Top News

Fury အဖွဲ့အစည်းကချီးမြှင့်သည့် Hall of Fame ဆု မြန်မာဖိုက်တာ ဂျိုရှုအာဗန် လက်ခံရယူ
24htopnews | January 16, 2025 12:12 AM CST

 

မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် Fury တိုက်ခိုက်ရေးအဖွဲ့အစည်းက ချီးမြှင့်သည့် Hall of Fame ဆု လက်ခံရယူခဲ့ကြောင်း သိရသည်။ Fury အဖွဲ့အစည်းသည် ယင်းဆုကို ဇန်နဝါရီ ၁၃ ရက်က ချီးမြှင့်ခဲ့သည့် ဂျိုရှုအာဗန်က မိသားစုနှင့်အတူ တက်ရောက်လက်ခံ ရယူခဲ့ခြင်းဖြစ်သည်။ 

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် Fury တိုက်ခိုက်ရေးအဖွဲ့အစည်းတွင် အပျော်တမ်းပွဲများ စတင်ထိုးသတ်ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝသို့ ကူးပြောင်းခဲ့သလို ၂၀၂၃ ခုနှစ်တွင် နာမည်ကျော် တိုက်ခိုက်ရေးအဖွဲ့အစည်းဖြစ်သော UFC နှင့် လက်တွဲခွင့်ရခဲ့သောကြောင့် Fury အဖွဲ့အစည်းအနေဖြင့် Hall of Fame ဆု ချီးမြှင့်ခြင်းဖြစ်သည်။ 

ဂျိုရှုအာဗန်သည် ၂၀၂၀ နှစ်ကုန်ပိုင်းမှ စတင်ကာ အပျော်တမ်း MMA ပွဲများထိုး သတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လအထိ လေးပွဲ ထိုးသတ်ရာ လေးပွဲစလုံး အနိုင်ရခဲ့သည်။ ထိုမှတစ်ဆင့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် Fury အဖွဲ့အစည်းနှင့် ပရော်ဖက်ရှင် နယ်ကစားသမားဘဝ ကူးပြောင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ စုစုပေါင်း ရှစ်ပွဲထိုးသတ်ရာ ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ 

Fury တွင် ရလဒ်ကောင်းနေသည့် ဂျိုရှုအာဗန်သည် ၂၀၂၃ ခုနှစ်တွင် UFC နှင့် လက်တွဲခွင့်ရခဲ့ ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ခြောက်ပွဲထိုးသတ်ရာ ငါးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ ဂျိုရှုအာဗန်သည် လာမည့်ပွဲများတွင် ထပ်မံအနိုင်ရပါက UFC ဖလိုင်းဝိတ်တန်းတွင် ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရဖွယ်ရှိကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် မြန်မာ MMA ဖိုက်တာများအနက် UFC အဖွဲ့အစည်းနှင့် လက်တွဲခွင့်ရသည့် တစ်ဦးတည်းသော ဖိုက်တာလည်းဖြစ်သည်။ 


READ NEXT
Cancel OK