Top News

မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့်အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ
24htopnews | January 16, 2025 6:12 PM CST

 မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့်အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက်၊ ညနေ ၄ နာရီ တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၁(A)လမ်း၊ ၆၁ x ၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီးတို့ လေးဦးအား TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ ပလပ်စတစ် ဆပ်ပြာခွက်(၆၆၀)ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ စောဖြိုးအောင်၏ နေအိမ်မှ တစ်ပုလင်းလျှင် (၁၀၀)မီလီလီတာစီပါ PHENSEDYL (၃၀)ပုလင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင်သူ (ခ)စိန်သောင်း မှ တာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့် ဇော်မျိုးသိန်းတို့အား သယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နေ ကီရန်းမှ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ကလေးမြို့မှ မန္တလေးမြို့သို့ PHENSEDYL များ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့် သန့်ဇင်ထွန်း တို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် SUZUKI Ciaz မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ PHENSEDYL များ ရောင်းချပေးခဲ့သူ လှိုင်မျိုးထွန်း(ခ)သီလွန်း အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိထားသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK