Top News

တောင်ကိုရီးယားသမ္မတယွန်းဆော့ယိုကို ထောက်ခံသူများက ဆိုးလ်မြို့တော်ရှိ တရားရုံးကို စီးနင်းတိုက်ခိုက်
24htopnews | January 19, 2025 7:12 PM CST

တောင်ကိုရီးယားသမ္မတယွန်းဆော့ယိုကို ထောက်ခံသူများက ဆိုးလ်မြို့တော်ရှိ တရားရုံးတစ်ရုံးကို ဇန်နဝါရီ ၁၉ ရက်က စီးနင်းတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့်လက အောင်မြင်ခြင်းမရှိခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုအတွက် စွပ်စွဲပြစ်တင်ခံထားရသည့်ယွန်းကို ဆက်လက်ထိန်းသိမ်းထားရန် တရားသူကြီးတစ်ဦးက ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးပေးခဲ့ပြီးနောက် ယွန်းအားထောက်ခံသူများက တရားရုံးကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သောင်းနှင့်ချီသည့် ပြည်သူများသည် ယွန်းကို ထောက်ခံကြောင်းပြသရန်အတွက် ဇန်နဝါရီ ၁၈ ရက်ကတည်းက ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးအပြင်ဘက်တွင် စုရုံးခဲ့ကြခြင်းဖြစ်သည်။

ယွန်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး သူသည် တောင်ကိုရီးယားနိုင်ငံသမိုင်းတွင် ရာထူးလက်ဝယ်ရှိနေစဉ် ဖမ်းဆီးခံရသည့် ပထမဆုံး သမ္မတဖြစ်လာခဲ့သည်။

တရားရုံးက ဇန်ဝါရီ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်တွင် ယွန်းအားထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးခဲ့ပြီးနောက် ယွန်းအားထောက်ခံသူများက တရားရုံးအဆောက်အအုံအတွင်းသို့ဝင်ကာ ပြတင်း ပေါက်မှန်များ၊ တံခါးများကို ရိုက်ခွဲဖျက်ဆီးခဲ့သည်။

တရားရုံးအတွင်းသို့ ရာနှင့်ချီသည့် ရဲအရာရှိများက ဝင်ရောက်ပြီး ဒါဇင်နှင့်ချီသည့် ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ကာ တရားမဝင်အကြမ်းဖက်မှုဖြစ်ရပ်တစ်ခုအဖြစ် ရှုတ်ချခဲ့သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သော်လည်း လွှတ်တော်က ထိုအမိန့်ကို မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့သည်။

ထို့နောက် ယွန်းသည် နာရီပိုင်းအတွင်းမှာပင် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

လွှတ်တော်ကမူ ယွန်းကို ဒီဇင်ဘာ ၁၄ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့ပြီး သမ္မတတာဝန်များမှ ဆိုင်းငံ့ခဲ့သည်။

ယွန်းကမူ ၎င်း၏ စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်နေရပြီး အခြားပုန်ကန်မှုစွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံနေရသည့်တိုင် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

လက်ရှိတွင် တရားရုံးက ယွန်းအား ထိန်းသိန်းထားခွင့်ကို သက်တမ်းတိုးပေးခဲ့သဖြင့် စုံးစမ်းစစ်ဆေးသူများသည် ယွန်းကို နောက်ထပ်ရက်ပေါင်း ၂၀ ထပ်မံထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ဆိုးလ်တရားရုံးက ပြော ကြားခဲ့သည်။

ယွန်းကို ပြန်လွှတ်ပေးလိုက်ပါက ယွန်းသည် သက်သေအထောက်အထားများကို ဖျက်ဆီးပစ်မည်ကို စုံစမ်းစစ်ဆေးသူများက စိုးရိမ်နေကြသည်။

ခရစ်ယာန်ဘာသာဝန်များ၊ လက်ယာယိမ်း လူမှုမီဒီယာထင်ရှားကျော်ကြားသူများ အပါအဝင် ၎င်းအားထောက်ခံကြသူများကို ယွန်းက ကျေးဇူးတင်ခဲ့ပြီး ၎င်းတို့၏ ပြင်းထန်သည့် မျိုးချစ်စိတ်ဓာတ်အတွက် ကျေးဇူးတင်စကားကို ရှေ့နေများမှတစ်ဆင့်အမှာစကားပါးခဲ့သည်။

ယွန်းအားထောက်ခံသူများကမူ အတိုက်အခံများသည် ယွန်းအား သက်သေအထောက်အထားမပြနိုင်ဘဲ စွပ်စွဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။       

Ref: AFP


READ NEXT
Cancel OK