Top News

မြန်မာအပါအဝင် အခြားနိုင်ငံများရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများလက်တွင်း ကျရောက်နေသည့် တရုတ်နိုင်ငံသားများကို ကယ်တင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆို
24htopnews | January 16, 2025 10:12 PM CST

မြန်မာအပါအဝင် အခြားနိုင်ငံများရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလက်တွင်း ကျရောက်နေသည့် တရုတ်နိုင်ငံသားများကို ကယ်တင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဘက်က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများရှိ လိမ်လည်လှည့်ဖျားမှုလုပ်ငန်းများ လက်ထဲတွင် ကျရောက်နေသည့် တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရပ်ခြားတွင် ပိတ်မိနေသော နိုင်ငံသားများကို ကယ်ဆယ်ရန်နှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ နေရာများကို ဖျက်သိမ်းရန်အတွက် အခြားနိုင်ငံများ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု  CCTV ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

လိမ်လည်သည့် ဂိုဏ်းများမှာ လစာမြင့်သော အလုပ်အကိုင်၊ အစားအသောက်၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များပေးမည်ဟု ကတိများပေးကာ မြဝတီကဲ့သို့ မြို့များတွင် လည်ပတ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်များထံ ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့များမှတစ်ဆင့် ခေါ်ယူခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် CCTV ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ယခုလ အစောပိုင်းက တာ့ခ်ပြည်နယ်တွင် ပျောက်ဆုံးခဲ့ပြီးနောက် ပြန်လည်တွေ့ရှိခဲ့သည့် တရုတ်သရုပ်ဆောင်တစ်ဦး၏ ဖြစ်ရပ်မှာ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် CCTV က ထည့်သွင်းဖော်ပြခဲ့သည်။

ပြန်လည်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသားသရုပ်ဆောင်မှာ လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ယူဆကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့ပြင် CCTV ၏ သတင်းဖော်ပြချက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နယ်စပ်ရှိ ကိုးကန့်မိသားစု လေးစုကိုလည်း မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်ကိုလည်း ဖော်ပြခဲ့သည်။


READ NEXT
Cancel OK