Top News

အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တိုက်တွန်း
24htopnews | January 17, 2025 4:12 AM CST

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ရန် ရှေးရှုသော လမ်းကြောင်းတစ်ခု ဖန်တီးရေးအတွက် လွန်ခဲ့သောနှစ်နှစ်က သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီ ၄ ရက်က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် နှစ်ရက်ကြာ ဆွေးနွေးမှုများအပြီးတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများက နစကကို တိုက်တွန်းခဲ့သည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်အတွက် အဖွဲ့ဝင်ဆယ်နိုင်ငံ ပါဝင်သော အာဆီယံအဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပသွားမည့် အာဆီယံခေါင်းဆောင်များ နှစ်ပတ်လည်အစည်းအဝေးကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

ဂျာကာတာတွင် ကျင်းပခဲ့သည့် အဆိုပါ ဝန်ကြီးများအဆင့် အစည်းအဝေး၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် မြန်မာ့အရေးက လွှမ်းမိုးထားခဲ့သည်။

အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် တပ်မတော်နှင့် အတိုက်အခံ အင်အားစုများအကြား စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုချက်များ ပါဝင်သော ၂၀၂၁ ခုနှစ် ဧပြီလက သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်မည့် အစီအစဉ်အား အာဆီယံအဖွဲ့ဝင် နိုင်ငံများထံ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားခဲ့သည်။

"အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ဝင် နိုင်ငံအားလုံးဆီကနေ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါတယ်" ဟု ၎င်းက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ထိုသဘောတူညီချက်ကို မည်သည့်အချိန်တွင် မည်သို့မည်ပုံ အကောင်အထည်ဖော်မည် ဆိုသည်နှင့်ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

"ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနိုင်ဖို့ လမ်းညွှန်မှုတစ်ခုအဖြစ်နဲ့ အာဆီယံအတွက် အထူးသဖြင့် အာဆီယံဥက္ကဋ္ဌအတွက် အလွန်အရေးပါပါတယ်။ ဒါဟာ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား ခိုင်မာတဲ့ ညီညွတ်မှုကို ပြသလိုက်တာဖြစ်တယ်" ဟုလည်း ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း တပ်မတော်နှင့် ၄င်းအား ဆန့်ကျင်သူများအကြား ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုကြောင့် အာဆီယံ ထိပ်သီးအဆင့် အစည်းအဝေးများကို တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

ယခုသီတင်းပတ်အတွင်း မြန်မာနို်င်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဦးသန်းဆွေသည် ဖေဖော်ဝါရီ ၃ ရက်က အာဆီယံ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိဘဲ အာဆီယံကလည်း နစက အရာရှိတစ်ဦးကို ဖိတ်ကြားခဲ့ခြင်းမရှိဘဲ နိုင်ငံရေးနှင့် ဆက်နွှယ်မှု မရှိသည့် ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ရန် ဖိတ်ကြားခဲ့သဖြင့် ယင်းဖိတ်ကြားမှုကို နစက,က ငြင်းပယ်ခဲ့သည်။

မြန်မာ့အရေး တိုးတက်မှုအားနည်းနေခြင်းသည် အာဆီယံအဖွဲ့၏ ယုံကြည်လေးစားခံရမှုအပေါ် စမ်းသပ်ချက်များဖြစ်ပြီး အာဆီယံသည် မြန်မာ့အရေးကို အဖြေရှာရန် လုပ်ဆောင်နေသည်ဟု အင်ဒိုနီးရှားအရာရှိများက ပြောကြားခဲ့သည်။

နစကနှင့် အဆင့်နိမ့် ဆွေးနွေးမှုများပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်တွင် အထူးသံတမန် ရုံးတစ်ခု ထူထောင်သွားမည့် အစီအစဉ်များကို အင်ဒိုနီးရှားက ကြေညာခဲ့သည်။

 


READ NEXT
Cancel OK