
ပဲခူးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွဲမှုအတွင်း သေဆုံးမှုဖြစ်စဉ်နှင့် နေအိမ်စွန့်ခွာထွက်ပြေးမှု ဖြစ်စဉ်များရှိနေကြောင်း သိရသည်။
ပဲခူးတွင် ဆက်တိုက် ပစ်ခတ်ဖြိုခွဲမှု အတွင်း သေဆုံး ဒဏ်ရာရမှုများရှိကြောင်း အခင်းဖြစ်ပွါးမှုအနီး ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဧပြီ ၉ ရက်နေ့ နံနက်၅နာရီမှစတင်၍ ပစ်ခတ်မှုများအတွင်း ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုကြသည်။
ဧပြီလ၉ ရက်နေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ဆံတော်တွင်းလမ်းမ နှင့် မဂ္ဂတစ် လမ်းမတန်းများရှိ အကာအရံများ ပိတ်ဆို့ထားသော သဲအိတ်များ ဝါးကပ် များကို ပစ်ခတ်ရှင်းလင်းမှုအတွင်း သေဆုံးမှုအချို့လည်း ရှိခဲ့သည်။
ထို့ပြင်ကျည်ထိမှန်ထားသူအချို့ ကို ပြန်လည် သယ်ယူခွင့်မရသည့် အခြေအနေများ ရှိခဲ့ကြောင်းလည်း အခင်းဖြစ် ရပ်ကွက်နေသူအချို့၏ပြောကြားချက်အရ သိရသည်။
ရပ်ကွက်အတွင်းရှိနေအိမ်များသို့ ဝင်ရောက်ဖမ်းဆီးမှုများရှိနေသဖြင့် ဟုဆိုကာ ဒေသခံအချို့နီးစပ်ရာ တောရွာများသို့ပြောင်းရွေ့မှုများလည်း ရှိနေသည်ဟုဆိုသည်။
“ရင်ခွဲရုံကို လတ်တလော ရောက်လာတာတော့ ၅ လောင်း ရှိတယ်၊ သေဆုံးတဲ့အရေအတွက်ကတော့ များတယ်လို့ ပြောနေကြတယ်"ဟုဒေသခံ ရပ်ကွက်သားတစ်ဦးကပြောကြားသည်။
ထိခိုက်သေဆုံးမှု စာရင်း အသေးစိတ် အချက်အလက်ကိုမူ မြေပြင်အခြေအနေအရ ယနေ့နံနက်ပိုင်းအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပဲခူးပစ်ခတ်ဖြိုခွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂကလည်း စောင့်ကြည့်လျက်ရှိကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ယမန်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။
ဆူပူအကြမ်းဖက်အဖွဲ့၏ ကျည်စစ်ကျည်မှန် အသုံးပြုတန်ပြန်တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆူပူအကြမ်းဖက်အဖွဲ့မှ အမျိုးသား ၁ ဦးမှာ သေဆုံးကာ အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပဲခူးမြို့ပေါ်ဖြစ်စဥ်များနှင့်ပတ်သက်၍ ဧပြီ ၉ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားရာတွင် ဧပြီ ၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း လမ်းမ၊ လမ်းသွယ်များပေါ်တွင် ပြုလုပ်ထားရှိသော အတားအဆီးများအား လိုက်လံ ရှင်းလင်းဖယ်ရှားနေစဉ် နံနက် ၅ နာရီအချိန်ခန့်တွင် ရှင်စောပုရပ်ကွက်၊ မဂ္ဂတစ်လမ်းနှင့် ဆိုရှယ်လစ် (၁)လမ်းထောင့်ရှိ အတားအဆီးအား ဖယ်ရှားနေစဉ် ဆူပူသူ အင်အား ၃၀ ဦးခန့်မှ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိ၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၇ နာရီ အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူသူများပစ်ပေါက်ခဲ့သည့် လက်ပစ်ဗုံး အမျိုးအစား (စိစစ်ဆဲ) နှစ်လုံးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြောင်း ဖော်ပြထားသည်။
အလားတူ နံနက် ၈ နာရီအချိန်ခန့်တွင် နန်းတော်ရာရပ်ကွက်၊ ဆံတော်တွင်းလမ်းမပေါ်ရှိ အတားအဆီးများအား ရှင်းလင်းဖယ်ရှားနေစဉ် ဆူပူသူအင်အား ၈၀ ဦးခန့်မှ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူသူများက လက်လုပ်သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတွင် ခဲသီးဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အတူ နံနက် ၁၀ နာရီအချိန်တွင် အတားအဆီးများအားရှင်းလင်းစဉ် နန်းတော်ရာ ရပ်ကွက်၊ စက်ပိုင်း ၄ လမ်းရှိ "ခင်"အလှပြင်ဆိုင်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ၊ ဂျင်ကလိများ၊ လေးကိုင်း၊ မြှားတံများ၊ လက်လုပ်ဒိုင်းများနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ၎င်းဆိုင်အနီးရှိ အတားအဆီးအား ရှင်းလင်းစဉ် သဲအိတ်များအောက်တွင် လက်လုပ်မိုင်း နှစ်လုံးအား ဝါယာကြိုးဖြင့် တွဲဆက်၍ ထောင်ထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်မဲ့ပြုလုပ်ဖယ်ရှားရှင်းလင်းခဲ့ကြောင်း၊ နံနက် ၉ နာရီခွဲအချိန်တွင် ပုဏ္ဏားစုရပ်ကွက်၊ မှော်ကန် ၁၅ လမ်းထိပ်တွင် အတားအဆီးများအား ဆက်လက်ရှင်းလင်းနေစဉ် ဆူပူသူ အင်အား ၅၀ ဦးခန့်ကလက်လုပ်သေနတ်၊ မီးပုလင်း၊ လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား ဆက်လက်ရှင်းလင်းခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် နန်းတော်ရာရပ်ကွက်၊ ဆံတော်တွင်းလမ်းမအရောက် ဓာတ်မီးတိုင်တစ်တိုင်အနီး သံပိုက်လုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်မဲ့ပြုလုပ်ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း၊ ဖော်ပြပါအတားအဆီးများအား ဖယ်ရှားရှင်းလင်းရာတွင် အခိုင်အမာပြု လုပ်ထားမှုများကြောင့် လူအင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းအပြင် ယာဉ်ကြီး/ ယန္တယားများအသုံးပြုဖယ်ရှား ရှင်းလင်း ခဲ့ရကြောင်း၊ အထက်ပါဖြစ်စဥ်များတွင်ဆူပူသူများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆူပူသူများအနက် အမျိုးသား တစ် ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်