Top News

ပျဉ်းမနားမြို့နယ်၌ အမျိုးသား တစ်ဦးအား သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိ
24htopnews | January 17, 2025 5:12 PM CST

ပျဉ်းမနားမြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး ဆိုင်ကယ် လုယက်မှုကျူးလွန်သူ နှစ်ဦးအား  သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၇ ရက်က နေပြည်တော် ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေး အားကစားကွင်းအနီး ယာခင်း လူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ)သည် ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့အား အကျႌ/ပလပ်စတစ် ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ခန္ဒာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပြီး ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ရွာကောက်နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် စုံစမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သေဆုံးသူသည် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း(၁)ရပ်ကွက်နေ ကျော်ဇင်မိုး ဖြစ်ကြောင်းနှင့် ၎င်းသည် ဇန်နဝါရီ ၆ ရက် ည ၈ နာရီခွဲ အချိန်က နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့  Scoppy အမျိုးအစားဆိုင်ကယ် တစ်စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ Scoppy အမျိုးအစားဆိုင်ကယ် တစ်စီး၊ Infinix အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး၊ ကျပ် ငါးသောင်းခန့်ပါ ပိုက်ဆံအိတ် တစ်လုံး၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ စမတ်ကတ်တို့နှင့်အတူပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဝေဠုကျော်နှင့် သဲကျွန်းကျေးရွာနေ ကောင်းခန့်ဇော်(ခ)ဆင်ပေါက်တို့ နှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်ကလုယက်ယူ ဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစားဆိုင်ကယ် တစ်စီးနှင့် Infinix အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဝေဠုကျော်နှင့် ကောင်းခန့်ဇော်(ခ)ဆင်ပေါက်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့ နှင့်အတူ ပြစ်မှုကျူးလွန်ရာ၌ပါဝင်သူ ဖမ်းဆီးရန်ကျန် ကျော်ဇင်ထက်(စိစစ်ဆဲ)တို့ သုံးဦးသည် PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်၌ ခင်မင်ရင်းနှီးသူ ကျော်ဇင်မိုးနှင့်တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ ကျော်ဇင်မိုးအား သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် infinix အမျိုးစားလက်ကိုင်ဖုန်း တစ်လုံး၊ ကျပ်ငါးသောင်းခန့်တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ဝေဠုကျော်နှင့် ကောင်းခန့်ဇော်(ခ)ဆင်ပေါက် တို့ နှစ်ဦးအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန်ကျန် ကျော်ဇင်ထက်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK