ ဒီကပ်ရောဂါက လူကြီးပိုင်း အများစု ကူးပြီဆိုရင် ပစ်လိုက်ရတဲ့အထိ ဖြစ်တာမို့ မိဘနှစ်ပါးစလုံးကတော့ ပိုပြီးဆင်ခြင်ရတာပေါ့။ အဖေက ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါရှိတဲ့အတွက် ပိုပြီး သတိထားရတယ်။ 

မိတ်ဆွေတွေထဲက သူတို့ရဲ့ အမိအဖတွေ ကပ်ရောဂါကြောင့် တိမ်းပါးသွားကြောင်း ကြားသိရတဲ့အခါ ပိုပြီး ဂရုစိုက်ရတယ်။ အကြောက်တရားကလည်း ပိုပြီးကြီးလာခဲ့တယ်။ ဘယ်လောက်ပဲ သတ္တိကောင်းတယ်ပြောပြော သေခြင်းတရားနဲ့ တကယ်ရင်ဆိုင်ရတဲ့အခါ အနည်းဆုံးတော့ ကြောက်စိတ်က ဖြစ်မိတာပဲ မဟုတ်လား။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နေ့စဉ် ထိတွေ့နေရတဲ့ နာရေးတွေကအနည်းဆုံးတော့ စိတ်ကို ဒဏ်ရာရစေခဲ့တယ်။ လူတကာရဲ့ ပူဆွေးမှုတွေက လူမှုကွန်ရက်စာမျက်နှာကနေ ကျွန်တော်တို့ ကိုယ်ထဲကို စီးဝင်လို့။ သူတို့လိုပဲ ကျွန်တော်တို့လည်း တစ်ကိုယ်လုံးမှာ မျက်ရည်ကျရတယ်။ ဘာကြောင့်လဲဆိုတော့ အခုသေဆုံးသွားသူတွေထဲမှာ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့လူတွေ ပါဝင်သလို ပိုက်ဆံမရှိတဲ့အတွက်ကြောင့် အောက်ဆီဂျင် ပြတ်ပြီး သေဆုံးရတဲ့ လူတွေလည်း ပါဝင်ပါတယ်။  ပြောရရင် အများစုက မသေသင့်ဘဲ သေခဲ့ရတဲ့လူတွေပါ။ သေမင်းက အပြစ်မရှိတဲ့ သူနဲ့ တန်ဖိုးဖြတ်မရတဲ့သူ အများစုကိုပဲ ခေါ်ဆောင်လေ့ရှိတာကတော့ အကောင်း ကြိုက် လွန်းတယ်လို့ ဆိုရမလားပဲ။

 (၃)

“မျက်ရည်များ ဝေဝေဆာဆာ”

ဘယ်ဘုရားဖြစ်ဖြစ်

ဘယ်တရားဖြစ်ဖြစ်

ကူးစက်မှုက အမြန်ဆုံးနှုန်းနဲ့

သေခြင်းတရား။

စိတ္တိဇဟာ အိပ်မရတဲ့ညမို့

နေ့စဉ်

ကမ္ဘာကြီးကိုလည်း စိတ်ပူရ

ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပူရ

ဒွိဟမှာ

ငတ်သေမလား

သတ်သေရမလားပဲ။                ။

ကပ်ဘေးနဲ့ အငတ်ဘေးကို ကျွန်တော်တို့က ပြိုင်တူခုခံနေရတာပါ။ နေ့စဉ်ကူးစက်မှုဒဏ်ကို ကြံ့ကြံ့ခံရင်း တစ်ဖက်ကလည်း စားဝတ်နေရေးအတွက် ရှာဖွေရင်း ဘဝကြီးကို ခက်ခဲကြပ်တည်းစွာ ရင်ဆိုင်နေရတယ်။ အိမ်ထဲမှာ နေပါဆိုတော့လည်း အိမ်ထဲမှာ နေရ။ အာဟာရရှိတာတွေစားပါဆိုတော့လည်း မရှိ ရှိတာကိုစားရ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ရ။ ကိုယ်လက်လှုပ်ရှားမှုပြုရ။ ရေနွေးငွေ့ရှူရ၊ ရေနွေးသောက်ရ။ အိပ်ရေးဝဝအိပ်ရ။ အပြင်ကပြန်လာရင် ခေါင်းလျှော်ရေချိုးရ။ အလုပ်ကို ရှုပ်နေတာပါပဲ။ ဒီလို ရင်ဆိုင်နေရတဲ့ကြားက နေ့စဉ်ကူးစက်ခံရသူတွေလည်း မနည်းပါဘူး။

လက်ရှိမှာ ကူးစက်မှုဖြစ်ပြီဆိုတာနဲ့ ကျွန်တော်တို့ဟာ ရှင်သန်နိုင်မယ့်နည်းလမ်းတွေကို သင်ယူရတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မသိပေမဲ့လည်း ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတာ တစ်ခုတည်းနဲ့ ကျွန်တော်တို့တွေ ရှင်သန်နိုင်မယ့် နည်းလမ်းတွေကို မျှဝေခဲ့ကြတယ်။ ဆေးဆိုလည်းဆေး။ အောက်ဆီဂျင်ဆိုလည်း အောက်ဆီဂျင်။ ငွေကြေးဆိုလည်း ငွေကြေး။ ဘယ်အရာမဆို လွယ်လွယ်ကူကူရတာတော့ မဟုတ်ဘူး။ ကိုယ့်ငွေကိုယ်ထုတ်ဖို့ တန်းစီရ။ အသက်ဝဝရှူနိုင်ဖို့အတွက် အောက်ဆီဂျင်ကိုလည်း တန်းစီရ။ လူတွေလည်း လူလို့တောင် ခေါ်ဖို့ မကောင်းတော့ဘူး။ ရ မရ မသိပေမဲ့လည်း နေ့နေ့ညည ပိုက်ဆံဆိုလည်း ပိုက်ဆံဖို့ မိုးမလင်းခင် ထတန်းစီရ။ အောက်ဆီဂျင်ဆိုလည်း အောက်ဆီဂျင်မို့ နေပူမရှောင်၊ မိုးရွာ မရှောင် ညအိပ်ညည့်နေ သွားတန်းစီရ။ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံရတဲ့အခါ ဘယ်ဘုရားကို တိုင်တည်လို့ တိုင်တည်ရမှန်းမသိ။ ဘယ်တရားနဲ့ စိတ်ဖြေလို့ ဖြေရမှန်းမသိ။ ပူလိုက်တဲ့ ဘဝတွေ။ လောင်လိုက်တဲ့ဘဝတွေ။ ဝဋ်ကြွေးက ကြီးလွန်းတယ်။ လူဖြစ်လျက်နဲ့ ငရဲခံနေရသလိုပဲ။ ဒီလောက်လုပ်နေတဲ့ကြားက နေ့မြင် ညပျောက်ဘဝတွေ များလာတယ်။ အခုပဲ အောက်ဆီဂျင်လိုလို့ အကူအညီတောင်း မကြာခင်မှာပဲ ဆုံးသွားပြီဆိုတဲ့ မိတ်ဆွေအပေါင်း အသင်းတွေရဲ့ မိဘတွေ၊ ဆွေမျိုး၊ ညီအစ်ကိုတွေအကြောင်းကြားရတာလည်း ကိုယ့်နားကိုယ် မယုံနိုင်ခဲ့ဘူး။ ကွေးသော လက်မဆန့်မီဆိုတဲ့ တရားကို ကျွန်တော်တို့က နေ့စဉ်မျက်ရည်နဲ့ သင်ယူရတယ်။ 

(၄)

“သည်းထိတ်ရင်ဖို”

ဘယ်ကလာသလဲ

ဘယ်လောက်နာနာကျင်ကျင်

ရှင်သန်ပြရဦးမှာလဲ

တစ်ခုပဲ

အသက်ကို တံခါးလောခေါက်တဲ့

သေမင်းဆိုလည်း

ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ်

ပျော်ပျော်ရွှင်ရွှင်သေပြချင်ရုံပါပဲ။    ။

ကြာတော့ လက်ပန်းကျလာတယ်။ ကြာတော့ စိတ်ဓာတ်ကျလာတယ်။ ကြာတော့ လူ့ဘဝကို စိတ်ပျက်လာတယ်။ ကြာတော့ လူ့အဖြစ်ကနေ လွတ်မြောက်ချင်လာတယ်။ ပျော်ရွှင်ခြင်းနဲ့ လူသားဆန်မှုတွေက ဘဝမှာ တဖြည်းဖြည်းပျောက်ဆုံးလာတဲ့အခါ ကျွန်တော်တို့က ကိုယ့်လာရာလမ်းအတိုင်း အိမ်ပြန်ခဲ့ချင်ရုံပါ။

(၅)

ဘဝမှာ ဘယ်အချိန်ဟာ အခက်ခဲဆုံးလဲ လို့မေးရင် ရှင်သန်ရတာ ခက်ခဲတယ်လို့ပဲ ဖြေပါရစေ။ ဒီထက်ပိုပြောရရင် ဒီခေတ်ဆိုး ခေတ်ပျက်ကြီးမှာ ရှင်သန်ရတာ ပိုပြီး ခက်ခဲတယ်လို့ ဆိုပါရစေ။ ဒီအချိန်မှာ ဘယ်သူ့ မေးမေးအသံကွဲပေမဲ့ အကြောင်းတူတဲ့အဖြေပဲ ရပါလိမ့်မယ်။

“ကြေကွဲမှုအရောင်”

လမ်းဟာ

ငါတို့မျက်လုံးတွေ ကန်းသွားတဲ့အထိ

လွမ်းရတယ်။

ဘယ်လိုအကြောင်းပြချက်နဲ့

သေမင်းက

အကောင်းကြိုက်တတ်တာလဲ။

ကွေးသောလက်မဆန့်မီ

အဲဒီတရားကို

မျက်ရည်နဲ့ သင်ယူရ။

လူတိုင်းသွားရမယ့်လမ်းဆိုပေမဲ့

ခင်ဗျားတို့နာမည်ပေးလိုက်တဲ့အချိန်က

စောလွန်းတယ်။

တကယ်တော့

ခင်ဗျားခွဲခွာသွားခြင်းကလည်း

ကျွန်တော်တို့ အသည်းကွဲရခြင်းပါပဲ။


READ NEXT
Cancel OK