
ယခင်စံချိန်များကို ကျော်လွန်၍ ကျပ် ၁၇၀၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်း
တစ်ပတ်အတွင်း ပြည်တွင်း ရွှေစျေးနှုန်းများ ကျပ် ၁၇၀၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဗဟိုဘဏ်မှ ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းချမှု စတင်ပြီးနောက် ပြည်တွင်းရွှေစျေး ကျပ် ၁၆၂၅၀၀၀ သိန်းဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မေလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၃ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ငါးရက်အတွင်း ကျပ်နှစ်သိန်းဝန်းကျင် အထိခုန်တက်ခဲ့ပြီး ကျပ် ၁၆၉၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းပြီး မေ ၁၂ ရက် ညနေပိုင်းတွင် ရွှေစျေးနှုန်းများ ကျပ် ၁၆ သိန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေး ၁၈၄၂ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်း ရေစျေးနှုန်းမှာ လေးရက်အတွင်း ကျပ် တစ်သိန်းဝန်းကျင် ခုန်တက်ခဲ့ပြီး ကျပ် ၁၆၂၀၀၀၀ ဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ ရွှေစျေး ၁၈၃၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ သုံးရက်အတွင်းကျပ် ခြောက်သောင်းကျော် ခုန်တက်ခဲ့ပြီး ကျပ် ၁၅၈၀၀၀၀ ဝန်း ကျင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဗဟိုဘဏ်က ဒေါ်လာ ၁၂ သန်းကို စျေးပြိုင်လေလံရောင်းချခြင်း
(မေ ၁၃ ရက်) မှစ၍ ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ဒေါ်လာ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း ငွေလဲကောင်တာ (Money Changer) လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှတစ်ဆင့် ရောင်းချမည့် အမေရိကန်ဒေါ်လာ စျေးနှုန်းကို တစ်ဒေါ်လာလျှင် ၁၆၄၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
ဗဟိုဘဏ်က ငွေလဲကောင်တာ (Money Changer) အချို့မှ ဒေါ်လာရောင်းချရာတွင် လူတစ်ဦး (သို့မဟုတ်) မှတ်ပုံတင် တစ်ခုကို သတ်မှတ်ထားသည့် ဒေါ်လာ အရေအတွက်အတိုင်း ရောင်းချပေးမည်ဖြစ်ကြောင်း ငွေလဲကောင်တာ (Money Changer) လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
၂၀၂၁ ခုနှစ် မေ ၁၃ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာခြောက်သန်း ရောင်းချခဲ့သည်။ လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၆၆၉ ဒသမ ၅ ကျပ်ဖြစ်သည်။ မေ ၁၂ ရက်ကလည်း နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာ ခြောက်သန်းကို ဗဟိုဘဏ်က ရောင်းချခဲ့သည်။ သို့ဖြစ်ရာ ဗဟိုဘဏ်သည် တစ်ပတ်အတွင်း ဒေါ်လာ ၁၂သန်းအား စျေးပြိုင်လေလံဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ ရောင်းချသော ဒေါ်လာများကို ငွေလဲကောင်တာများမှ တစ်ဒေါ်လာ လျှင် ၁၆၄၅ ကျပ်ဖြင့် မေ ၁၂ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဝယ်ယူသူတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ အထိ ဝယ်ယူနိုင်သည်။ ဝယ်ယူရာတွင် မှတ်ပုံတင် ယူဆောင်လာရမည်ဖြစ်ကြောင်းနှင့် ဝယ်ယူလိုသည့်အကြောင်းအရင်း၊ လိပ်စာတို့ကိုပါ ဖြည့်စွက်ရကြောင်း၊ ငွေလဲကောင်တာတွင် လာရောက်၍ စာရင်းပေးသွင်း ထားသူများကို ဦးစားပေးရောင်းချခဲ့ပြီး အချို့ငွေလဲကောင်တာများတွင်မူ မက်ဆင်ဂျာ သို့မဟုတ် Viber စနစ်မှတစ်ဆင့် ဘွတ်ကင်တင်၍ ဝယ်ယူနိုင်ကြောင်း၊ အရေအတွက်ငွေပမာဏ အကန့်အသတ် ရှိသောကြောင့် လူဦးရေ အကန့်အသတ်ဖြင့်သာ ရောင်းချပေးမည် ဖြစ်ကြောင်း ငွေလဲကောင်တာများမှ သိရသည်။
ဒေါ်လာစျေး ပြန်လည်ကျဆင်းခဲ့သော်လည်း ဆက်လက်မြင့်တက်နေသည့် ပြည်တွင်းစက်သုံးဆီစျေး
သုံးရက်အတွင်း ဒေါ်လာစျေး တစ်ဒေါ်လာလျှင် ကျပ် ၉၀ ဝန်းကျင်အထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီစျေး ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာရ၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
မေ ၁၃ ရက်တွင် ဒီဇယ်တစ်လီ တာလျှင် ၉၉၅ ကျပ်၊ ပရီမီယံဒီဇယ် တာ ၁၀၁၅ ကျပ်၊ အောက်တိန်း တစ်လီတာ ၉၉၅ ကျပ်၊ အောက်တိန်း တစ်လီ တာ ၁၀၈၀ ကျပ်အထိရှိလာကြောင်း ပြည်တွင်း စက်သုံးဆီအရောင်း ဆိုင်များမှ သိရ သည်။
မေ ၁၄ ရက်က ဒီဇယ်တစ်လီတာလျှင် ၁၀၀၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၁၀၁၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ၁၀၀၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၉၀ ကျပ် စျေးအထိ ဆက်လက်မြင့်တက်နေသည်။
