
ရန်ကုန်ယူနိုက်တက်အသင်းသည် ဂိုးသမားဖြစ်သူ ပြည့်ဖြိုးအောင်ကို နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လိဂ်ပြိုင်ပွဲကျင်းပနေသည့်ကာလအတွင်း အမာခံ ဂိုးသမားဖြစ်သူ လက်ရွေးစင်ဟောင်း ပြည့်ဖြိုးအောင်ကို အံ့အားသင့်ဖွယ် စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ဇန်နဝါရီ ၁၁ ရက်က မဟာယူနိုက်တက်နှင့် ကစားသည့် MNL ပွဲစဉ် (၁၅) တွင် အမှားမှတစ် ဆင့် ချေပဂိုးပေးလိုက်ရသည့်ဖြစ်ရပ်နှင့် ဆက်စပ်ဖွယ်ရှိနေသည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် ယင်းပွဲတွင် နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ပွဲပြီးခါနီးတွင် ချေပဂိုးများပြန်ပေးလိုက်ရကာ သရေကျခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည့်ဖြိုးအောင်ကို စာချုပ်ဖျက်သိမ်းလို်က်ခြင်းမှာ လုပ်ပွဲသံသယကြောင့်ဖြစ်ဖွယ်ရှိကြောင်း ပြင်ပတွင် သတင်းများထွက်ပေါ်နေသော်လည်း ကာယကံရှင် ပြည့်ဖြိုးအောင်ကမူ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ၎င်းင်း၏လူမှုကွန်ရက်မှတစ်ဆင့် အများထင်မြင်နေသည့် Match Fixing ကင်းရှင်းကြောင်း ပြန်လည်ရှင်းလင်းထားသည်။
ပြည့်ဖြိုးအောင်က "ဘိုင့်ဘိုင် ရန်ကုန်။ သက်တမ်းအလိုက် လက်ရွေးစင်တွေ ကန်တယ်၊ ဆောက်သမ်းမှာ ကန်ခဲ့တယ်။ နောက်ပြီး ဟံသာဝတီမှာ ကန်တယ်၊ ပြီးတော့ ရန်ကုန်ကို အရမ်းအထင်ကြီးလို့ ပြောင်းခဲ့ပါတယ်။ ကျွန်တော်နဲ့ YUFC လက်တွဲတာ ဒီရာသီအစ ကနေမှပါ။ တစ်နေ့က ပွဲမှာတော့ ကျွန်တော် ကစားသမားဘဝ ၁၇ နှစ်တာမှာ ကျွန်တော်ကိုယ်တိုင်တောင် အံ့သြစရာ အမှားတစ်ခုကို လုပ်မိတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော့်ကို ကျွန်တော် ချက်ချင်း သတိပြုမိတယ်။ ကိုယ် အရမ်းပိုင်နေရင်တောင် အမှားဆိုတာ ဖြစ်တတ်တဲ့အတွက် ပိုပိုကြိုးစားဖို့ဆိုတဲ့ အသိပါ။ ဒါပေမဲ့ ထပ်သိလိုက်ရတာက ကျွန်တော့်အတွက် အမှားက တစ်ခါမှတောင် ခွင့်မပြုပေးဘူးဆိုတာပါပဲ။ ကျွန်တော့် ၁၇ နှစ်တာ ထားခဲ့တဲ့ ဘောလုံးကို ချစ်တဲ့စိတ်နဲ့ ကျွန်တော့် ဂုဏ်သိက္ခာကို ချနင်းခံလိုက်ရသလိုပါပဲ။ တစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ရှေ့ဆက်ဘာလိုလုပ်မလဲ။ ဘာလဲကတော့ ကျွန်တော် ကိုယ်တိုင်တောင် Suprise ပဲ ဖြစ်နေသေးလို့ မသိသေးပါဘူး။ မှတ်ချက်-ရန်ကုန်ရောက်ပြီး ကတည်းက ကျွန်တော်ဖမ်းတဲ့ပွဲတိုင်း မရှုံးသေးပါဘူး။ သူများတွေ ထင်မြင်နေသလို Match Fixing လဲ ကင်းရှင်းပါတယ်ဗျာ"ဟု ရေးသားထားခြင်းဖြစ်သည်။
"ဒီဖြစ်ရပ်က မြန်မာ့ဘောလုံးမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်မျိုးပါ။ အပြောင်းအရွှေ့ ကာလမဟုတ်တဲ့အချိိန်မှာ ကစားသမားတစ်ဦးကို ရုတ်တရက် စာချုပ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်အသင်းက ပြည့်ဖြိုးအောင်ကို ဘာကြောင့် စာချုပ်ဖျက်သိမ်းလိုက်လဲဆိုတဲ့ အချက်မပါဝင်ပေမယ့် မဟာယူနိုက်တက်နဲ့ ပွဲမှာ ပေးလိုက်ရတဲ့ဂိုးနဲ့ သက်ဆိုင်မယ်ထင်ပါတယ်။ ဒီပွဲကိုကြည့်ပြီး ပြောရမယ်ဆိုရင် ပွဲပြီးခါနီးမှာ ပြည့်ဖြိုးအောင်က တစ်ဖက်အသင်းကန်တဲ့ ပြစ်ဒဏ်ဘောကိုဖမ်းရာမှာ လက်ကလွတ်ပြီး ပြန်ကျတယ်။ ဒါကို ပြိုင်ဘက်အသင်းက ခေါင်းတိုက်ပြီး ဂိုးသွင်းသွားတယ်။ ဒါက ဘောလုံးပွဲတစ်ပွဲမှာ ဂိုးသမားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်မျိုးပါ။ ကမ္ဘာကျော် ဂိုးသမားတွေလည်း ဖြစ်နေတာပဲ။ လတ်တလော အပြောခံရဆုံး ဂိုးသမား အိုနာနာလည်း ဒါမျိုးတွေ ဖြစ်နေတာပဲ။ မြန်မာနေရှင်နယ်လိဂ်မှာ လုပ်ပွဲသတင်းတွေ ထွက်နေတာကြာပါပြီ။ တချို့ဖြစ်ရပ်တွေဆိုရင် ဒီထက်တောင် ဆိုးပါတယ်။ တော်တော်သိသာပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေလည်း အခုထိ ဘာမှမလုပ်နိုင်သေးပါဘူး။ ကျွန်တော် အခုလိုပြောတာ ပြည့်ဖြိုးအောင်ရဲ့ လုပ်ရပ်က လုပ်ပွဲဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ ဖြစ်စဉ်ကို သုံးသပ်ပေးတာပါ။ ရန်ကုန်ယူနိုက်တက်အသင်းက စာချုပ်ဖျက်သိမ်းတဲ့ အကြောင်းရင်း မထုတ်ပြန်ပေမယ့် လုပ်ပွဲ သံသယကြောင့်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ဒီကိစ္စကြောင့် စာချုပ်ဖျက်သိမ်းတယ်ဆိုရင် ရန်ကုန်အသင်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာစုံစမ်းလား။ သက်သေအခိုင်အမာရှိလား။ ဒါမှမဟုတ် နိုင်သင့်တဲ့ပွဲမှာ မနိုင်လို့ဆိုတဲ့ စိတ်ခံစားချက်ကြောင့်လား။ ဒါက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကစားသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ အနာဂတ်နဲ့ အများကြီးဆိုင်ပါတယ်။ သက်သေအခိုင်အမာရှိတယ်ဆိုရင် တရားစွဲလို့တောင် ရပါတယ်။ ဒါက အသင်းဘက်ကို ပြောတာပါ။ ကစားသမားဘက်ကကြည့်ရင်လည်း တကယ်လုပ်ခဲ့လို့ အခုလို လုပ်ခံရတယ်ဆိုရင် ပြဿနာမရှိပေမယ့် မဟုတ်ရင် တော်တော်နစ်နာပါတယ်။ ကစားသမားတွေ နစ်နာရင် ဘယ်သူ့ကို တိုင်ကြားရမလဲ။ မြန်မာနိုင်ငံမှာ ကစားသမားအရေးကိစ္စအတွက် လုပ်ဆောင်ပေးတာမျိုး မရှိသေးပါဘူး။ အရင်တုန်းကလည်း လစာမရတာအပါအဝင် နည်းပြတွေ၊ ကစားသမားတွေ နစ်နာခဲ့တဲ့ ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ ပြည်ပကစားသမားတွေကတော့ ဒီမှာလာကစားပြီး စာချုပ်ဖျက်ခံရတာ မတရားဘူးထင်ရင် FIFA ကို တိုင် ကြားလို့ MNL က အသင်းကြီးတွေ လျော်ကြေး အများကြီးပေးလိုက်ရတာတွေ ရှိပါတယ်။ မြန်မာကစားသမားတွေ အနေနဲ့လည်း ကိုယ့်ဘက်က နစ်နာမှုမရှိအောင် အေးဂျင့်ထားပြီး စာချုပ်ချုပ်ရင် သေချာလုပ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ပရိုကစားသမားလို့ သတ်မှတ်ရင် ပရိုစံနှုန်းအတိုင်း လုပ်ရမှာပါ။ အခုကိစ္စမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်က ဘယ်လိုပုံစံနဲ့ဝင်ပြီး ဆောင်ရွက်ပေးမလဲ စောင့်ကြည့်နေပါတယ်" ဟု မြန်မာ့ဘောလုံးကျွမ်းကျင်သူတစ်ဦးက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်