Top News

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲနေသော်လည်း ဒေသခံထောင်ချီက ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ငြင်းဆို
24htopnews | January 18, 2025 4:12 AM CST

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် မီးတောင်တစ်တောင် ပေါက်ကွဲမှုဖြစ်ပွားပြီး ချော်ပြာများ ပန်းထွက်လျက်ရှိ သောကြောင့် အစိုးရဦးဆောင်သော ရွှေ့ပြောင်းကယ်ဆယ်မှုများကို ဒေသခံထောင်ချီက ဇန်နဝါရီ ၁၆ ရက်တွင် ငြင်းဆိုခဲ့ကြကာ ၎င်းတို့ကမီးတောင် ပေါက်ကွဲမှုများနှင့် နေသားကျနေပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။

မြောက်မာလူကူပြည်နယ် ဝေးလံခေါင်သီသော ဟယ်မာဟီရာကျွန်းပေါ်တွင် တည်ရှိသည့် အိုင်ဘူတောင်သည် ဇန်နဝါရီ ၁၅ရက် တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးများသည် ကောင်းကင်အထက် အမြင့်ပေ ၂ ဒသမ ၅ မိုင်အထိ ပန်းထွက်လျက်ရှိသည်။

အင်ဒိုနီးရှား ဘူမိတိုင်းထွာရေးအေဂျင် စီက မီးတောင်၏ သတိပေးချက်အဆင့်ကို ချက်ချင်းအမြင့်ဆုံးအဆင့် အထိ တိုးမြှင့်ခဲ့ကာ ဒေသခံအာဏာပိုင်များက မီးတောင်အနီးအနားတွင် နေထိုင်နေသော လူ ၃ဝဝဝခန့်ကို ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။

“ကျေးရွာတစ်ရွာတည်းကိုပဲ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ကျန်တဲ့ ကျေးရွာငါးရွာက ဒေသခံတွေကတော့ ရွှေ့ပြောင်းပေးဖို့ အစီအစဉ်ကို ငြင်းဆိုကြပါတယ်”ဟု ဒေသခံသဘာဝဘေး အန္တရာယ်စီမံ ခန့်ခွဲရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူအာ ဖန်အိုင်ဒရက်စ်က ပြောကြားခဲ့သည်။

ရွှေ့ပြောင်းနေထိုင်ရန် ငြင်းဆိုကြသူများက ၎င်းတို့သည် အိုင်ဘူမီးတောင် ပေါက်ကွဲမှုများကို နေသားကျနေပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားနေကြသည်ဟု ၎င်းကဆိုသည်။

ဇန်နဝါရီ ၁၆ ရက် နံနက်ခင်းအချိန်အထိ မီးတောင်နှင့် အနီးစပ်ဆုံးရှိ ကျေးရွာမှ ဒေသ ခံ ၅၁၇ ဦးကိုသာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

ကုန်တင်ယာဉ်များသည် ရွှေ့ပြောင်းမှုများအတွက် ပြင်ဆင်ထားချိန် ဒေသခံများသည် ၎င်းတို့၏ သက်ဆိုင်ရာကျေးရွာများတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။

“အိုင်ဘူမီးတောင် ပေါက်ကွဲမှုတွေကို ကျွန်မတို့က ကျင့်သားရနေပါပြီ။ ကျွန်မတို့ ရွာအပေါ် ဘာမှသက်ရောက်မှု မရှိဘူးလေ။ အဲဒါကြောင့် ကျွန်မတို့ မပြောင်းချင်ကြတာပါ”ဟု တိုဒိုကီကျေးရွာမှ အသက် ၄၃ နှစ်အရွယ် မီလ်ကာဆီဟီက ပြောကြားခဲ့သည်။

“ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေရှိပေမဲ့လည်း ဒီနေရာမှာ မီးတောင်ပေါက်ကွဲတာတွေ ခဏခဏ ဖြစ်နေတော့ ကျင့်သားရနေပါပြီ”ဟု အသက် ၃၂ နှစ်အရွယ်ဒေသခံ ရစ်တာ တူရူက ပြောပြခဲ့သည်။

“သီတင်းတစ်ပတ်ထဲမှာပဲ ပေါက်ကွဲမှုတွေက သုံးကြိမ်ကနေ လေးကြိမ်အထိ ဖြစ်ပွားနေပါတယ်။ဒါပေမဲ့ အကြီးဆုံးပေါက်ကွဲမှု ဖြစ်စဉ်ကတော့ ဒီတစ်ပတ်ထဲ တစ်ကြိမ်သာ ဖြစ်ပွားခဲ့ပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

မီးတောင်တည်ငြိမ်သွားရန် မျှော်လင့်နေပြီး ထိုမှသာ ကျေးရွာသားများအားလုံး ၎င်းတို့၏ ပုံမှန်လုပ်ငန်း ဆောင်တာများကို ပြန်လည်လုပ်နိုင်မည် ဖြစ်သည်ဟုဆိုသည်။သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန် ရှိသူအာဖန်က ဒေသခံတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင် သွားမည်ဟုု ဆိုသည်။

ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် အိုင်ဘူတောင်သည် ဇွန်လနှောင်းပိုင်းကတည်းက သိသာထင်ရှားသော လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဇန်နဝါရီ၏ ပထမဆုံး သီတင်းပတ်အတွင်း၌ပင် အင်ဒိုနီးရှား၏ မီးတောင်ရှင်များမှ တစ်ခုဖြစ်သည့် အိုင်ဘူမီးတောင်သည် ကိုးကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အိုင်ဘူမီးတောင်အနီးရှိ ဒေသခံများနှင့် ခရီးသွားများအား မီးတောင်ထိပ်ဝ၏ ငါးကီလိုမီတာမှ ခြောက်ကီလိုမီတာ သီးသန့်ဇုန်တွင်း သွားလာခြင်းမပြုကြရန် အကြံပြုထားပြီး မီးတောင်ပြာများ ကျဆင်းမှုကြောင့် မျက်နှာဖုံးများ တပ်ဆင်ထားကြရန် တိုက်တွန်းခဲ့သည်။                                                            Ref:AFP


READ NEXT
Cancel OK