Top News

အိမ်အရောက်အနှိပ်ဝန်ဆောင်မှု ရယူမည်ဟု လိမ်လည်ကာ မျက်မမြင်အကြောပြင်အနှိပ်ဝန်ဆောင်မှုပေးသူများ၏ လက်ကိုင်ဖုန်းများ လုယက်ခံရသည့် ဖြစ်စဉ်များရှိနေ
24htopnews | January 16, 2025 10:12 PM CST

အိမ်အရောက်အနှိပ်ဝန်ဆောင်မှု ရယူမည်ဟု လိမ်လည်ကာ မျက်မမြင်အနှိပ်ဝန်ဆောင်မှုပေးသူများ၏ လက်ကိုင်ဖုန်းများ လုယက်ခံရသည့် ဖြစ်စဉ်များရှိနေကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" အခုက ဖြစ်စဉ်ကတော်တော်များလာပြီ။ အဲ့ဒါကြောင့်လည်း ထုတ်ပြန်ချက် ထုတ်လိုက်တာ။ ဖုန်းဆက်ပြီး လိမ်ခေါ်တယ်။ ပြီးရင် အနှိပ်သည်ရဲ့ ဖုန်းကိုလုတာ။ အရင်က သိပ်မရှိခဲ့ပေမယ့် အခုနောက်ပိုင်း တော်တော်များလာပြီ။ တချို့က ဆိုင်ကိုလာခေါ်တယ်။ အနှိပ်ခံချင်လို့ပါဆိုပြီးတော့ ဆိုင်ကလည်း ထည့်ပေးလိုက်တယ်။ လာခေါ်ပြီး လမ်းမှာလုသွားတာ။ တချို့ကျတော့လည်း တိုက်ခန်းကို ရောက်မှ အလုခံရတာတွေလည်း ရှိတယ်။ တချို့ဆိုင်တွေကလည်း တာဝန်ယူမှု မရှိတော့ ထုတြ်ပန်ချက်အနေနဲ့ ထုတ်လိုက်တာ" ဟု  မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မျက်မမြင်များအသင်းနှင့် မြန်မာနိုင်ငံအကြောပြင်အနှိပ်ကော်မတီက ထုတ်ပြန်ထားရာတွင် အမြင်အာရုံမသန်စွမ်းသူ အကြောပြင်ပညာရှင်များ အကြောပြင်အနှိပ် ဝန်ဆောင်မှု ပေးအပ် လျက်ရှိသော ရန်ကုန်မြို့ရှိ အကြောပြင်အနှိပ်လုပ်ငန်းအချို့တွင် အကြောပြင်အနှိပ်ပညာရှင် ဆရာမများအား အိမ်အရောက် အနှိပ်ဝန်ဆောင်မှုရယူရန်ဟုဆိုကာ လိမ်လည်ခေါ်ယူသည့် ဖြစ်စဉ်များနှင့် ၎င်းတို့တွင် အတူပါရှိလာသော လက်ကိုင်ဖုန်းများအား အဓမ္မလုယူသည့် ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိသည်ဟု ကြားသိရကြောင်း၊ အဓမ္မဖြစ်စဉ်များသည် မိမိတို့ဘဝ ဝမ်းစာရေးအတွက် သမ္မာအာဇီဝဖြင့် အားထုတ်ဆောင်ရွက်လျက်ရှိသော အမြင်အာရုံမသန်စွမ်းသူ အကြောပြင်ပညာရှင် အမျိုးသမီးများ သာမက အမျိုးသားပညာရှင်များ အပါအဝင်အားလုံးသော မသန်စွမ်းသူ ပြည်သူလူထု၏ စားဝတ်နေရေးလုပ်ငန်းအတွက် ကြီးမားသော ခြိမ်းခြောက်ဟန့်တားမှုတစ်ရပ်ပင် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကြောင့် အလားတူဖြစ်စဉ်များ ထပ်မံမပေါ်ပေါက်နိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ အမြင်အာရုံမသန်စွမ်းသူဝန်ထမ်းများနှင့်အကြောပြင်အနှိပ်ပညာရှင်များအားလုံးက တိကျမှန်ကန် သော နည်းစနစ်ကို အခြေပြု၍ နေ့စဉ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များအား စီမံခန့်ခွဲမှုပြုနိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်နှင့် အလုပ်တာဝန်ချိန်တွင် ပေါ်ပေါက်လာသည့် နစ်နာဆုံးရှုံးမှုများအားလုံးသည် လုပ်ငန်းရှင်များအားလုံးတွင်သာ အပြည့်အဝတာဝန်ရှိကြောင်းကိုလည်း နားလည်သိရှိထားရန်နှင့် အမြင်အာရုံမသန်စွမ်းသူ အကြောပြင်အနှိပ်ပညာရှင်တို့၏ နစ်နာမှုများကို တာဝန်ယူဖြေရှင်းပေးရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းက ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK