Top News

အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက AI နည်းပညာအသုံးပြုပြီး အာဆီယံခေါင်းဆောင်တစ်ဦး၏ အသံကိုဖန်တီးကာ အလှူငွေတောင်းခံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ပေတုန်တန် ပြောကြား
24htopnews | January 16, 2025 6:12 PM CST

အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုသည် AI နည်းပညာကို အသုံးပြုပြီး အာဆီယံခေါင်းဆောင်တစ်ဦး၏ အသံကိုဖန်တီးကာ ၎င်းအား အလှူငွေလိမ်ညာတောင်းခံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်က ဇန်နဝါရီ ၁၅ ရက်တွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။

အွန်လိုင်းပေါ်မှ လူလိမ်တစ်ဦးသည် AI နည်းပညာဖြင့်ဖန်တီးထားသည့် အာဆီယံခေါင်းဆောင်တစ်ဦး၏ အသံမက်ဆေ့ချ်များကို လူမှုမီဒီယာအက်ပလီကေးရှင်းတစ်ခုမှတစ်ဆင့် ၎င်းအားပေးပို့ခဲ့သည်ဟု ပေတုန်တန်က ၂၀၂၆ ဘဏ္ဍာနှစ်အသုံးစရိတ်ဆိုင်ရာ မူဝါဒအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုအသံမက်ဆေ့ချ်ပေးပို့သူက သူသည် အိမ်နီးချင်းနိုင်ငံမှ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ သူ့နိုင်ငံကိုယ်စား အလှူငွေများ တောင်းခံခြင်းဖြစ်ကြောင်း AI ဖြင့်ဖန်တီးထားသည့် အသံတုဖြင့် မက်ဆေ့ချ်ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုအသံမက်ဆေ့ချ်များထဲတွင် နိုင်ငံတကာအရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်ဟု ပေတုန်တန်က ဆိုသည်။

ပေတုန်တန်ကလည်း သူသည် မက်ဆေ့ချ်တစ်စောင်ပြန်ပို့ခဲ့ပြီးနောက် ထိုလူလိမ်သည် ည ၁၁ နာရီခန့်တွင် ထိုလူမှုမီဒီယာအက်ပလီကေးရှင်းမှတစ်ဆင့် ပေတုန်တန်ကို ဖုန်းခေါ်ခဲ့သည်ဟုဆိုသည်။

ထိုအချိန်က ပေတုန်တန်သည် အိပ်ပျော်သွားသဖြင့် ဖုန်းမကိုင်မိခဲ့ကြောင်း၊ နောက်ရက်တွင် Missed call တွေ့သဖြင့် ပေတုန်တန်က တောင်းပန်သည့် မက်ဆေ့ချ်ပေးပို့ခဲ့ကြောင်း၊ ထို့နောက် ထိုလူလိမ်က အလှူငွေထပ်မံတောင်းခံကြောင်းနှင့် အထောက်အထားမရှိသည့် စကားများကို ပြောကြားခဲ့ကြောင်း ပေတုန်တန်က ပြောသည်။

ထို့နောက် ပေတုန်တန်သည် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်  ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး ပရာဆတ် ချန်တာရာရွန်သွန်းအား တာဝန်ပေးခဲ့ပြီးနောက် အွန်လိုင်းပေါ်မှ လူလိမ်ဂိုဏ်းတစ်ခု၏ လက်ချက်ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

ပေတုန်တန်ကမူ သူသည် အွန်လိုင်းပေါ်မှ လိမ်ညာမှုကို ယုံကြည်လုနီးပါးအခြေအနေအထိရောက်ရှိခဲ့ရသဖြင့် ပြည်သူများအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ပစ်မှတ်ထားမှုကို သတိထားရန် ပြောကြားခဲ့သည်။

■Ref: The Nation Thailand

 


READ NEXT
Cancel OK