
သူ့ဘဝသက်တမ်းတစ်လျှောက် ရွှေထီးဆောင်းခဲ့ဖူးသည့် အချိန်ကာလများကဆိုလျှင် ဗီယက်နမ်ဟက်ကာတစ်ဦးဖြစ်သည့် မော်မင်ဟျူသည် အမေရိကန်နိုင်ငံသားများထံမှ သန်းနှင့်ချီသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ခိုးယူနိုင်ခဲ့ပြီး လက်ဖျားငွေသီးခဲ့သည်။
ယခုဆိုလျှင် သူသည် ဗီယက်နမ်အစိုးရ၏စည်းရုံးမှုဖြင့် အစိုးရအတွက် အလုပ်လုပ်ပေးရသည့် လိုင်စင်ရဟက်ကာတစ်ဦး ဖြစ်လာခဲ့သည်။ တစ်ချိန်က ဆိုက်ဘာရာဇဝတ်ကောင်အဖြစ် ကျင်လည်ခဲ့ရသည့် လောကထဲသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
အမေရိကန်နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်ပေါင်း သန်း ၂၀၀ ခန့်ကို ခိုးယူမှုကြောင့် အမေရိကန်တွင် ထောင်ဒဏ်ခုနစ်နှစ်ကျခံခဲ့ပြီးနောက် ဟျူသည် ကမ္ဘာပေါ် တွင် အွန်လိုင်းလွတ်လပ်ခွင့်ကို အတင်းကျပ်ဆုံးတားမြစ်ကန့်သတ်ထားသည့် နိုင်ငံများထဲတွင် ပါဝင်နေသည့် ဗီယက်နမ်သို့ ပြန်လည်ပို့ ဆောင်ခံခဲ့ရသည်။
သူသည် ထောင်မှလွတ်လာခဲ့ပြီးကတည်းက ဆိုက်ဘာရာဇဝတ်မှုများကို ကျူးလွန်ခြင်းမရှိတော့ဘဲ အတိတ်ဆိုးကို ကျောခိုင်းထားခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော် အောက်ဆုံးအထိကျသွား ခဲ့ပါတယ်။ အခုတော့ အမြင့်တစ်နေရာကို ပြန်တက်နိုင်ဖို့ နောက်တစ်ကြိမ် ကြိုးစားနေပါတယ်။ အခုဆိုရင် ကျွန်တော့်ဟာ အရင်ကလောက် ငွေမရှာနိုင်တော့ပေမယ့် အရင်ကထက်ပိုပြီး ငြိမ်းချမ်းလာခဲ့ပါတယ်”ဟု အသက် ၃၂ နှစ်အရွယ် ဟျူက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
သို့သော်လည်း သူ့ဘဝ အချိုးအကွေ့သည် ထင်ထားသလောက် လွယ်ကူရိုးရှင်းခဲ့ ခြင်းမရှိပေ။
သူ၏ အလုပ်သစ်သည် တစ်ချိန်က သူကိုယ်တိုင်ဟက်ခဲ့ဖူးသည့် ဆိုက်ဘာအန္တရာယ် များ၏အကြောင်းကို ဗီယက်နမ်နိုင်ငံသားများ သိရှိနားလည်စေရန် အသိပညာပေးသည့် အလုပ်မျိုးဖြစ်သည်ဟု ဟျူက ဆိုသည်။
သို့သော်လည်း သူသည် တစ်ပါတီစနစ် ကျင့်သုံးသည့် အစိုးရအတွက် ဆိုက်ဘာလုံ ခြုံရေးကဏ္ဍတွင်လည်း တာဝန်ယူထားရပြီး အစိုးရအတိုက်အခံများ မတရားဖိနှိပ်ခြင်း၊ အစိုးရကိုဝေဖန်သည့် အတွေးအမြင်များ သဘောထားများကို အွန်လိုင်းပေါ်တွင် ရေး သားဖော်ပြသူများကို ဆိုက်ဘာတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကိုပါ လုပ်ဆောင်ပေးနေရသည်ဟု ဆိုသည်။
ဆိုက်ဘာရပ်ဝန်းထဲတွင် သံသရာလည်နေခြင်း
Hieu PC ဟူသည့် အမည်ပြောင်ကို အသုံးပြုခဲ့သည့် ဟျူသည် အသက် ၁၂ နှစ်အရွယ်က ကွန်ပျူတာကို စတင်ထိတွေ့ဖူးခဲ့ရာမှ ကွန်ပျူတာပညာရပ်ကို အလွန်စိတ်ဝင်စားခဲ့သူဖြစ်သည်။
သို့သော်လည်း မကြာမီအချိန်အတွင်းမှာပင် အခြားသူများ၏ အင်တာနက်လိုင်းများကို ခိုးယူချိတ်ဆက်ပြီး သူ့ကိုယ်ကျိုးအတွက် အသုံးပြုခဲ့မှုဖြင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ အထိ ချမှတ်ခံခဲ့ရသည်။
ထို့နောက် သူသည် နိုင်ငံခြားဘဏ်အကောင့်များကို ဟက်ပြီး တစ်ရက်လျှင် ဒေါ်လာ ၆၀၀ ဝင်ငွေရှိလာသည့် အထက်တန်း ကျောင်းသားတစ်ဦးဖြစ်လာခဲ့ကာ ယင်းငွေ ကြေးများဖြင့် နယူးဇီလန်နိုင်ငံတွင် ဆိုက်ဘာ လုံခြုံရေးပညာရပ်ကို လေ့လာသင်ယူခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ဟျူသည် သူတက်နေသည့်တက္ကသိုလ်၏ အင်တာနက်ကွန်ရက်ကို ဟက်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များကို ရောင်းစားခဲ့သဖြင့် ကျောင်းထုတ်ခံခဲ့ရပြီး ဗီယက်နမ်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။
သူ့အသက် ၂၀ အရွယ်မှာပင် ဟက်ကာလုပ်ပြီး အမေရိကန် လူမှုလုံခြုံရေးအာမခံနံပါတ်များ သန်း ၂၀၀ ခန့်ကို ရောင်းချပြီး တစ်လလျှင် ဒေါ်လာ ၁၀၀၀၀၀ အထိ ဝင်ငွေ ရှိလာခဲ့သည်။
“ အဲဒီအချိန်က ကျွန်တော့်ဘဝမှာ အအောင်မြင်ဆုံးအချိန်တွေလို့ ပြောရမှာပါ။ တလွဲ ဆံပင်ကောင်းခဲ့တာပေ့ါ။ ခြံကြီးဝန်းကြီး နဲ့ အိမ်အကောင်းစားကြီးတွေ လိုချင်ခဲ့တယ်။ တိုက်ခန်းတွေ အများကြီး လိုချင်ခဲ့တယ်။ ဇိမ်ခံကားတွေလည်း အများကြီးလိုချင်ခဲ့မိတယ်” ဟု ဟျူက ပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက အမေရိကန်က လျှို့ဝှက်စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး သူ့ကို အမေရိကန်သို့လာရောက်ရန် ဖြားယောင်းသွေးဆောင်ခဲ့ကာ လေဆိပ်သို့ရောက် ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရွှေထီးမှ မြေကြီး
“ ဟျူထက်ပိုဆိုးပြီး အမေရိကန်နိုင်ငံသားတွေကို ငွေကြေးအရ ထိခိုက်နစ်နာ အောင်လုပ်ခဲ့တဲ့ တခြားဆိုက်ဘာ ရာဇဝတ်ကောင်တွေ ရှိနေလားဆိုတာ ကျွန်တော်မသိပါဘူး” ဟု ဟျူကို ဖမ်းဆီးရန် အကွက်ချစီစဉ်မှုကို ဦးဆောင်ခဲ့သည့် အမေရိကန်သမ္မတ၊ ဒုသမ္မတနှင့် အခြားထိပ်သီးအရာရှိများ၏ လုံခြုံရေးကို တာဝန်ယူရသည့်အပြင် အမေရိကန်၏ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရသည့် Secret Service အဖွဲ့မှ အေးဂျင့်တစ်ဦးဖြစ်သည့် မတ်အိုနီရယ်က ပြောကြားခဲ့သည်။
ဟျူသည် ကနဦး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၄၅ နှစ်အထိ ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ် ၁၃ နှစ်အထိ လျှော့ချခံခဲ့ရသည်။
“ ကျွန်တော်ဟာ ဟိုးအောက်ဆုံးအထိ ကျဆင်းသွားပါတယ်။ ကျွန်တော့်ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေဖို့အထိတောင် တွေးမိခဲ့တာပေါ့” ဟု ဟျူက ပြောသည်။
သို့သော်လည်း ယင်းအခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ထောင်မှပြန်လွတ်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တစ်ချိန်က သန်းကြွယ်သူဌေးဖြစ်ခဲ့ဖူးသည့် သူသည် ယခုဆိုလျှင် ဗီယက်နမ်၏ စီးပွားရေးမြို့တော် ဖြစ်သည့် ဟိုချီမင်းစီးတီးမြို့ရှိ သာမန်တိုက်ခန်းတစ်ခန်းတွင်သာ နေထိုင်နေရပြီး အစိုးရ၏ အမျိုးသား ဆိုက်ဘာလုံခြုံ ရေးစင်တာတွင် အလုပ်လုပ်ကိုင်နေရသည်။
“ ကျွန်တော်တို့ဟာ ဆိုက်ဘာရာဇဝတ်ကောင်တွေကို ခြေရာခံပြီး ဆိုက်ဘာတိုက် ခိုက်မှုတွေကို ရှောင်လွှဲနိုင်ဖို့ကို အာရုံစိုက်ခဲ့ကြပါတယ်” ဟု ဟျူက ပြောကြားခဲ့ပြီး အွန်လိုင်းတွင် ဆင်ဆာဖြတ်တောက်မှုနှင့် ဗီယက်နမ်အာဏာပိုင်များ၏ ဖိနှိပ်မှုများအကြောင်းကိုမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အသက်ဝင်လာသည့် ဗီယက်နမ်၏ ဆိုက်ဘာလုံခြုံရေးဥပဒေသစ် အရ အွန်လိုင်းလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ကန့်သတ်ထားသည့် အကြွင်းမဲ့အာဏာများ နှင့် လူမှုမီဒီယာများပေါ်တွင် အတိုက်အခံများ၏ဝေဖန်မှုများကို ပစ်မှတ်ထားမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဗီယက်နမ်အစိုးရကို သတိပေးခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကလည်း ဗီယက်နမ်၏ ဆိုက်ဘာလုံခြုံရေး ဥပဒေသည် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆိုးရွားစွာကန့်သတ်ထားကြောင်း ၂၀၁၉ ခု နှစ်က ဝေဖန်ခဲ့သည်။
ထို့ပြင် ဗီယက်နမ်တွင် တက်ကြွလှုပ်ရှားသူများနှင့် ဘလော့ဂါများ ဖမ်းဆီးခံခဲ့ရပြီး အချို့ဆိုလျှင် နိုင်ငံတော်အား ဆန့်ကျင်သည့် ၀ါဒဖြန့်မှုစွဲချက်များဖြင့် ထောင်ချခံခဲ့ရသည့် အပြင် အစိုးရနှင့်ဆက်နွှယ်မှုရှိသည့် ဟက်ကာများက တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားနေသည်ဟု နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ပြီးခဲ့သည့်နှစ်တွင် သတိပေးခဲ့သည်။
ဟျူကမူ သူ့အလုပ်သည် နိုင်ငံရေးမနွှယ်ဘဲ ဗီယက်နမ်ပြည်သူများ၏ အချက်အလက်များကို ခိုးယူရန်ကြိုးပမ်းနေသည့် ရာဇဝတ်ကောင် ဟက်ကာများကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟက်ကာသမား ဓားအသွား
ဗီယက်နမ်လူဦးရေ ၉၈ သန်း၏ ၇၈ ရာခိုင်နှုန်းမှာ အင်တာနက်အသုံးပြုကြပြီး ဆိုက် ဘာခြိမ်းခြောက်မှုများမှာလည်း များပြားလှသည်။
ဗီယက်နမ်သည် အာရှ-ပစိဖိတ်ဒေသတွင် ခြိမ်းခြောက်ငွေညှစ်သည့် ဆိုက်ဘာတိုက်ခိုက်မှု (ransomware attack)များ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်သည်ဟု Microsoft ကုမ္ပဏီ၏ ၂၀၂၀ ပြည့်နှစ် အချက်အလက်များကို ကိုးကားပြီး နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဟျူသည် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း များနှင့် တက္ကသိုလ်များသို့ လှည့်လည်သွားလာရင်း ဆိုက်ဘာလုံခြုံရေး၏ အရေးကြီးပုံနှင့် အချက်အလက်များခိုးယူခံရပါက နောက် ဆက်တွဲဆိုးကျိုးများအကြောင်းကို အသိပညာပေးနေဆဲဖြစ်သည်။
ဗီယက်နမ်လူမျိုးအများစုသည် ဆိုက်ဘာရာဇဝတ်မှုနှင့်ပတ်သက်ပြီး ဗဟုသုတ နည်းပါးနေကာ အစိုးရက လူထုအကြား အသိပညာပေးမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်နေသည်ဟု ဟျူက ဆိုသည်။
“ ကျွန်တော်ဟာ အခုအချိန်အထိ ဟက်ကာဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လိမ်ညာတဲ့ ဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် သူတစ်ပါးရဲ့ အချက်အလက်တွေကို ခိုးယူဖျက်ဆီးချင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ ဟက်ကာတွေကို ပစ်မှတ်ထားတဲ့ ဟက်ကာတစ်ဦး ဖြစ်နေပါပြီ။ ဟက်ရတာက ဓားတစ်ချောင်းနဲ့ တူပါတယ်။ သုံးတတ်ရင် ကောင်းကျိုးတွေအများကြီးရှိပြီး မသုံးတတ်ရင်လည်း ဆိုးကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်” ဟု ဟျူက ပြောကြားခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်