Top News

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတစ်လအတွင်း ကမ္ဘာတစ်ဝန်း၌ အကျဉ်းချခံရသော ဂျာနယ်လစ် ၃၆၀ ကျော်ရှိကြောင်း CPJ ထုတ်ပြန်
24htopnews | January 18, 2025 3:12 PM CST

၂၀၂၄ ခုနှစ်၏ နောက်ဆုံးလတွင် အကျဉ်းချခံရသော ဂျာနယ်လစ် ၃၆၀ ကျော်ရှိကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ(CPJ)က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့ကာ တရုတ်နှင့်အစ္စရေးတို့တွင် အရေ အတွက်အများဆုံး ဖြစ်သည်ဟု ဆိုသည်။

နယူးယောက်အခြေစိုက်အဖွဲ့၏ နှစ်စဉ် သန်းခေါင်စာရင်းကောက်ယူမှု၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အကျဉ်းချခံရသော ဂျာနယ်လစ် ၃၆၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ဂျာနယ်လစ်များ အကျဉ်းချခံရမှု အများဆုံးနှစ်မှာ ၂၀၂၂ ခုနှစ်က ဖြစ်ပြီး ထိုအချိန်က အကျဉ်းခံရသော ဂျာနယ်လစ်အရေအတွက်မှာ ၃၇၀ ရှိသည်။

တရုတ်၊ အစ္စရေးနှင့် မြန်မာနိုင်ငံတို့တွင် အကျဉ်းချခံရသော ဂျာနယ်လစ်အရေအတွက်သည် အယောက် ၅၀၊ ၄၃ ယောက်နဲ့ ၃၅ ဦး အသီးသီးဖြစ်ကာ ၎င်းတို့၏ အလုပ်ကြောင့် အကျဉ်းချခံရသော နောက်ထပ်စံချိန် တင်နှစ်အတွက် အဆိုးဆုံးနိုင်ငံ သုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ဟု CPJ က ဆိုသည်။

တရုတ်၏ တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှုသည် ၎င်းတို့နိုင်ငံတွင် ဂျာနယ်လစ် မည်မျှ အကျဉ်းချ ခံထားရသည်ကို သိရှိနိုင်ရန် ခက်ခဲလှပေသည်။ ဟောင်ကောင်မီဒီယာ သူဌေးကြီး ဂျင်မီလိုင်ကို လက်ရှိထောင်ဒဏ် ချမှတ်မှုအပါအဝင် ဟောင်ကောင်တွင် အလားတူဖြစ်စဉ်များ ပိုမိုမြင့်တက်လာခဲ့သည် ဟု CPJ က ထုတ်ပြန်ထားသည်။

လိုင်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကတည်းက ထောင်ကျနေခဲ့ပြီး သူသည် ဟောင်ကောင်၌ တရုတ်အာဏာပိုင်များက ပြဋ္ဌာန်းခဲ့သည့် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေး ဥပဒေအောက်တွင် တရားစွဲဆိုခံထားရသော အထင်ကရ ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

အသက် ၇၇ နှစ်အရွယ်လိုင်သည် ယင်းဥပဒေအရ ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည်။

“ဒီကိန်းဂဏန်းတွေက ကျွန်တော်တို့ကို သတိပေးနေပါတယ်”ဟု CPJ ၏ အမှုဆောင်ချုပ် ဂျိုဒီဂင်းစ်ဘာ့ဂျ်က ဆိုသည်။

“သတင်းအချက် လွတ်လပ်စွာ မျှဝေမှု၊ လွတ်လပ်စွာ လူစုဝေးမှု၊ လွတ်လွတ်လပ်လပ် သွားလာခွင့်ရရှိမှု ဒါမှမဟုတ် ဆန္ဒပြမှုတွေစတဲ့ အခြားလွတ်လပ်ခွင့်တွေကို မတိုက်ခိုက်ခင် အရင်ဆုံး ဂျာနယ်လစ်တွေကို တိုက် ခိုက်တာနဲ့ အရင်စတင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်သည့် အစ္စရေးသည် ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲမတိုင်မီ အကျဉ်းချခံထားရသော ဂျာနယ်လစ်များ၏ နှစ်စဉ်စာရင်းတွင် ရှားရှားပါးပါး ပါဝင်လာခဲ့သည်။

သို့သော် သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း နယ်မြေများနှင့်ပတ်သက်သည့် သတင်းများကို ဖိနှိပ်ရန် ကြိုးပမ်းမှုကြောင့် လွန်ခဲ့သည့်နှစ်တွင် ဒုတိယနေရာအထိ မြင့်တက်ရောက်ရှိခဲ့ကြောင်း CPJ က ပြောကြား ခဲ့ကာ အစ္စရေးတွင် ထိန်းချုပ်ခံရသော ဂျာနယ်လစ် အများစုသည် ပါလက်စတိုင်း ဂျာနယ်လစ်များ ဖြစ်သည်။

အာရှဒေသတွင်မူ အကျဉ်းချခံရသော သတင်းထောက်စာရင်းတွင် ဗီယက်နမ်(၁၆ ဦး)၊ အာဖဂန်နစ္စတန်(နှစ်ဦး)၊ ဘင်္ဂလားဒေ့ရှ် (လေးဦး)၊ အိန္ဒိယ(သုံးဦး)နှင့် ဖိလစ်ပိုင်(တစ်ဦး)တို့ဖြစ်သည်။                           

Ref:AFP


READ NEXT
Cancel OK