Top News

နှုတ်ဆက်မိန့်ခွန်းတွင် သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရန့်လက်ထက် အမေရိက၌ လူနည်းစုကိုယ်စားပြု အစိုးရပုံစံ ဖြစ်လာမည်ဟု သတိပေး
24htopnews | January 17, 2025 6:12 PM CST

လာမည့်သီတင်းပတ်တွင် ရာထူးမှမထွက်ခွာမီ စိတ်ဓာတ်ကျစရာကောင်းသော နှုတ်ဆက်မိန့်ခွန်းတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရန့်လက်ထက်၌ ဖြစ်ပေါ်လာမည့်အန္တရာယ်များသော လူနည်း စုအသိုင်းအဝိုင်း ကိုယ်စားပြုအစိုးရကို စောင့်ကြည့်ရန် ဇန်နဝါရီ ၁၅ ရက်တွင် အမေရိကန်ပြည်သူများအား တိုက်တွန်းခဲ့သည်။

သမ္မတအဖြစ် တစ်ကြိမ်သာထမ်းဆောင်ခဲ့ရသည့် သက်တမ်းအကုန်၌ ဘဲဥပုံရုံးခန်းမှ ပြောကြားသော မိန့်ခွန်းတွင် အမေရိကန် ပြည်သူများအပေါ် အတားအဆီးမဲ့အာဏာ ထပ်မံရသွားနိုင်သည်ဟုဆိုသော ကျိကျိ တက်ချမ်းသာသည့် နည်းပညာစက်မှုလုပ်ငန်းပုံစံကို သတိပေးခဲ့သည်။

“လူနည်းစု အုပ်စိုးတဲ့အစိုးရပုံစံဟာ ကျွန်တော်တို့ရဲ့ဒီမိုကရေစီတစ်ခုလုံး၊ ကျွန် တော်တို့ရဲ့အခြေခံအခွင့်အရေးတွေ၊ ကျွန်တော်တို့ ရဲ့ လွတ်လပ်မှုတွေကို တကယ်ခြိမ်းခြောက်နေတဲ့  ချမ်းသာလွန်း၊ပါ၀ါကြီးလွန်းပြီးသြဇာလွှမ်းမိုးလွန်းတဲ့ အမေရိကမှာ ဒီနေ့ပုံပေါ်လာပါတယ်”ဟု အသက် ၈၂ နှစ် အရွယ်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် လေးနှစ်သက်တမ်း၏သမိုင်းကို အမွှမ်းတင်ခြင်းဖြင့် မိန့်ခွန်းကို စဖွင့်ခဲ့ပြီး အကျိုးအမြတ်များကိုခံစားရန် အချိန်ကြာကောင်းကြာနိုင်သည်ဆိုသော်လည်း နောင်တွင် အမေရိကန်ပြည်သူများအတွက် မျိုးစေ့များကို စိုက်ပျိုးခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့သာ်လည်း မကြာမီ ၎င်းက အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရသော အန္တရာယ်များကို ဆက်တိုက်ပြောခဲ့သည်။ အထူးသဖြင့် ဘီလျံနာဒေါ်နယ်ထရန့်နှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်တို့ အနီးကပ်ဆက်ဆံရေးများရှိနေပုံနှင့် ထရန့်နှင့်အခြားသော နည်းပညာလုပ်ငန်းရှင်သူဌေးကြီးများ ရင်းနှီးနေပုံတို့ကို ရည်ညွှန်းသွားသည်မှာ ထင်ရှားနေသည်။

“အလွန့်အလွန် ချမ်းသာတဲ့လူအနည်းငယ်ရဲ့လက်ထဲမှာ အန္တရာယ်ကြီးမားတဲ့ အာဏာစုစည်းမှုရှိနေပါတယ်။ သူတို့ရဲ့အာဏာအလွဲသုံးစားလုပ်မှုကို အဟန့်အတားမဲ့ထားလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အ ကျိုးဆက်တွေရှိလာပါမယ်”ဟု ဘိုင်ဒင်က သတိပေးခဲ့သည်။

အီလွန်မက်စ်က ဆိုရှယ်မီဒီယာ X ကို လယ်ယာယိမ်းသော မိုက်ခွက်အဖြစ်ပြောင်းလဲပစ်လိုက်ပြီး Meta အမှုဆောင်ချုပ်မာ့ခ် ဇူကာဘတ်က ထရန့်ကျေနပ်စေရေးအတွက် အမေရိကန်၌ သတင်းအကြောင်းအရာ စိစစ် မှုတို့ကို လုပ်ဆောင်မည်မဟုတ်ဟုပြောခဲ့ခြင်းနှင့်အတူ ဘိုင်ဒင်က ဆိုရှယ်မီဒီယာများကို ဝေဖန်ခဲ့သည်။

“အမေရိကန်ပြည်သူတွေဟာ သတင်းတုနဲ့လုပ်ကြံသတင်းပုံကြီးအောက်မှာမြုပ်နေပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

“လွတ်လပ်တဲ့ သတင်းမီဒီယာဟာပြိုလဲပျက်စီးနေပါတယ်။ အယ်ဒီတာတွေပျောက်ကုန်ပါပြီ။ ဆိုရှယ်မီဒီယာဟာ သတင်းအချက်အလက်စိစစ်မှုကို အလျှော့ပေးလိုက်ပါပြီ။ အမှန်တရားဆိုတာကို အာဏာအတွက်၊ အ ကျိုးအမြတ်အတွက်ပြောတဲ့ အလိမ်အညာတွေက လွှမ်းမိုးသွားပါတယ်”ဟုဆိုသည်။

၁၉၆၁ ခုနှစ်တုန်းက သမ္မတဒွိုက်အိုက်ဆင်ဟောင်ဝါ၏နှုတ်ဆက်မိန့်ခွန်းတွင် သတိပေးခဲ့သည့် စစ်တပ်နှင့်ကာကွယ်ရေးစက်မှုလုပ်ငန်းတို့ စပ်ဆက်မှုကို ထိန်း၍မရတော့သလို ယခုလည်းနည်းပညာ စက်မှုလုပ်ငန်းတို့ ဆက်စပ်ပုံကို သတိပေးခဲ့သည်။

Ref: AFP


READ NEXT
Cancel OK