Top News

အေဘရာမိုဗစ်ချ်လက်ထက်တွင် အပြောင်းအရွှေ့ပြုလုပ်စဉ် တရားမဝင်လျှို့ဝှက်ပေးချေမှုများအတွက် ရမှတ်မလျှော့ဘဲ ဒဏ်ကြေးသာပေးဆောင်ရစေရန် ပရီးမီးယားလိဂ်နှင့် ချယ်လ်ဆီးအသင်း ဆွေးနွေး
24htopnews | January 17, 2025 5:12 PM CST

ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်ဟောင်း ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်လက်ထက်တွင် ကစားသမားအပြောင်းအရွှေ့ ပြုလုပ်စဉ် တရားမဝင်လျှို့ဝှက်ပေးချေမှုများအတွက် ရမှတ်လျှော့ပြစ်ဒဏ်မဟုတ်ဘဲ ဒဏ်ကြေးသာပေးဆောင်ရစေရန် ပရီးမီးယားလိဂ်နှင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် အေဘရာမိုဗစ်ချ်လက်ထက် ၂၀၁၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ရုရှားကလပ် အန်ဇီအသင်းမှခေါ်ယူခဲ့သည့် ကင်မရွန်းတိုက်စစ်မှူး ဆမ်မြူရယ်အီတူးနှင့် ဘရာဇီးတောင်ပံကစားသမား ဝီလီယံတို့၏အပြောင်း အရွှေ့နှင့်ပတ်သက်၍ အဓိကစစ်ဆေးခံနေရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် နွေရာသီတွင် လိုင်လီအသင်းမှခေါ်ယူခဲ့သည့် ဘယ်လ်ဂျီယံကစားသမား ဟာဇက်၏အပြောင်းအရွှေ့မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဘဏ္ဍာရေးမှတ်တမ်းများအရ ချယ်လ်ဆီးအသင်းသည် အီတူးနှင့် ဝီလီယံတို့ကိုခေါ်ယူမှုအတွက် ဗြိတိန်ဗာဂျင်ကျွန်းစုများအခြေစိုက် Tobeo Services Inc နှင့် Fernington Invest Corp ကုမ္ပဏီနှစ်ခုထံ ပြောင်းရွှေ့ကြေးလွှဲပြောင်းပေးခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးခံနေရခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလတွင် ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီဦးဆောင်သည့် BlueCo လုပ်ငန်းစုက လွှဲပြောင်းဝယ်ယူစဉ် အေဘရာမိုဗစ်ချ်လက်လက်၌ ကစားသမားအပြောင်းအရွှေ့နှင့်ပတ်သက်၍ တရားမဝင်လျှို့ဝှက်ပေးချေမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ပရီးမီးယားလိဂ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ထံ သတင်းပေးတိုင်ကြားခဲ့သည်။

ပုံမှန်အားဖြင့် လျှို့ဝှက်ပေးချေမှုပြုလုပ်ခြင်းမှာ ရမှတ်လျှော့ပြစ်ဒဏ်အပါအဝင် ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်ခံရနိုင်သော်လည်း ယခင်အသင်းပိုင်ရှင်လက်ထက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သလို ကိုယ်တိုင်သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်သောကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ရမှတ်လျှော့ပြစ်ဒဏ် မဟုတ်ဘဲ ဒဏ်ကြေးသာ ပေးဆောင်ရစေရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါကိစ္စအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်တွင် ပေါင် ၈ ဒသမ ၆ သန်း ဒဏ်ကြေးပေးဆောင်ရန် UEFA နှင့် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်နှင့်လည်း အလားတူ သဘောတူညီမှုရယူနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်ပြီး မတ်လကုန်ပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းအား ၂၀၀၃ မှ ၂၀၂၂ ခုနှစ်အထိ ၁၉ နှစ်ကြာ ပိုင်ဆိုင်ခဲ့ပြီး ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်၍ ပေါင်ဘီလျံနှင့်ချီကာ အရှုံးခံပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ၎င်းပိုင်ဆိုင်သည့်ကာလအတွင်း အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ငါးကြိမ်၊ FA ဖလား ငါးကြိမ်၊ လိဂ်ဖလား သုံးကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ်၊ ချန်ပီယံလိဂ် နှစ်ကြိမ်၊ ယူရိုပါလိဂ် နှစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK