Top News

ဘရန့်ဖို့ဒ်အသင်းအား (၂-၀)ဂိုးဖြင့် ဦးဆောင်ပြီးမှ သရေကျခဲ့သည့်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဒေါသပေါက်ကွဲခဲ့ပြီး အသင်းဂိုးသမားကို ဆူပူကြိမ်းမောင်း
24htopnews | January 16, 2025 12:12 AM CST

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘရန့်ဖို့ဒ်အသင်း အား (၂-၀) ဂိုးဖြင့် ဦးဆောင်ပြီးမှ ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲအပြီးတွင် ကွင်းအတွင်းဝင်ရောက်ကာ အသင်းဂိုးသမား အော်တေဂါ ကို ဆူပူကြိမ်းမောင်းခဲ့ကြောင်း သိရသည်။ 

ဇန်နဝါရီ (၁၄) ရက်က ကစားခဲ့သည့် ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေဖြင့် နှစ်ပေါင်း(၃၀) ကြာ ပေါင်းသင်းလာသည့် ဇနီးသည်နှင့် လမ်းခွဲခဲ့သည် ဆို သောသတင်းထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် ကစားခဲ့ခြင်း ဖြစ်သည်။ 

မန်စီးတီးအသင်းသည် အဆိုပါပွဲစဉ်တွင် အဝေးကွင်း၌ ဘရန့်ဖို့ဒ်အသင်းကို ဖိုဒန်၏သွင်းဂိုး (၂)ဂိုးဖြင့် (၈၁)မိနစ်အထိ (၂-၀) ဂိုးဖြင့် အနိုင်ရနေခဲ့သည်။ သို့သော် မန်စီးတီးအသင်းသည် အဆိုပါ အနိုင်ရလဒ်ကို ထိန်းနိုင်ခြင်း မရှိဘဲ (၈၂) မိနစ်နှင့် (၉၀+၂) မိနစ်တို့တွင် ဘရန့်ဖို့ဒ်အသင်း ၏ ချေပဂိုးများကို ခွင့်ပြုခဲ့ရပြီး ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။  

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အဆိုပါပွဲစဉ်တွင်အနိုင်ရလဒ်ကို ထိန်းနိုင်ခြင်းမရှိသည့်အတွက် အသင်းကို ဒေါသပေါက်ကွဲခဲ့ပြီး ကွင်းဘေးစည်းရှိ ကြော်ငြာဆိုင်းဘုတ်ကို ဒေါသတကြီး ကန်ကျောက်ခဲ့သလို၊ ပွဲအပြီးတွင် ကွင်းအတွင်း ဝင်ရောက်ကာ အသင်းဂိုးသမား အော်တေဂါကို ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်။ 

အော်တေဂါသည် နောက်ပိုင်းပွဲစဉ်များတွင် အသင်း၏အဓိကဂိုးသမားဖြစ်သူ အီဒါဆန်ကိုကျော်ကာ မန်စီးတီးအသင်းအတွက် ပွဲထွက်ခွင့်ရနေသူဖြစ်သည်။ ၎င်းသည် (၉၀+၂) မိနစ်တွင် သွင်းယူခဲ့သည့် ဘရန့်ဖို့ဒ်ကစားသမား နော်ဂတ်ဒ်၏ခေါင်းတိုက်ချက်ကို ကာကွယ်ရာတွင် ပိုမိုလုပ်ဆောင်နိုင်ခဲ့သင့်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူဆနေကြောင်း သိရသည်။ 

ထို့ကြောင့် ဂွါဒီယိုလာသည် ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးတွင် ကွင်းအတွင်းဝင်ရောက်ကာ အော်တေဂါအား ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာသည် ယင်းပွဲအပြီးတွင် အော်တေဂါအပြင် အသင်းနောက်ခံလူ ဂီဗာဒီယိုလ်ကိုလည်း ဆူပူကြိမ်းမောင်းခဲ့သည်။ 


READ NEXT
Cancel OK