Top News

ပထမစစ်အေးခေတ်နှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
24htopnews | January 15, 2025 8:12 PM CST

ပထမစစ်အေးခေတ်  (First Cold War Era) သည် ယေဘုယျအားဖြင့် ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ် အထိ  စုစုပေါင်း ၄၄ နှစ် ကြာမြင့်ခဲ့သည်။

“ပထမ စစ်အေး” (Cold War 1.0) သည် အမေရိကန်ပြည်ထောင်စုက ဦးဆောင်သော “အနောက်အုပ်စု” (Western Bloe) အရင်းရှင်နိုင်ငံများနှင့် ဆိုဗီယက်ပြည်ထောင်စုက ဦးဆောင်သော “အရှေ့အုပ်စု” (Eastern Bloe) ကွန်မြူနစ်နိုင်ငံများအကြား ဖြစ်ပွားခဲ့သော နိုင်ငံရေး၊ စစ်ရေး ၊ လုံခြုံရေး ၊ ၀ါဒဖြန့်ချိရေး၊ စီးပွားရေး၊ လူမှုရေး၊ စက်မှုလုပ်ငန်းနှင့် သဘောတရားရေးရာဘက်စုံ အထွေထွေအားပြိုင်ယှဉ်ပြိုင်မှုများနှင့် ပဋိပက္ခများ၏ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။

ပထမစစ်အေးခေတ်အတွင်း အချို့သောနိုင်ငံများက အင်အားတောင့်တင်း ၊ ခိုင်မာသန်စွမ်းသော “အမျိုးသားနိုင်ငံတော်များ” (National State) ဖြစ်လာကြသည်။ အချို့သော နိုင်ငံများကမူ နိုင်ငံ အစိတ်စိတ်အမြွာမြွာပြိုကွဲခြင်း၊ နယ်မြေ အစိတ်အပိုင်းများ ခွဲထွက်ခြင်းများကို တွေ့ကြုံခဲ့ရသည်။

နိုင်ငံမပြိုကွဲခဲ့

မြန်မာနိုင်ငံကမူ ပထမစစ်အေးခေတ်ပြီးဆုံးသည်အထိ နိုင်ငံပြိုကွဲခြင်းနှင့် နယ်မြေခွဲထွက်ခြင်းတို့ကို မတွေ့ကြုံခဲ့ရဘဲ ယင်းအစား အင်အားသန်စွမ်းသော အမျိုးသားတပ်မတော်က နိုင်ငံ၏ အင်အားအကြီးမားဆုံးနှင့်ခိုင်မာတည်ငြိမ်နေသော အာဏာပိုင်အင်စတီကျူးရှင်း တစ်ရပ် ဖြစ်လာခဲ့သည်။

ကွန်မြူနစ်နိုင်ငံ မဖြစ်ခဲ့

ပထမ စစ်အေးခေတ်အတွင်း အချို့သော နိုင်ငံများသည် ကွန်မြူနစ်နိုင်ငံများ ဖြစ်သွားခဲ့ကြသည်။ မြန်မာနိုင်ငံကမူ ကွန်မြူနစ်နိုင်ငံ တစ်ခုဖြစ်မသွားခဲ့ ။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်စနစ် ကို ၂၆ နှစ်ကြာ ကျင့်သုံးခဲ့သော်လည်း နိုင်ငံတော်အတွင်း ကွန်မြူ နစ်များနှင့်မာ့က်စ်ဝါဒီများက အာဏာရရှိလာခြင်း မရှိခဲ့။

အနောက်အုပ်စုဝင်နိုင်ငံ မဖြစ်ခဲ့

ပထမစစ်အေးခေတ်အတွင်း နိုင်ငံများစွာတွင် ကွန်မြူနစ် ဆန့်ကျင်ရေးသမားများ အာဏာရရှိလာခဲ့သည်။ ၎င်းတို့ အာဏာရရှိလာသော နိုင်ငံအချို့သည် အမေရိကန် ပြည်ထောင်စုက ဦးဆောင်နေသော အနောက်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် နောက်လိုက်နိုင်ငံဖြစ်သွားခဲ့ကြသည်။

မြန်မာနိုင်ငံတွင်မူ ပထမစစ်အေးခေတ်အတွင်း အာဏာရရှိလာခဲ့ကြသော ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ ပြည်ထောင်စုပါတီ အစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရနှင့် နဝတအစိုးရများအထဲတွင် သက်ဆိုင်ရာ ခေတ်များအလိုက်၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမားများက သူ့နည်းသူ့ဟန်များဖြင့် အစိုးရအဖွဲ့အတွင်းသို့ အဆင့်နေရာအသီးသီးဖြင့် ပါဝင်လာခဲ့ကြသော်လည်း၊ နိုင်ငံတစ်ခုလုံးအနေဖြင့် အနောက်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံတစ်ခုလည်း မဖြစ်ခဲ့သလို နောက်လိုက်နိုင်ငံ တစ်ခုလည်း မဖြစ်ခဲ့ပါ။

ဘာသာမဲ့လူများစုနိုင်ငံ မဖြစ်ခဲ့

ပထမ စစ်အေးခေတ်အတွင်း ၂၀ ရာစုခေတ်၏ ကမ္ဘာ့အရှေ့အုပ်စု နှင့်အနောက်အုပ်စု နှစ်ခုလုံး အပေါ် လွှမ်းမိုးနေခဲ့သော၊ ခေတ်သစ်သဘောတရားများ၊ ခေတ်သစ်အခြေအနေများအတွင်း အနောက်အုပ်စု၊ အရှေ့အုပ်စုနှင့် ဘက်မလိုက်အုပ်စုဝင်နိုင်ငံအချို့သည် မည်သည့် “ကိုးကွယ်ယုံကြည်မှု ဘာသာတရား” (Religion) ကိုမှ မကိုးကွယ်သော၊ ဘာသာမဲ့များ၊ “ဘုရားမဲ့ဝါဒီများ” (Atheists) နှင့် “ရုပ်ဝါဒီများ” (Materialists) က နိုင်ငံ လူဦးရေ၏ အများစုဖြစ်လာသော၊ ဘာသာမဲ့ လူများစု နိုင်ငံများ ဖြစ်လာခဲ့ကြသည်။

မြန်မာနိုင်ငံကမူ ပထမစစ်အေးခေတ် ပြီးဆုံးသည့်အချိန်အထိ နိုင်ငံ့လူဦးရေ၏ အများစုက “မိရိုးဖလာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ”  (Traditional Theraveda Buddhists) ဖြစ်နေသော နိုင်ငံတစ်ခုအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။

မြန်မာနိုင်ငံ၏ လူမျိုးရေး လူနည်းစုများသည်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် ဘာသာတရားတစ်ခုခုကို ကိုးကွယ်နေသူများက အများစု ဆက်ဖြစ်နေခဲ့ပြီး  နိုင်ငံ၏ မည်သည့် လူမျိုးစုကမှ ဘာသာမဲ့ အများစုဖြစ်နေသော လူမျိုးတစ်မျိုး ဖြစ်မလာခဲ့ပါ။

ပြည်တွင်းစစ် ချုပ်ငြိမ်းသောနိုင်ငံ ဖြစ်မလာခဲ့

ပထမ စစ်အေးခေတ်အတွင်း အချို့သော နိုင်ငံများတွင် ပြည်တွင်းစစ်များ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော်လည်း၊ ဘက်တစ်ဘက်ဘက်က ပြတ်ပြတ်သားသား အနိုင်ရရှိပြီး ဆန့်ကျင်ဘက်က ပြတ်ပြတ်သားသား ချုပ်ငြိမ်းကာ နိုင်ငံအတွင်း ပြည်တွင်းစစ်နှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းကာ  ပြည်တွင်း ငြိမ်းချမ်းရေးထွန်းကားသော နိုင်ငံများ ဖြစ်လာခဲ့ကြသည်။

မြန်မာနိုင်ငံကမူ ပထမစစ်အေးခေတ် ပြီးဆုံးသည်အထိ နယ်စပ်ဒေသ အချို့တွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ကျန်ရှိနေခဲ့သည်။

ဗြိတိသျှဥပဒေစနစ်ကို ဆက်လက်ကျင့်သုံး

ဗြိတိသျှအင်ပါယာ၏ လက်အောက်ခံ ကိုလိုနီဖြစ်ခဲ့သော နိုင်ငံအချို့သည် အမျိုးသားလွတ်လပ်ရေးများ ရရှိလာပြီးနောက် ပထမစစ်အေးခေတ် အတွင်းမှာပင်  “ဗြိတိသျှဥ‌ပဒေစနစ်”  (British Legal System) မှ လုံးဝ ခွဲထွက်လိုက်ကာ  ယင်းနိုင်ငံ၏ နိုင်ငံရေးစနစ်အလိုက်  “ဆိုဗီယက်ဥပဒေစနစ်” (Soviet Legal System) ၊ “ပြင်သစ်ဥပဒေစနစ်”  (French Legal System) ၊ “အမေရိကန်ဥပဒေစနစ် (American Legal System) ၊ “အာရပ် ဥပဒေစနစ်” (Arab Legal System) သို့မဟုတ် “အစ္စလာမ်မစ် ဥပဒေစနစ်”  (Islamic Legal System) တစ်ခုခုအတွင်းသို့ ကူးပြောင်းဝင်ရောက်သွားခြင်းနှင့်ကိုယ်ပိုင် “အမျိုးသားဥပဒေ စနစ်အသစ် “ (New National Legal System) တစ်ရပ်ကို ရေးဆွဲတည်ဆောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံကမူ ပါလီမန်အရပ်သား အစိုးရ၊ စစ်ဘက်ဆိုင်ရာက ဦးဆောင်သော ဆိုရှယ်လစ်အစိုးရများက ခေတ်အလိုက် အာဏာရရှိခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများကဲ့သို့ပင် “ဗြိတိသျှ ဥပဒေစနစ်” ကိုသာ ဆက်လက် အမွေခံယူကျင့်သုံးခဲ့သည်။

အလားတူပင် စာရင်းကိုင်လုပ်ငန်း၊ စာရင်းစစ်လုပ်ငန်း နှင့် နေ့စဉ်လူမှုရေးသချင်္ာ အတိုင်းအထွာများ အတွက်လည်း သက်ဆိုင်ရာ ဗြိတိသျှစနစ်များကိုသာ ယခုအချိန်အထိ မြန်မာနိုင်ငံအတွင်း ဆက်လက်သုံး စွဲနေကြဆဲ ဖြစ်သည်။

ဗြိတိသျှအင်္ဂလိပ်စာ

ပထမ စစ်အေးခေတ်အတွင်း ဗြိတိသျှအင်ပါယာ၏ လက်‌အောက်ခံ ဖြစ်ခဲ့သော ကိုလိုနီနိုင်ငံဟောင်းများစွာသည် မိမိနိုင်ငံ၏ အခြေခံပညာရေး နယ်ပယ်အတွင်း “ဗြိတိသျှ  အင်္ဂလိပ်ဘာသာစကား” (British English Language) ကို တစ်ခုတည်းသော နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပေးသော ၊ အခြေခံပညာရေးစနစ်ဟောင်းအစား အခြေခံပညာ အလယ်တန်းအဆင့်နှင့်  အထက်တန်းအဆင့်များတွင်ပင် ဒုတိယမြောက် ပင်မနိုင်ငံတကာသုံး နိုင်ငံခြား ဘာသာစကားတစ်ခုခုနှင့် အရေးကြီး နိုင်ငံတကာသုံး တတိယမြောက် နိုင်ငံခြားဘာသာစကား တစ်ခုခုကို အရည်အချင်းအပေါ် မူတည်၍လည်းကောင်း ၊ စိတ်ကြိုက်ရွေးချယ်မှုအပေါ် မူတည်၍လည်းကောင်း၊ ထပ်ဆင့် တိုးချဲ့ ဖြည့်စွက် သင်ကြားပေးသော အခြေခံပညာရေး စနစ်သစ်များကို တည်ဆောက်ခဲ့ကြသည်။

နိုင်ငံအလိုက် အခြေခံပညာရေး နယ်ပယ်များအတွင်း အမေရိကန် အင်္ဂလိပ် (American English)၊ ရုရှား၊ ပြင်သစ်၊ စပိန်၊ အာရပ်၊ ဂျာမန်နှင့် ဂျပန်ဘာသာစကားများကို ထည့်သွင်း တိုးချဲ့သင်ကြားပေးခဲ့ကြသည်။

