
မြန်မာ့ရေပြင်ပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှုလေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) အား ဧပြီ ၂ ရက်မှစ၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုရာတွင် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများ ပါဝင်ကြောင်းသိရသည်။
ထို့နောက် လေ့ကျင့်ခန်းအစီအစဉ်အတိုင်းစစ်ရေယာဉ် ၁၀ စီးမှ ရေပြင် ပစ်မှတ်၊ ဝေဟင်ပစ်မှတ်များအား အမြောက်ကြီးများ၊ စက်အမြောက်များဖြင့်လည်း ကောင်း၊ ရေအောက်ပစ်မှတ်များအား Torpedo များဖြင့်လည်းကောင်း လက်တွေ့ ပစ်ခတ်လေ့ကျင့်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ်(မုတ္တမ)ပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်သည့် တာဝန် ရေတပ်မမှူးနှင့် အရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်(မုတ္တမ)ပေါ်၌ အမှာ စကားပြောကြားရာတွင် Sea Shield လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခုနစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်လုပ်ဆောင်ခဲ့သည့် အတွေ့ အကြုံများကိုယူ၍ ယခုလေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သာမာန်အား ဖြင့်ကြည့်မည်ဆိုပါက ပုံမှန်လေ့ကျင့်ခန်းတစ်ခုဖြစ်သော်လည်း နိုင်ငံတော်ကာကွယ် ရေးအတွက် အလွန်အရေးပါသည့် လေ့ကျင့်မှုတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေပိုင်နက်သည် အလွန်ကျယ်ပြန့်ပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့် ရှည်လျားကာ ရေပြင်ဧရိယာစတုရန်းရေမိုင် ၁၄၄၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ရေပိုင် နက် ဧရိယာကို လုံခြုံအောင် ကာကွယ်နိုင်ရေးတွင် တပ်မတော်(ရေ)၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးကြောင်း၊ ရေတပ်တွင် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ပစ်မှတ်ထိမှန်ရန် အဓိကအရေးကြီးပြီး ရေကြောင်းစစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ရေယာဉ် တစ်စီး ထိမှန် ပျက်စီးပါက ဆုံးရှုံးမှုအလွန်ကြီးမားပြီး တိုက်စွမ်းရည်ကို များစွာထိခိုက် စေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ “ပစ်လျှင်ထိရမည်၊ ထိအောင်လည်း လေ့ကျင့်ရမည်” ဆိုသည့် လေ့ကျင့်ရေးမူဝါဒအတိုင်း ပစ်မှတ် ထိမှန်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလေ့ကျင့်ခန်း တွင် Area Target ကို ပစ်ခတ်ခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် ဧရိယာအတွင်း၊ ဘောင် အတွင်းသို့ ကျရောက်အောင် လေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့ပြင်တပ်မတော်(ရေ)ကို ယခင်က ဖရီးဂိတ်စစ်ရေယာဉ် မေယုဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှစ၍အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ကာ အမြန်သွားတိုက်ရေယာဉ်၊ အမြောက်တင်ရေယာဉ် စသည်တို့မှ တစ်ဆင့် ကိုယ်ပိုင်စစ်ရေယာဉ်များ ထုတ်လုပ်နိုင် သည်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်ရေယာဉ်များကို ကိုယ်တိုင် ထုတ်လုပ်ခြင်းအားဖြင့် အရေအတွက်တိုးပွားလာမည်ဖြစ်ပြီး Calibre လည်း များစွာ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ထုတ်လုပ်နိုင်ရုံ နှင့် မရဘဲ လက်နက်စနစ်၊ လက်နက်ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုရှိအောင်လည်း လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံ ရေပိုင်နက်အတွင်း ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ရေပေါ်၊ ရေအောက် သယံဇာတ ခိုးထုတ်ယူမှုများ ရှိခဲ့ ကြောင်း၊ ထို့ကြောင့် ရေသယံဇာတများကို တိုင်းပြည်က အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် ရေပြင်ပိုင်နက်နယ်နိမိတ်ကို ကာကွယ်နိုင်ရန် တပ်မတော်(ရေ)ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ယခု လေ့ကျင့်ဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းသည် ကောင်းမွန်သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဝေဟင်၊ ရေပြင်နှင့် ရေအောက် မှ ခြိမ်းခြောက် တိုက်ခိုက် လာသည့် ရန်သူကို တန်ပြန်တိုက်ခိုက်ချေမှုန်းနိုင်ရေးလေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ လေ့ကျင့်ခန်းပြုလုပ်သည့် အဆင့်မှသည် တိုက်ပွဲဝင်အသင့်စစ်ဆင်နိုင်စွမ်းရှိ သည့် အဆင့်(Drill to Action) သို့ ရောက်ရှိရေး ဦးတည်လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ် သုံးသပ် ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် စုဆောင်းမှုနှင့် ပတ်သက်၍ မိမိတို့ရရှိ ထားသည့် အချက်အလက်များသည် မှန်ကန်ရန်လိုအပ်မည်ဖြစ်ပြီး မှန်ကန်သည့် အချက်အလက်များရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဧပြီ ၉ ရက်ကပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းသည် ရဟတ်ယာဉ်၊ ရေငုပ်သင်္ဘောနှင့် ရေပြင်သွား စစ်ရေယာဉ်များ ပါဝင်၍ သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသောရေတပ်ဖွဲ့ (Three-Dimensional Navy)ဖြင့် တိုက်စစ်၏ အခြေခံသဘောတရားဖြစ်သည့် ပစ်ခတ်မှုနှင့် စစ်ကစားမှု (Fire and Maneuver) ကို လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲသိင်္ခသူ)သည် မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်မှစပြီး မြန်မာ့ရေပြင်ပိုင်နက်နယ်နိမိတ် စစ်ဆေးရေးရေပြင် ဌာနချုပ်ဧရိယာအတွင်း၌ ရေငုပ်စစ်ဆင်လေ့ကျင့်မှုအကြိမ်ပေါင်း ၁၃၁ ကြိမ်၊ နာရီ ပေါင်း ၁၇၀၈ နာရီ ၅၆ မိနစ်အထိ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်