Top News

မဆင်မခြင်မောင်းနှင်သည့် YBS ယာဉ်မောင်းများကို ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုသတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် စီစဉ်နေ
24htopnews | January 17, 2025 8:12 PM CST

မဆင်မခြင်မောင်းနှင်သည့် YBS ယာဉ်မောင်းများကို ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုသတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ဒုဥက္ကဌ ဦးချစ်ကိုကိုက ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅)တွင် ဒုဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

စည်းကမ်းမဲ့ မောင်းနှင်နေရခြင်း၏ အကြောင်းအရင်းမှာ ယာဉ်မောင်းများသည် ပုတ်ပြတ်စနစ်ဖြင့် လုယက်‌မောင်းနှင်ကြပြီး အခေါက်ရေများများ ရလိုစိတ်ဖြင့် လောဘတရားများကြီးထွားလာကာ ကျော်တက်မောင်း၍ မရလျှင် ဒေါသများထွက်ကာ ရန်လိုစိတ်များဖြင့် ခရီးသည်များနှင့် ယာဉ်မောင်းအချင်းချင်း လည်းမချေမငံဆက်ဆံခြင်းများ၊ ခိုက်ရန်ဖြစ်ပွားခြင်းများဖြစ်လာကာ မောဟတရားကြောင့် မိမိလုပ်ရပ်ကို မှန်သည်/မှားသည်၊ အန္တရာယ်ရှိသည်/မရှိသည်တို့ကို မခွဲခြားနိုင်တော့ဘဲ လမ်းပေါ်တွင် YBS ယာဉ်များ အချင်းချင်း ကျော်တက်မောင်းနှင်ကြခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်း မောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုထက် မောင်းနှင်ခြင်းတို့ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်များကို YBTC က လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်း၊ မဆင်မခြင်မောင်းနှင်မှုများကို YBTC မှ ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကောင်စီမှ ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုသတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးချစ်ကိုကိုက ပြောကြားသည်။

ထို့ပြင် POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့် ယာဉ်လိုင်းများအားလည်း ထိ‌‌ရောက်စွာ စစ်ဆေးအရေးယူနေပြီဖြစ်ကြောင်း၊ YBS ယာဉ်မောင်းနှင်ခွင့် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်းသင်တန်း တက်ရောက်ပြီးသူများလည်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း စစ်ဆေးမှု အောင်မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုကြောင်း၊ YRTC က စောင့်ကြပ်အ‌ရေးယူရာတွင် Traffic Control စင်တာမှ နည်းပညာမြင့်Telematics စက်များ၊ CCTV Record များဖြင့် မှတ်တမ်းရယူ၍ အရေးယူခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိတို့ကိုစစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ဒုဥက္ကဌက ပြောကြားသည်။

YRTC လက်အောက်ရှိ YBS ယာဉ်လိုင်းများမှ ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဉ်မောင်း ၄၀၀၀ က နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK