Top News

လာမယ့်ရွေးကောက်ပွဲအတွက် UEC ဘာတွေပြင်ဆင်နေပြီလဲ
24htopnews | January 15, 2025 8:12 PM CST

နေပြည်တော်မှာ မေ ၁၉ ရက် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အဖွဲ့ဝင် ဦးခင်မောင်ဦးကလည်း တက်ရောက်ရှင်းလင်းခဲ့ပါတယ်။

ဦးခင်မောင်ဦးအနေနဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတွေကို အဲဒီပွဲမှာ ရှင်းလင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲမှာ လုပ်ငန်းစဉ်(၁)ဖြစ်တဲ့ မဲစာရင်းစစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဆိုတဲ့ အချက်နဲ့ လုပ်ငန်းစဉ်(၅)ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပရန်ဆိုတဲ့ အချက်တွေဟာ ကော်မရှင်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေဖြစ်တယ်လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတွေကို ဦးခင်မောင်ဦးက ရှင်းလင်းရာမှာ မဲစာရင်းပြုစုခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲစနစ်နဲ့နိုင်ငံရေးပါတီတွေ စစ်ဆေးခြင်းစတဲ့ အချက်တွေကို အဓိကထားပြီး ပြောကြားသွားတာကို တွေ့ရပါတယ်။

မဲစာရင်းပြုစုခြင်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ ပြုစုရာမှာ အိမ်ထောင်စု၊ လူဦးရေစာရင်းကို လဝကပုံစံ (၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ် စတာတွေနဲ့ မြြေ ပင်တိုက်ဆိုင်စစ်ဆေးခြင်း မပြုဘဲ ရှိကောက်စနစ်နဲ့ ဆောင်ရွက်ခဲ့တာကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေတဲ့ မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော် (မဲဆန္ဒရှင်ပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ဖြစ်ပေါ်ခဲ့တယ်လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

ကော်မရှင်သစ်အနေနဲ့ လက်ရှိ မဲစာရင်းပြုစုရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုတဲ့ လူဦးရေစာရင်းနဲ့ လဝက၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့  လူဦးရေစာရင်းကို အခြေခံထားတယ်လို့ သူက ဆိုပါတယ်။

“ရွေးကောက်ပွဲကျင်းပတဲ့နေ့ မှာ အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များ နဲ့ မဆန့်ကျင်တဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကို သူတို့ကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ  (၆၆/၆) တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းမှာ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ ဖြည့်စွက်ခြင်းတွေကို သက်ဆိုင်ရာဌာန အသီးသီးတို့က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်စာရင်းတွေ ကပ်ထား ကြေညာခြင်းမပြုမီ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက မြို့နယ်ထွေအုပ်၊ မြို့နယ်လဝက၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနဲ့ သက်ဆိုင်ရာမြို့နယ်တွေက နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ မဲစာရင်း ပြည့်စုံမှန်ကန်မှု ရှိ မရှိ စိစစ်မယ်လို့ သိရပါတယ်။ 

“မဲစာရင်းမှာ တိုးလာမယ့် အမည်စာရင်းနဲ့ လျော့သွားမယ့် အမည်စာရင်းတွေကိုလည်း ပုံမှန်စိစစ်ပြုစုပြီး နောင်ရွေးကောက်ပွဲများအတွက် အသုံးပြုနိုင်ဖို့ သက်ဆိုင်ရာဌာနတွေက ပုံမှန်ပေးပို့လုပ်ဆောင်ရမယ့် ပြဋ္ဌာန်းချက်များကိုလည်း ဥပဒေမှာ ထည့်သွင်းရေးဆွဲထားပါတယ်” လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

နောက်ပြီး ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲမှာ ကိုဗစ်ရောဂါကြောင့် အသက် ၆၀ နဲ့ အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲပေးခွင့်ပြုရာမှာ ခြောက်သန်းခန့်ရှိတဲ့ အတွက် မဲပေးသူစုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း၊ ဒီလို ကြိုတင်မဲပမာဏ များပြားခဲ့တာကြောင့် ဥပဒေနဲ့အညီ စနစ်တကျ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကြိုတင်မဲကောက်ခံခြင်း၊ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်တွေမှာ  မဲမသမာမှုဖြစ်စဉ်များစွာ ဖြစ်ခဲ့ရတယ်လို့ သူက ထောက်ပြပါတယ်။

“ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကိုသာ စိစစ်ပြီး မဲဆန္ဒနယ်အတွင်းနဲ့ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များကို ဥပဒေနဲ့အညီ  စနစ်တကျကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့  ဦးခင်မောင်ဦးက ဆိုပါတယ်။

ရက်ပေါင်း ၉၀ အထက် မဲပေးခွင့်မပြု

နောက်ထပ် ထူးခြားချက်အနေနဲ့ကတော့ ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ တခြားမဲဆန္ဒရှင်တွေရဲ့ကိစ္စပါ။

NLD အစိုးရ လက်ထက်တုန်းက ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် တခြားမဲဆန္ဒရှင် တွေနဲ့ပတ်သက်ပြီး ရက်ပေါင်း ၉၀ အထက်လို့ နည်းဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။

ရက်ပေါင်း ၉၀ အထက်  မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်တွေအနေနဲ့ မိမိရောက်တဲ့ မဲဆန္ဒနယ်ရဲ့ မဲစာရင်းပါဖို့ဆိုရင် ပုံစံ ၃(က)နဲ့ လျှောက်ထားပြီး ဆန္ဒမဲပေးခွင့် ရရှိအောင် ပြင်ဆင်ခဲ့တာပါ။

ဒီလို ခွင့်ပြုခဲ့တဲ့အတွက် မဲစာရင်းတွေ ရှုပ်ထွေးပြီး ဒေသခံတိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်မှုတွေ အမြောက်အမြား ဖြစ်ပေါ်ခဲ့တယ်လို့ ဦးခင်မောင်ဦးက ပြောဆိုပါတယ်။

“ဒါကြောင့် နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ရက်ပေါင်း ၉၀ မဲဆန္ဒနယ်ပြင်ပရောက် တခြားမဲဆန္ဒရှင်များကို ခွင့်မပြုတော့ဘဲ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ အခြားမဲဆန္ဒရှင်တွေဟာ မိမိရောက်ရာဒေသမှာ ဆန္ဒမဲပေးလိုပါက မဲစာရင်းထည့်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး ပါရှိရမယ့် အထောက်အထားပုံစံများနဲ့အတူ ရောက်ရှိရာဒေသမှာ အိမ်ထောင်စု လူဦးရေပုံစံ (၆၆/၆) နဲ့ ပူးတွဲပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားမှသာ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းမှာ ထည့်သွင်းပေးမှာဖြစ်ပြီး မဲပေးခွင့်ရမှာဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမှုကို စိစစ်တဲ့အခါ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ်နဲ့ အသက် ၁၈ ပြည့် မပြည့် နိုင်ငံသားစိစစ်ရေးကတ်မရှိတဲ့ မဲ ဆန္ဒရှင် ၄ ဒသမ ၈ သန်းကျော် မဲစာရင်းထဲ ပါဝင်နေသလို မဲဆန္ဒရှင် ဘယ်သူမှန်း အတည်ပြုလို့မရတဲ့ မဲပေးမှု ဖြစ်စဉ်များစွာလည်း ပေါ်ပေါက်ခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

“နောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မဲရုံမှူး ဒါမှမဟုတ် သူက တာဝန်ပေးထားတဲ့ မဲရုံအဖွဲ့ ဟာ မဲလက်မှတ်ထုတ်ပေးရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မှန် မမှန်ကို မဲ စာရင်းပါ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်၊ မဲစာရင်းအမှတ်တွေနဲ့ စနစ်တကျ တိုက်ဆိုင်စစ်ဆေးပြီးမှသာ မှန်ကန်မှသာ လက်မှတ်ရေးထိုးစေပြီး မဲလက်မှတ်ထုတ်ပေးမှာဖြစ်တယ်” လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ဖို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနများမှ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) ကို အခြေခံပြုစုထားတဲ့ စာရင်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ရပ်ကျေးအလိုက် ကောက်ယူပြုစုထားတဲ့ မြေပြင်လူဦးရေစာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။  ဒီလုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက မြို့နယ် ၃၂၅ မြို့နယ်မှာ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် မေ ၁၉ ရက်အထိ ဆောင်ရွက်ပြီး ၃၃ မြို့နယ်၊ ဆောင်ရွက်ဆဲ ၂၆၄ မြို့နယ်နဲ့ ဆောင်ရွက်ရန်ကျန် ၂၈ မြို့နယ် ရှိတယ်လို့ သိရပါတယ်။ 

