Top News

ရုရှား၏ ကာ့စ်ဒေသတွင် ရုရှားစစ်သား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်းစစ်တပ် ပြောကြား
24htopnews | January 18, 2025 3:12 PM CST

ရုရှား၏ ကာ့စ်ဒေသတွင် ရုရှားစစ်သား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကာ့စ်ဒေသကို ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ယူကရိန်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရုရှားစစ်သားများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရုရှားနှင့် ယူကရိန်းသည် ၃ နှစ်နီးပါးကြာ စစ်ပွဲဖြစ်ပွားနေသည့်တိုင် အကျဉ်းလဲလှယ်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ယူကရိန်းသည် ရုရှားတွင် ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများ ပြန်လည်လွတ်မြောက်ရေးကို ဦးစား ပေးလုပ်ဆောင်နေသည်။

“ယူကရိန်းလေထီး စစ်သည်တွေဟာ ကာ့စ်ဒေသမှာ ရန်သူ့စစ်သား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် စစ်သားများသည် ရုရှား၏ ဒေသပေါင်းစုံမှဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းထံမှ သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်ပေါ်မှ ရုရှားစစ်သားများလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုစစ်သားများသည် အလွန်ခက်ခဲ့သည့် တိုက်ပွဲအခြေအနေကြောင့် မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သဘောဆန္ဒအလျောက် လက်နက်ချ အညံ့ခံခဲ့သဖြင့် အသက်ချမ်းသာရာရခဲ့ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းစစ်တပ်သည် ဖမ်းဆီးရမိခဲ့သည့် စစ်သားများကို ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပြီး ထိုဗီဒီယိုထဲတွင် အမည်များနှင့် ရာထူးအဆင့်များကို ဖော်ပြထားသည့် စစ်ဝတ်စုံများဝတ်ဆင်ထားသည့် စစ်သားများကို မြင်တွေ့ရသည်။

ပြီးခဲ့သည့်နှစ်က ယူကရိန်းတပ်ဖွဲ့များသည် ကာ့စ်ဒေသတွင် ရုရှားစစ်သားပေါင်း ၇၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်ကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကာ့စ်ဒေသတွင် မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ထိုစစ်သားများကို မြောက်ကိုရီးယားသို့ လွှဲပြောင်းပေးအပ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားတွင် ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သုံ့ပန်းများ ပြန်လည်လွတ်မြောက်ရန်အတွက် အကျဉ်းသားလဲလှယ်သည့် ပုံစံဖြင့် မြောက်ကိုရီးယားစစ်သားများကို ပြုံယမ်းသို့ လွှဲပြောင်းပေးမည်ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ကင်ဂျုံအွန်အနေနဲ့ ရုရှားမှာဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့စစ်သားတွေနဲ့ အလဲအလှယ်လုပ်ပေးဖို့ စီစဉ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း မြောက်ကိုရီးယားစစ်သားတွေကို မြောက်ကိုရီးယားဆီ လွှဲပေးဖို့ အသင့်ပါပဲ”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“နောက်ထပ် မြောက်ကိုရီးယားစစ်သား တွေကို ယူကရိန်းကထပ်ပြီး ဖမ်းဆီးရမိလိမ့်ဦးမယ်ဆိုတာလည်း သေချာပါတယ်။ အခု ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ မြောက်ကိုရီးယားကို မပြန်ချင်ဘူးဆိုရင် လည်း သူတို့မှာ ရွေးစရာတွေ ရှိပါလိမ့်မယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်က ယူကရိန်းထောက်လှမ်းရေးအဖွဲ့(SBU)က ဆေးရုံအိပ်စင်တွင် အမျိုးသားနှစ်ဦးကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့ကာ ယင်းအမျိုးသားထဲမှ တစ်ဦးသည် လက်တွင် ပတ်တီးစည်းထားပြီး နောက်တစ်ဦးသည် မေးရိုးတွင်ပတ်တီး စည်းထားသည်ကို မြင်တွေ့ရသည်။

မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်း၏ ကြေညာချက်ကို တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီ  (NIS)က အတည်ပြုခဲ့ပြီးနောက် ဇယ်လန်စကီး၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြောက်ကိုရီးယားစစ်သား နှစ်ဦးသည် ရုရှား၏ ကာ့စ်ဒေသတွင် ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်ချိန်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းအစိုးရက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Ref:AFP


READ NEXT
Cancel OK