ပြည်တွင်းစက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၉၉၀ ကျော်မှ ၁၁၀၀ နီးပါးအထိရှိလာပြီး သုံးလအတွင်း ပျမ်းမျှ စက်သုံးဆီစျေးနှုန်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ဖေဖော်ဝါရီလဆန်းမှ လက်ရှိအချိန်အထိ သုံးလကျော်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ်ကျော်၊ အောက်တိန်း 92 Ron တစ်လီတာ ၃၇၀ ကျပ်ကျော်၊ အောက်တိန်း 95 Ron တစ်လီတာ ၃၃၀ ကျပ်ကျော်အထိ အသီးသီးမြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်း တင်သွင်းမှုမှတန်ဖိုး ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန်တစ်သန်းကျော် လျော့ကျခဲ့သည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်း လျော့ကျခဲ့သည်။
အဆိုပါကာလအတွင်း ဒီဇယ် တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျခဲ့သည်။
ထို့အတူ ဓာတ်ဆီတန်ချိန် တစ်သန်းကျော် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်သုံးသိန်းခွဲကျော် လျော့ကျပြီး တန်ဖိုး ဒေါ်လာ ၂၂၇ ဒသမ ၁၈၇ သန်း လျော့ကျခဲ့သည်။
စာရင်းသေအပ်ငွေအတိုးနှုန်း တိုးမြှင့်ပေးခဲ့သည့် ပုဂ္ဂလိကဘဏ်များ
၂၀၂၁ ခုနှစ် မေ ၁၂ ရက်မှ စတင်ကာ Fixed Deposit (တစ်လနှင့်သုံးလအတွက်) အတိုးနှုန်း အသစ်များ တိုးမြှင့်ပေးထားကြောင်း၊ တစ်လအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့်သုံးလအတွက် အတိုးနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအသီးသီးတိုးမြှင့်လိုက်ကြောင်း၊ Customer များအတွက် ငွေများ တိုးပွားပြီး လုံခြုံစိတ်ချစွာထားရှိရန် AGD ဘဏ်ခွဲများသို့ လာရောက် စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် AGD ဘဏ်မှ ငွေထုတ်ယူရန် တိုကင်စနစ်ကို ပြန်လည်ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း၊ တိုကင်ရယူမှုပိုမိုအဆင်ပြေစေရန် တနင်္လာမှသောကြာနေ့အထိ နေ့စဉ်ရက်အလိုက် ငွေသား ထုတ်ယူမှုပြုလုပ်နိုင်သော ဘဏ်ခွဲများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘဏ်ခွဲများတွင် ငွေသားထုတ်ပေးသည့်ရက်တွင် တစ်ဦးချင်းစုငွေမှာ ထုတ်ယူနိုင်သော ပမာဏမှာ တစ်ပတ်လျှင် ကျပ်သုံးသိန်းသတ်မှတ်ထားပြီး အခြားသော ဘဏ်ဝန်ဆောင်မှုများကိုမူ ဘဏ်ခွဲများတွင် နေ့စဉ် (ငွေထုတ်ပေးသောရက်မှအပ) တိုကင်မလိုဘဲ ဆောင်ရွက်ပေးမည်ဖြစ်သည်။
CB ဘဏ်ကလည်း CB ဘဏ်တွင် အပ်နှံသော စာရင်းသေအပ်ငွေ (Fixed Deposit) များအတွက် အပ်နှံငွေပမာဏအပေါ်မူတည်၍ အတိုးနှုန်းများ ထုတ်ပြန်ထားသည်။
တစ်လအတွက် ၇ ဒသမ ၄ ရာခိုင်နှုန်းမှ ၈ ဒသမ ၄ ရာခိုင်နှုန်းသို့ လည်းကောင်း၊ သုံးလအတွက် ၇ ဒသမ ၄ ရာခိုင်နှုန်းမှ ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ခြောက်လအတွက် ၇ ဒသမ ၆၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၁၅ ရာခိုင်နှုန်း၊ ကိုးလအတွက် ၇ ဒသမ ၆ ရာခိုင်နှုန်းမှ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ တစ်နှစ်အတွက် ၇ ဒသမ ၈၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၄ လအတွက် ၈ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်။
CB ဘဏ်တွင် အပ်နှံထားသော Old A/C မှ ဖြစ်စေ၊ စာရင်းသစ်ဖွင့်လှစ်သော New A/C မှ ဖြစ်စေ ငွေသားပေးသွင်း၍ ဖြစ်စေ အပ်နှံနိုင်ကြောင်း သိရသည်။
စာရင်းသေအပ်ငွေသက်တမ်း မပြည့်မီ လိုအပ်ချက်ကြောင့် ငွေပြန်လည်ထုတ်ယူလိုပါကလည်း Customer များ အတိုးမနစ်နာစေရန်အတွက် အနီးစပ်ဆုံးကာလ၏ စာရင်းသေအပ်ငွေအတိုးနှုန်းဖြင့် တွက်ချက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် CB ဘဏ်တွင် မူလအပ်နှံထားသော စာရင်းသေအပ်ငွေများကိုလည်း သက်တမ်းပြည့်ပါက သက်တမ်းအသစ်တွင် အပ်နှံငွေ ပမာဏအပေါ်မူတည်၍ ယခုအတိုးနှုန်းအတိုင်း ပြောင်းလဲသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရိုးမဘဏ်က စာရင်းသေအပ်ငွေအတွက် တစ်လနှင့်နှစ်လအတွက် အတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း၊ သုံးလအတွက် ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအတွက် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ ကိုးလအတွက် ၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ ၁၂ လအတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း ပြောင်းလဲပြီး အဆိုပါ အတိုးနှုန်းအသစ်ကို ၂၀၂၁ ခုနှစ် မေ ၁၄ ရက်မှ စတင်အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်