Top News

လက်ရှိထိန်းသိမ်းခံရသူများ၊ တိမ်းရှောင်နေသူများကို လွှတ်ပေး၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာကာ အားလုံးပါဝင် တွေ့ဆုံဆွေးနွေးနိုင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပရန်  ဒုတိယဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံစဉ် တိုက်တွန်းခဲ့ဟ
24htopnews | January 16, 2025 9:12 PM CST

လက်ရှိထိန်းသိမ်းခံရသူများ၊ တိမ်းရှောင်နေသူများကို လွှတ်ပေး၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာကာ အားလုံးပါဝင် တွေ့ဆုံဆွေးနွေးနိုင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပရန်  ဒုတိယဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံစဉ် တိုက်တွန်းခဲ့ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဧပြီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော အဖွဲ့နှင့် SSPP တာဝန်ရှိသူများသည် ဧပြီ ၈ရက်က လားရှိုးမြို့တွင် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် တိုက်တွန်းပြောကြားခဲ့မှုများအား SSPP က ထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံမှုတွင် လက်ရှိ ပြည်တွင်းအခြေအနေအရ ဒေသအသီးသီးတွင် တိုင်းရင်းသားပေါင်းစုံ၊ပြည်သူလူထုများ၏ ဆန္ဒဖော်ထုတ်မှုနှင့်ဆန္ဒပြမှုများတွင် သေဆုံးမှုများ၊ ဖမ်းဆီး၊ ထောင်ချခံရမှုများအတွက် ဝမ်းနည်းကြေကွဲရကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့ကြောင်း SSPP ၏ ကြေညာချက်တွင်ပါရှိသည်။

ထို့ပြင် ပြည်သူလူထုထဲတွင် လူနေမှုဘဝပျက်စီးခြင်းများကို များစွာဖြစ်ပေါ်စေပြီး မကျေနပ်မှုများနှင့် နာကြည်းမုန်းတီးမှုများကို ဖြစ်ပေါ်လာစေကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပြဿနာများအတွက် စားပွဲဝိုင်းပေါ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးကို ဦးထိပ်ထားကာ တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာသွားရန် တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ လက်ရှိနိုင်ငံရေးပြဿနာနှင့်ဆက်နွှယ်ပြီး ထိန်းသိမ်းခံရသူများ၊ တိမ်းရှောင်နေသူများကို လွှတ်ပေး၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာကာ တာဝန်ရှိသူများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံးပါဝင် တွေ့ဆုံဆွေးနွေးနိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးဆက်လက်ကျင်းပသင့်ကြောင်း တိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားပေါင်းစုံပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကို စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အတွက် ယုံကြည်စိတ်ချရသော ခိုင်မာသည့် ကတိကဝတ်များ၊ တိကျရေရာသည့် လုပ်ငန်းစဉ်များနှင့် အခိုင်အမာခြေလှမ်းများကို ချမှတ်ပြီး ဝိုင်းဝန်းအကောင်အထည်ဖော်စေလိုကြောင်း စသည့်အချက်များကိုလည်း အကြံပြုတောင်းဆိုတိုက်တွန်းခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတွေ့ဆုံပွဲကို ကနဦးတွင် SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် တွေ့ဆုံရန် ဒုတိယဗိုလ်ချုပ်ရာပြည့်ဦးဆောင်သော အဖွဲ့က ရဟတ်ယာဉ်ဖြင့် ဝမ်ဟိုင်းသို့ သွားရောက်ခဲ့ပြီး ရဟတ်ယာဉ်ကွင်းသို့ မဆင်းမည် ဝမ်ဟိုင်းရွာအပြင်ဘက်ရှိ SSPP အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် မှားယွင်းပစ်ခတ်ခဲ့သဖြင့် ရဟတ်ယာဉ်သည် မြေပြင်သို့ ဆင်းသက်နိုင်ခြင်းမရှိဘဲ လားရှိုးမြို့သို့ လှည့်ပြန်ခဲ့ရသည့်အပေါ် SSPP ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က တပ်မတော်အား တောင်းပန်ကြောင်းထုတ်ပြန်ကိုလည်း သီးခြားထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK