Top News

နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဌပြောကြား
24htopnews | January 18, 2025 7:12 PM CST

နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဌက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ယနေ့(ဇန်နဝါရီ ၁၇ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင်  နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းရပ်အလိုက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်စီမံကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ် ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျ စိုက်ပျိုးမွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးသို့ သွားရန်လိုကြောင်း၊ ၎င်းအတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကိုကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒေသအလိုက်ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သော မြန်မာ့ယဉ်ကျေးမှု အတတ်ပညာရပ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်လည်း လူသားအရင်းအမြစ်များ လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန် ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် တိုးတက်တင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှထုတ်လုပ်သည့်ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီးဈေးနှုန်းသင့်တင့်ရန်နှင့်ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက်လည်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီး ဖြစ်သဖြင့် ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ပေးခဲ့ပြီး ထပ်မံ၍လည်း MSME ထုတ် ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရန် အလားအလာကောင်းသည့် နယ်ပယ်များနှင့် ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် ဒေသတွင်းနေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက အသားငါးများ ဈေးနှုန်းကြီးမြင့်မှုကို တက်နိုင်သမျှ ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ယူဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်မှအရင်းအနှီးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ ရှိသည်ဖြစ်သဖြင့် တစ်ဦးချင်းမဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများဆွေးနွေး၍စုပေါင်းသမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အ​ပြင် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတ သည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း၊ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိသည်ကို တွေ့ရှိရကြောင်း၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်း အမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကပြောကြားသည်။

လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်း လုပ်သားများရှားပါးလာကြောင်း၊ အလားတူရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်း အတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကပြောကြားသည်။

ထို့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းများကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေး အတွက် မိမိတို့အနေဖြင့်မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမှ သာလျင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်းလာမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းအောင် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ဧကလျာထားမှုနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ထားမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာအဆင့် ပညာသင်ကြားသင်ယူမှုအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု ပိုမိုလွှမ်းခြုံနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အသားငါးကဏ္ဍ ဖူလုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ စက်မှုဇုံများ တိုးတက်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားမှုများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကောက်ခံရရှိမှု အခြေ အနေများ၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားငွေရရှိမှု အခြေအနေများ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ခရီးသွား ဧည့်သည်ဝင်ရောက်မှု အခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် သုံးစွဲမှုအခြေနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်ချေးငွေများ ထုတ်ချေးပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

အစည်းအဝေးသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။


READ NEXT
Cancel OK