မဲဆွယ်စည်းရုံးရေး

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်နေမှုကိုလည်း ဦးခင်မောင်ဦးက ရှင်းပြခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အသီးသီးမှာ စုဝေး ဟောပြောခြင်း၊ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောမဲဆွယ် စည်းရုံးတဲ့အခါ အခွင့်အရေး မညီမျှမှုတွေ၊ ကန့်ကွက်တိုင်ကြားမှုတွေ အပါအဝင် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကိုကျော်လွန် ဖောက်ဖျက် လုပ်ဆောင်ခဲ့တာတွေ တွေ့ရှိရတယ်လို့ သူက ဆိုပါတယ်။

“နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းဆိုတဲ့ အခန်းကဏ္ဍကို သက်ဆိုင်ရာ လွှတ်တော်၊ ရွေးကောက်ပွဲဥပဒေများနဲ့ နည်းဥပဒေများမှာ အသစ်ထပ်တိုး ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်” လို့  ဦးခင်မောင်ဦးက ပြောပါတယ်။ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲနောက်ပိုင်း ကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတွေ အမြောက်အမြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲတွေမှာ အလားတူ ဖြစ်ရပ်တွေ မဖြစ်စေဖို့အတွက် မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်သူအားလုံးကို မဲဆန္ဒရှင် အသိပညာပေးခြင်းနဲ့ ပြည်သူလူထု အသိပညာပေးခြင်း (Voter and Civic Education) တွေ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။ 

 

နိုင်ငံရေးပါတီများ စစ်ဆေးခြင်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လက်ရှိမှာ တည်ဆဲ နိုင်ငံရေးပါတီ ၉၂ ပါတီရဲ့ စာရင်းတွေကို စစ်ဆေးလျက်ရှိပါတယ်။ ဒီလိုစစ်ဆေးရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စစ်ဆေးနေတာ ဖြစ်တယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါ တီရှိတဲ့အနက် ၁၀ ပါတီကို စစ်ဆေးဖို့ ကျန်နေပါသေးတယ်။ ဒီ ၁၀ ပါတီထဲမှာ တချို့ပါတီတွေရဲ့ စာရင်းတွေကို စစ်ဆေးဖို့ ညှိနှိုင်းဆောင်ရွက်ပြီးတာရှိသလို အဆက်အသွယ်မရဘဲ တိမ်းရှောင်နေတဲ့ ပါတီအချို့လည်း ရှိနေပါတယ်။

“စစ်ဆေးရန်ကျန် အချို့ပါတီအနေနဲ့ နယ်မြေလုံခြုံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲရှိကြောင်း သိရတဲ့အတွက် ဒီပါတီတွေနဲ့ ဆက်လက်ညှိနှိုင်းစစ်ဆေးရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို သတ်မှတ်ရက်အတွင်း အစစ်ဆေးမခံလို့ဆိုပြီး မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တစ်နှစ် ယာယီရပ်ဆိုင်းကြောင်း မေ ၃ ရက်မှာ UEC က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို သတ်မှတ်ရက်အတွင်း အစစ်ဆေးမခံတာကြောင့် UEC ရဲ့ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ) အရ ယာယီရပ်ဆိုင်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (က) နဲ့အညီ စစ်ဆေးခံရန် ကာလသတ်မှတ်၍ ညွှန်ကြားခဲ့သော်လည်း ထပ်မံပျက်ကွက်တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၂၄ (ဂ) အရ ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို တစ်နှစ် ယာယီရပ်ဆိုင်းရန်နဲ့ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသော ပါတီပိုင် ရန်ပုံငွေကြေး၊ ပစ္စည်းစာရင်းများ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းများ ရပ်ဆိုင်းထားဖို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (ဃ) အရ ညွှန်ကြားထားပါတယ်” လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကို UEC ထံလာရောက် အစစ်ဆေးခံဖို့ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းမယ်လို့ ဧပြီ ၂၇ ရက်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ UEC က ပြောထားသလို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း လာမယ့် ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး လာရောက်အစစ်ဆေးခံဖို့ UEC က အကြောင်းကြားထားပါတယ်။

ရွေးကောက်ပွဲစနစ်

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့  နိုင်ငံရေးပါတီတွေ လေးကြိမ်တိတိ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်း အပါအဝင် မဲဆန္ဒနယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အစုအဖွဲ့အလိုက် ဆောင်ရွက်ခဲ့ပြီးပြီလို့ သိရပါတယ်။

ဒီလို UEC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းရာမှာ နိုင်သူအကုန်ယူစနစ် (FPTP) အစား အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့နဲ့ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုအပါအဝင် ရွေးကောက်ပွဲအတွေ့အကြုံအရ စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Close List PR) ကို ကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေက သဘောတူခဲ့တယ်လို့ သိရပါတယ်။

PR စနစ်ကို ကျင့်သုံးပါက တိုင်းရင်းသားပါတီတွေ၊ လူနည်းစု ကိုယ်စားပြု ပါတီငယ်တွေအနေနဲ့ မိမိနယ်မြေဒေသအလိုက်ရရှိတဲ့ ဆန္ဒမဲအရေအတွက်အပေါ် မူတည်ပြီး လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်နေရာ အချိုးကျရရှိကာ မိမိတို့လူမျိုး စုတွေနဲ့ ဒေသအကျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးနိုင်ရေး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

PR နဲ့ FPTP ရဲ့ အဓိကခြားနားချက်ကတော့ FPTP သည် တစ်ဦးတည်း ရွေးပါတယ်။ မဲအများဆုံးသူ တစ်ယောက်ပဲ ရပါတယ်။ အဲဒီတော့ သူက မဲဆန္ဒနယ်က တစ်ဦးကို တစ်နယ်ဖြစ်ပါတယ်။ တစ်ယောက်ရွေးဖို့ တစ်နယ်ဖြစ်ပါတယ်။ အဲဒီတော့ မဲရရှိတဲ့ရာခိုင်နှုန်း ၃၀ ပဲ နိုင်နိုင် ကျန်တဲ့သူတွေက ၂၀၊ ၁၀ နဲ့ ၇၀ ကျန်ကျန် ၃၀ ရတဲ့သူက နိုင်ပါတယ်။ အဲဒီတော့ ၃၀ နဲ့  အားလုံးယူသွားပါတယ်။ သူက ၃၀ နဲ့ နိုင်ပေမဲ့ ၇၀ ကို ပေးတဲ့မဲတွေ ရော ၇၀ ရတဲ့ ပါတီတွေရော အခွင့်အရေး လုံးဝမရပါဘူး။ ဆုံးရှုံးပါတယ်။ ဒါကြောင့် PR စနစ်ကျတော့ မဲဆန္ဒတွေကို ကျယ်ပြန့်စွာ သတ်မှတ်ပါတယ်။ ကျယ်ပြန့်စွာ သတ်မှတ်ပြီးကာကျမှ ကျွန်တော်တို့ တစ်ယောက်သည် ၅၀ ရတယ်။ တစ်ယောက်သည် ၃၀ ရတယ်။ တစ်ယောက်သည် ၂၀ ရ တယ်။ ၄၀ ရတယ်။ ၃၀ ရတယ်။ ၂၀ ရတယ်။ ၁၀ ရတယ်ဆိုရင် ၁၀ ယောက်ကို PR ကျယ်ပြန့်စွာသတ်မှတ်ပြီး လူ ၁၀ ယောက် ရွေးတဲ့အခါ မှာ ၄၀ ရတဲ့ သူက အချိုးအရ လေးယောက်ရမယ်။ ၃၀ ရာခိုင်နှုန်းရတဲ့ သူက သုံးယောက်ရမယ်။ ၂၀ ရာခိုင်နှုန်းရတဲ့သူက နှစ်ယောက်ရမယ်။ ၁၀ ရာခိုင်နှုန်းရတဲ့သူက တစ်ယောက်ရမယ်။ ပေးတဲ့မဲအတိုင်း အဟောသိကံမဖြစ်ဘဲနဲ့ ရရှိတဲ့ဆန္ဒမဲအတိုင်း အချိုးကျရတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရော၊ လူနည်းစုပါတီတွေရော အားလုံးအတွက် အခွင့်အရေးညီမျှပြီးတော့ အလဟဿမဖြစ်တဲ့ ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့အတွက် ပါတီအားလုံးကလည်း သဘောတူတဲ့အတွက် သွားမှာဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနကခရိုင် ၄၆ ခရိုင် တိုးလိုက်တဲ့အတွက် မူလကရှိပြီးသား ၇၅ ခရိုင် အပါအဝင် ခရိုင်စုစုပေါင်း ၁၂၁ ခရိုင်အထိ ရှိလာပါတယ်။ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးတဲ့အခါ စနစ်တကျခရိုင်ဖွဲ့စည်းမှုဟာ မဲဆန္ဒနယ်သတ်မှတ်မှုတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

“မဲဆန္ဒနယ်တွေ သတ်မှတ်တဲ့အခါမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဆိုရင်တော့ မဲဆန္ဒနယ်တွေ သတ်မှတ်ပေးရပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကတော့ တစ်မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပြီး တော့ နှစ်ယောက်ကို PR စနစ်နဲ့ ရွေးလို့ ရပါတယ်။ ဒါကတော့ ရှင်းတယ်။ ကျန်တဲ့ဟာတွေကျတော့ ဘယ်လိုဖြစ်မလဲဆိုရင် သူ့ရဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခွဲဝေတဲ့အခါမှာ ဒီတိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ ပထဝီဝင် အနေအထား၊ နောက်နေထိုင်တဲ့ လူမျိုးစုတွေ ပြီးတဲ့အခါ အုပ်ချုပ်မှုအရ ဆက်သွယ်သွားလာမှု၊ လမ်းပန်းဆက်သွယ်မှုအနေအထား၊ လူဦးရေ ထူထပ်မှု ဒါတွေအပေါ် မူတည်ပြီးကာကျမှ အားလုံးအတွက် ညီညွတ်မျှတအောင် အကျယ်အဝန်းသတ်မှတ်ပြီးကာကျမှ အဲဒီအကျယ်အဝန်းမှာ သတ်မှတ်တဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်တင်မြှောက်မယ့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပါမယ်။ သတ်မှတ်ပြီးကာကျမှ PR စနစ်ကို အသုံးပြုပြီးကာကျမှ လွှတ်တော်သုံးရပ်စလုံးအတွက် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဦးခင်မောင်ဦးရဲ့ ပြောကြားချက်အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ သေချာသလောက် ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR)  ကို ကျင့်သုံးမယ်ဆိုပေမဲ့ ခြွင်းချက်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော် ခြောက်နေရာနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် နေရာတွေကိုတော့ နိုင်သူအကုန်ယူစနစ် (FPTP)ကို ကျင့်သုံးသွားဖို့ ရှိနေပါတယ်။

“နောက်တစ်ခုကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ ဒေသတို့ အမျိုးသားလွှတ်တော်မှာ ခြောက်ခု ရှိပါတယ်။ အဲဒီခြောက်ခုက ကိုယ်စားလှယ်တွေကတော့ တစ်ယောက်စီ ရွေးရတာဖြစ်တဲ့အတွက် FPTP စနစ်ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အလားတူ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ သတ်မှတ်ထားတဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ ရတာတွေ ရှိပါတယ်။ အဲဒီ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တွေကတော့ တစ်ယောက်စီပဲ ရွေးရမှာမို့ FPTP စနစ်ကို ကျင့်သုံးပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင်းသုံးဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပေမဲ့ ဥပဒေအကြောင်းအရ ဆက်လက်လုပ်ဆောင်ရမယ့် အခြေအနေတွေ ရှိနေပါသေးတယ်။

ဒါကြောင့်လည်း အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ဖို့အတွက် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို တင်ပြထားဆဲဖြစ်တယ်လို့ ဦးခင်မောင်ဦးက ဝန်ခံထားပါတယ်။

ဒီလိုတင်ပြထားဆဲဖြစ်တဲ့အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ပတ်သက်လို့ မဲဆန္ဒရှင်တွေကို အသိပညာပေးတာတွေ မလုပ်နိုင်သေးဘဲ စောင့်ဆိုင်းနေရတာဖြစ် တယ်လို့ သူက ဆိုပါတယ်။

PR စနစ်နဲ့ပတ်သက်လို့ အကျဉ်းချုပ်ရေးထားတဲ့ ပန်းဖလက်တွေက အစ ကျွန်တော်တို့ လုပ်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဥပဒေအကြောင်း ရှိပါတယ်။ ဒီဟာတွေကို ကျွန်တော်တို့ မကြာခင် ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေဟာ ကျွန်တော်တို့ တင်ပြထားဆဲ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ အတည်ပြု ထုတ်ပြန်သွားပြီးဆို အဆင်ပြေပါပြီ။ အဲဒီကျရင် ကျွန်တော်တို့က ဒါနဲ့အညီ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါက အားလုံးသဘောတူညီချက်ရရှိပြီး အဲဒီအတိုင်းပဲ ဥပဒေ၊ နည်းဥပဒေ အကြောင်းအရာကိုလည်း ကျွန်တော်တို့ အသေးစိတ် ဆောင်ရွက်ထားပြီးပြီ။ မဲဆန္ဒရှင် အသိပညာပေးအတွက်လည်း လိုအပ်တာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဒီဟာတွေ တရားဝင် ထွက်လာအောင် စောင့်ဆိုင်ရဦးမှာ ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ပြောပါတယ်။            


READ NEXT
Cancel OK