၁၉၉၁ ခုနှစ် ပထမစစ်အေးခေတ်ပြီးဆုံးချိန်အထိမြန်မာနိုင်ငံ၏ အခြေခံပညာရေးစနစ်အတွင်း တစ်ခုတည်းသော နိုင်ငံခြားဘာသာ စကားအဖြစ် ဗြိတိသျှအင်္ဂလိပ်စာ တစ်ခုတည်းကိုသာ သင်ကြားပေးခဲ့သည် ။ ထိုအချိန်အထိ အင်္ဂလိပ် မဟုတ်သော အခြားဘာသာစကားများကို တစ်ခုတည်းသော “နိုင်ငံခြားဘာသာသိပ္ပံ” (IFL-Institute of Foreign Languages) တွင် ဘွဲ့လွန် ဒီပလိုမာများအဆင့်သာ သင်ကြားပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် ဆိုရှယ်လစ်စနစ်ကို ၂၆ နှစ်ကြာ ကျင့်သုံးခဲ့သော်လည်း ရုရှားဘာသာစကားနှင့် ဂျာမန်ဘာသာစကားများသည် မြန်မာနိုင်ငံ၏ အခြေခံပညာရေးစနစ်အတွင်းသို့ ရောက်ရှိမလာခဲ့။ ထိုခေတ်က အခြားကွန်မြူနစ်နှင့် ဆိုရှယ်လစ်နိုင်ငံအများစုသည် အမေရိကန်၊ အင်္ဂလိပ်၊ ရုရှားနှင့် ဂျာမန် ဘာသာစကားများကို အခြေခံပညာရေးစနစ်များအတွင်း အထူးဦးစားပေး သင်ကြားခဲ့ကြသည်။

စက်မှုနိုင်ငံဖြစ်မလာခဲ့

ပထမစစ်အေးခေတ်၏ထူးခြားချက်တစ်ရပ်မှာ “သမိုင်းဆိုင်ရာ အခွင့်အလမ်းကောင်းများ” (Historical Chances)ကို နိုင်ငံအလိုက် ပြည်သူအများစုက တက်ကြွနိုးကြားစွာနှင့် စည်းလုံးညီညွတ်စွာ ဖမ်းယူဆုပ်ကိုင်နိုင်သော နိုင်ငံအချို့သည် “စက်မှု တော်လှန်ရေးများ” (Industrial Revolutions) နှင့် “နည်းပညာ တော်လှန်ရေးများ” (Technological Revolutions) ကို အသီးသီးဆင်နွှဲခဲ့ကြပြီး “စက်မှုနိုင်ငံများ” (Industrialist Nations)၊ “အဆင့်မြင့် နည်းပညာနိုင်ငံများ” (Hi-Tech Nations) ဖြစ်လာခဲ့ကြသည်။

မြန်မာနိုင်ငံသည် ပထမစစ်အေးခေတ်အတွင်း အာဏာရ အစိုးရများက စက်မှုတော်လှန်ရေးနှင့် နည်းပညာတော်လှန်ရေးများကို ဆင်နွှဲရန် ကြိုးစားခဲ့သေးသော်လည်း  အရပ်ဘက်စက်မှုလုပ်ငန်းများနှင့် နည်းပညာလုပ်ငန်းများအတွင်း မဟာဗျူဟာအမှားများနှင့် စီမံခန့် ခွဲမှုအမှားများ၊ အဂတိလိုက်စားမှုများနှင့် လာဘ်လာဘ်ယူမှုများကြောင့်၊ လမ်းကြောင်း တစ်ဝက်တစ်ပျက်ပေါ်တွင် မအောင်မမြင် ဖြစ်ခဲ့ရသည် ။ စစ်ရေးစက်မှုလုပ်ငန်းများတွင်သာလျှင် အကန့်အသတ် တစ်ခုအတွင်း ဖွံ့ဖြိုးမှု လမ်းကြောင်းအပေါ် စတင်ခြေကုပ်ယူနိုင်ခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်မလာခဲ့

ပထမစစ်အေးခေတ်အတွင်း နိုင်ငံအချို့သည် အရှေ့အုပ်စုနှင့် အနောက်အုပ်စု တစ်ခုခု၏ အကူအညီများဖြင့် “ဖွံ့ဖြိုးပြီး နိုင်ငံများ” (Developed Nations) ဖြစ်လာကြ သကဲ့သို့  အချို့သောနိုင်ငံများသည် “သဘာဝ သယံဇာတများ” (Natural Resources) ၊ “ပင်လယ်ရေကြောင်း ကုန်သွယ်ရေး အချက်အချာကျမှု” (Nautical Trade Role) နှင့် “ပထဝီ မဟာဗျူဟာ အရေးပါမှု” (Geostrategic Role) အပေါ်တွင် “ကောင်းမွန်သောအစိုးရ အုပ်ချုပ်မှုလုပ်ငန်း” (Good Governance) ကို ထပ်ဆင့် ထည့်သွင်း ပေါင်းစပ်နိုင်ခြင်းကြောင့် “ချမ်းသာသော နိုင်ငံများ”  (Rich Nations) အဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံကမူ ပထမစစ်အေးခေတ် ပြီးဆုံးသောအချိန်အထိ မိမိနိုင်ငံ၏ အကြီးမားဆုံး သဘာဝသယံဇာတသိုက်များကို ရှာဖွေစူးစမ်းမှုများကို နိုင်ငံတော်လုံခြုံရေး မူဝါဒနှင့် မဟာဗျူဟာများအရ မြန်မာအစိုးရများက ခေတ်အဆက်ဆက် တမင်မပြုလုပ်ဘဲနေခဲ့ကြသည်။

ရှေးခေတ်ဟောင်း မြန်မာတို့၏ ရိုးရာအုပ်ချုပ်မှုမှတ်တမ်းများနှင့် ရိုးရာအခွန်မှတ်တမ်းများအရ မြန်မာတို့၏ အကြီးမားဆုံး သဘာဝသယံဇာတရတနာသိုက်များမှာ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့် လွင်ပြင်ဒေသများ အတွင်းတွင်သာ တည်ရှိနေခဲ့ခြင်းဖြစ်သည်။

ပင်ကိုသဘာဝ ပထဝီအရ မြန်မာနိုင်ငံသည် ကမ္ဘာ၏ အရေးအကြီးဆုံးနှင့် ပထမတန်းပင်လယ်ရေကြောင်း ကုန်သွယ်ရေး အချက်အချာနေရာများအတွင်း မပါဝင်ပါ။ ထို့ပြင် ပထမစစ်အေးခေတ်အတွင်း ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံများကိုသာ အဓိက ရန်သူအဖြစ် သတ်မှတ်ထားခဲ့သော  အမေရိကန်ပြည်ထောင်စုနှင့်အနောက်အုပ်စုတစ်ခုလုံးအတွက် မြန်မာနိုင်ငံသည် “ပထဝီ မဟာဗျူဟာ” (Geostrategy) အရ အဓိက ဦးစားပေး အရေးကြီးသော နယ်မြေများအတွင်း မပါဝင်ခဲ့ပါ။

ပညာတတ်လူများစုနိုင်ငံ ဖြစ်မလာခဲ့

ပထမစစ်အေးခေတ်အတွင်း ဘက်နှစ်ဖက်စလုံးမှ ဥရောပနိုင်ငံများ၊ အာရှတိုက်အတွင်းမှ ဂျပန်၊ တောင်ကိုရီးယား ၊ တရုတ် ၊ တူရကီ၊ ဆီးရီးယား၊ အီရန်၊ ပါကစ္စတန်၊ စင်ကာပူနှင့် မလေးရှား အပါအဝင် အာရှနိုင်ငံအချို့သည် အခြေခံပညာ အထက်တန်း ၊ သက်မွေးပညာ သို့မဟုတ် အဆင့်မြင့်ပညာရေး တစ်ရပ်ရပ်ကို ကျန်းမာသန်စွမ်းသူ လူတိုင်းနီးပါးက သင်ယူတတ်မြောက်သော “ပညာတတ် လူများစု နိုင်ငံများ” (Educated Majority Nations) ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံသည် ဆိုရှယ်လစ်စနစ်ကျင့်သုံးနေစဉ် ကာလ၌ အာရှတိုက်အတွင်း ရာနှုန်းပြည့်နီးပါး စာတတ်မြောက်သော အစောဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လာခဲ့သော်လည်း ပထမစစ်အေးခေတ် ပြီးဆုံးသည့် အချိန်အထိ၊ ဗဟိုအစိုးရအုပ်ချုပ်မှု လက်အောက်ခံနယ်မြေများအတွင်း ကျန်းမာသန်စွမ်းသူ လူငယ်တိုင်း အခြေခံပညာအထက်တန်းအဆင့်နှင့် သိပ္ပံနည်းကျခေတ်သစ် သက်မွေးပညာရေး ဒီပလိုမာတန်းများကို သင်ယူရရှိသော အဆင့်အထိ အချိန်မီ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း မရှိခဲ့။

သိပ္ပံနည်းကျဒဿနဗေဒ မထွန်းကားခဲ့

ပထမစစ်အေးခေတ်အတွင်း ကွန်မြူနစ် အရှေ့အုပ်စုနှင့် အရင်းရှင် အနောက်အုပ်စု နှစ်ခုစလုံးတွင် “သိပ္ပံနည်းကျ ဒဿနဗေဒများ” (Scientific Philosophies)နှင့် “သိပ္ပံနည်းကျ သဘောတရားများ” (Scientific Ideologies) နှင့် ဆက်နွှယ်နေသော ခေတ်သစ်နှင့် ခေတ်သစ်လွန် သဘာဝဒဿနများ ၊ လူမှုဒဿနများ ၊ လူမှုသဘောတရားများ ကို နိုင်ငံ့လူဦးရေ၏ အများစုက မိမိနိုင်ငံ၏ ပင်မအမျိုးသား မိခင်ဘာသာစကားဖြင့် စနစ်တကျ အဆင့်အတန်းရှိစွာ၊ လေ့လာထိတွေ့ရန် အခွင့်အရေးများ ရရှိခဲ့ကြသည်။ လက်ခံခြင်း၊ လက်မခံခြင်း၊ လက်တွေ့ကျင့်သုံးခြင်းနှင့် မကျင့်သုံးခြင်းတို့မှာမူ နောက်ထပ်ရွးချယ်စရာများ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံကမူ ပထမစစ်အေးခေတ်အတွင်း ပါလီမန်အရပ်သား အစိုးရနှင့် ဆိုရှယ်လစ်အစိုးရ နှစ်မျိုးစလုံး၏ လက်ထက်များတွင် ယင်းအခွင့်အရေးများ မရရှိခဲ့ကြ။

ယနေ့ခေတ်အထိလည်း ခေတ်သစ်နှင့် ခေတ်သစ်လွန် ဒဿနဗေဒများနှင့် သဘောတရားများကို လေ့လာလိုက်စားခြင်းကို ဆန့်ကျင်သော၊ မလိုလားသော၊ မနာလိုမရှုဆိတ်သော၊ သဘောထား၊ အယူအဆများမှာ  မြန်မာနိုင်ငံ၏ ဆိုရှယ်မီဒီယာ သုံးစွဲသူ လူဦးရေ အများစုအတွင်း၊ လူကြိုက်များနေဆဲဖြစ်သော လူပြိန်းကြိုက်ဝါဒများ၊ “ပညာရှင်ဆန့်ကျင်ရေး သဘောထားများ” (Anti-Scholar Attitudes) နှင့် “ပညာတတ်ဆန့်ကျင်ရေး သဘောထားများ” (Anti-Intellectual Attitudes) နှင့်အတူ အရှိန်အဟုန် အင်အားကြီးမားစွာ အားကောင်းနေကြဆဲဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ပြည်တွင်း/ပြည်ပ လူမှုကွန်ရက် လွှမ်းမိုးသူအချို့ ကိုယ်တိုင်က ယင်းသဘောထားဆိုးများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အသုံးပြုနေကြဆဲ ဖြစ်နေကြောင်းကို မျက်မြင်တွေ့မြင်နေရသည်။

နောက်တစ်ကြိမ် အခွင့်အရေးများ

ပထမစစ်အေးခေတ်၏ သမိုင်းဆိုင်ရာ အခွင့်အရေးများကိုလက်လွတ် ဆုံးရှုံးခဲ့သော “မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်း” (Myanmar Civil Society) သည် ယခု ဖြစ်ပွားနေဆဲ ဖြစ်သော “ဒုတိယစစ်အေး” (Cold War 2.0) ၏ သမိုင်းရေးရာအခွင့်အလမ်းကောင်းများကို ဖမ်းယူဆုပ်ကိုင်နိုင်စွမ်း ရှိလာမလားဆိုသော မျှော်လင့်ချက်များမှာ လတ်တလော အခြေအနေများအရ  လွန်စွာ သံသယ ဖြစ်ဖွယ်ရာ ကောင်းနေသည်။

မြန်မာနိုင်ငံအတွင်း အဘက်ဘက်မှ မဟာဗျူဟာချကာ  စနစ်တကျ ကြိုတင်ပြင်ဆင်နေခဲ့သော နိုင်ငံ၏ အင်အားအကြီးဆုံး အင်စတီကျူးရှင်းဖြစ်သော မြန်မာ့တပ်မတော်သည် ယခု ဒုတိယစစ်အေးခေတ်၏ သမိုင်းရေးရာ အခွင့်အလမ်းများကို ဖမ်းမိရယူဆုပ်ကိုင်သွားနိုင်မည့် “ဖြစ်နိုင်ခြေများ” (Possibilities) နှင့် “ဖြစ်တန်ခြေများ” (Probabilities) ကသာ အတိုင်းအတာ ဒီဂရီ ပိုမိုမြင့်မားနေသည်ဟု ယူဆဖွယ်ရာဖြစ်နေသည်။   


READ NEXT
Cancel OK