Top News

အရေးပေါ်ကာလသည် ၂ နှစ်အတွင်း အပြီးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရရှိသူများကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | January 16, 2025 9:12 PM CST

တပ်မတော်အနေဖြင့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလသည် ၂ နှစ် အတွင်းအပြီးဖြစ်ကာ ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရရှိသူများကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် ယနေ့(ဧပြီ ၉ ရက်)၌ ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲအား မည်သည့်ကာလ၌ကျင်းပ၍ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်နည်းဆိုသည့် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ခုနကပြောတဲ့ တစ်နှစ်ဆိုတဲ့ဟာ၊ ခြောက်လ၊ ခြောက်လ ဆိုတဲ့ဟာ ပြောတာ။ ကျွန်တော်တို့ ပြောနိုင်တာ တစ်ခုကတော့ ဘယ်လိုပဲပြောပြော အရေးပေါ်ကာလသည် ကြေညာထားတာသည် ၂ နှစ်အတွင်း ပြီးကို ပြီးရမယ်။ နှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲလုပ်ကို လုပ်ရမယ်လို့ ကျွန်တော်တို့ ပြောခြင်းဖြစ်တယ်။ ၂ နှစ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ကိုလုပ်ရမယ်။  နှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အနိုင်ရရှိတဲ့သူတွေကို နိုင်ငံတော်တာဝန်ကိုလွှဲပြောင်းပေးရမှာဖြစ်တယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အာဏာသိမ်းခြင်းနှင့် အာဏာထိန်းခြင်းဆိုသည့် စကားရပ်နှင့်ပတ်သက်၍ အာဏာသိမ်းသည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ မရှိတော့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကျွန်တော်တို့က ဖွဲ့စည်းပုံမခြေခံဥပဒေ အတိုင်းပဲ သွားနေတာဖြစ်တယ်။ တပ်မတော်အနေနဲ့ တာဝန်ယူထိန်းသိမ်းထားတာဆိုတာသွားပြီးဖြစ်တယ်။ ပြီးရင်ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာရော မူဝါဒလမ်းစဉ်တွေမှာရော တိတိလင်းလင်း ပြောပြီးဖြစ်တယ်။ ကျွန်တော်တို့အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေကုန်ပြီဆိုလို့ရှိရင် ပြီးပြီဆိုလည်း လုပ်ဆောင်စရာကုန်ပြီဆိုရင် ကျွန်တော်တို့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကမ္ဘာအသိအာမခံပြီးဖြစ်တယ်။ အဲအတိုင်းပဲ၊ ကျွန်တော်တို့ ကတိအတိုင်းပဲ၊ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။

အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များတွင် ပြဋ္ဌာန်းထားသည့် တစ်နှစ်ဆိုသော အချိန်ကာလသည် ပထမဦးဆုံး ပြဋ္ဌာန်းချက်ဖြစ်ပြီး တစ်နှစ်အတွင်းလုပ်ငန်းများပြီးစီးခြင်းမရှိပါက ထပ်မံ၍အချိန်ကာလတိုးပိုင်ခွင့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

" အဓိကကတော့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်နဲ့ဆိုင်ပါတယ်။ တစ်နှစ်ဆိုတာက အရေးပေါ်ကာလပြဋ္ဌာန်းချက်မှာ သူရဲ့ ပြဋ္ဌာန်းချက်များရှိပါတယ်။ အရေးပေါ်ကာလပြဋ္ဌာန်းချက်မှာ ခုနက ပြောတဲ့ တစ်နှစ်ဆိုတာသည် ပထမဦးဆုံး ပြဋ္ဌာန်းထားတာပဲ၊ ပြဋ္ဌာန်းထားတဲ့ဟာပဲဖြစ်တယ်။ နောက်ထပ်ကျွန်တော်တို့တစ်နှစ်အတွင်းမှာ သူ့ဥပဒေပြဌာန်းချက်အရပဲ ပြောတာကောင်းပါတယ်။ တစ်နှစ်အတွင်းမှာ မပြီးဘူးဆိုရင် ဒါနားလည်အောင်ပြောတာပေါ့။ နောက်ထပ်ခြောက်လ ကျွန်တော်တို့တိုးပိုင်ခွင့်ရှိတယ်။ ဒီမှာ လုပ်ငန်းမပြတ်ဘူးဆို နောက်ထပ်ခြောက်လ တိုးပိုင်ခွင့်ရှိတယ်ဆိုတာသည် သူကအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေထဲမှာ ပါပြီးဖြစ်တယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလပြဋ္ဌာန်းများသည် ပုဒ်မ ၄၁၀၊ ပုဒ်မ ၄၁၁နှင့် ပုဒ်မ ၄၁၂ မှစ၍ ပုဒ်မ ၄၃၂ အထိရှိကြောင်း၊ အဆိုပါပုဒ်မများအနက် ကိုးကားရမည်ပုဒ်များသည် ပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK