
ဇန်နဝါရီ ၁၄ ရက်တွင် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အချို့ကို ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ရာ ယင်းသည် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သစ်အတွက်သတင်း စကားပါးမှုဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီအီဝါယာက ထိပ်တန်းတာဝန်ရှိသူများနှင့် ဆက်တိုက်တွေ့ဆုံရေးအတွက် တောင်ကိုရီးယားနိုင်ငံကိုသွားချိန်တွင် မြောက်ကိုရီးယား၏တာတိုပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အာရှအိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော ဂျပန်နှင့်တောင်ကိုရီးယားတို့သည် လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်ကို ထရန့်ပြန်မလာမီနှစ်ဦးနှစ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန် ကြိုးပမ်းနေသည်။
“တာတိုပစ်ပဲ့ထိန်းဒုံးကျည်အချို့ကို အရှေ့ပင်လယ်ထဲပစ်လွှတ်ခဲ့တာကို တောင်ကိုရီးယားစစ်တပ်က ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်”ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ဂျပန်ပင်လယ်ဟုလည်းခေါ်သည့် အရှေ့ပင်လယ်ကို ရည်ညွှန်းပြောကြားခဲ့သည်။
ပစ်လွှတ်မှုသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြောက်ကိုရီးယား၏ဂန်ဂျီးဒေသအနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်များသည် ပင်လယ်ထဲကျမသွားမီ ကီလိုမီတာ ၂၅၀(၁၅၅ မိုင်)အထိ ပျံသန်းသွားသည်ဟု ဆိုသည်။
“တောင်ကိုရီးယားနဲ့အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်တွေဟာ မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှု ကြိုတင်ပြင်ဆင်တာတွေကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး စောင့်ကြည့်ခဲ့ပါတယ်။ ပစ်လွှတ်ချိန်မှာဒုံးကျည်တွေကို ခြေရာခံခဲ့ပါတယ်”ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
အပြည့်အဝ အသင့်ပြင်ထားပြီး၊ နောက်ထပ်ဒုံးကျည်ပစ်လွှတ်မှုများအတွက် စောင့်ကြည့်မှုနှင့် သတိပေးမှုတို့ အားကောင်းစေရန် ဆောင်ရွက်ရင်းအမေရိကန်ပြည်ထောင်စု၊ ဂျပန်တို့နှင့်အတူသတင်းများကို မျှဝေနေ သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား ယာယီသမ္မတချွိုင် ဆန်မော့က မြောက်ကိုရီးယား၏ဒုံးကျည် ပစ်လွှတ်မှုကို ဝေဖန်လိုက်ပြီး ယင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“တောင်ကိုရီးယားဟာ မိမိရဲ့ခိုင်မာတဲ့လုံခြုံရေး အနေအထား၊ အမေရိကန်နဲ့မဟာမိတ်ဖြစ်မှုတို့ကို အခြေခံပြီး မြောက်ကိုရီးယားရဲ့ရန်စမှုတွေကို ပိုမို ခိုင်မာစွာတုံ့ပြန်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ယခု နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုသည် တက်လာတော့မည့် ထရန့်အစိုးရအဖွဲ့အတွက် သတင်းစကားပါးမှုဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
“အဲဒါဟာ အမေရိကန်ကို ရည်ရွယ်နိုင်ပါတယ်”ဟု ဆိုးလ်မြို့ရှိ မြောက်ကိုရီးယားလေ့လာမှုများ တက္ကသိုလ်၏ဥက္ကဋ္ဌယန်မိုဂျင်းက ပြောကြားခဲ့သည်။
“အဲဒါဟာထရန့်အစိုးရအဖွဲ့ရဲ့ဒုတိယသက်တမ်းမတိုင်မီ ဖိအားပေးဖို့ ရည်ရွယ်ချက်ကို ညွှန်ပြနေပုံရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်တွင် မြောက်ကိုရီးယားက ကုလသမဂ္ဂပိတ်ဆို့မှုများကို ချိုးဖောက်ပြီးပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ကိုရီးယားနှစ်နိုင်ငံ၏ဆက်ဆံရေးများသည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ကျဆုံးအနေအထားကို ရောက်ရှိနေသည်။
ဇန်နဝါရီ ၁၄ ရက် ဒုံးကျည်ပစ်လွှတ်မှုသည် ယခုနှစ်တွင် မြောက်ကိုရီးယား၏ဒုတိယအကြိမ် ပစ်လွှတ်မှုဖြစ်သည်။
မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည်အသစ်ဟုခေါ်သည့် ဒုံးကျည်ကို လွန်ခဲ့သော သီတင်းပတ်ထဲတွင် စမ်းသပ်ပစ်လွှတ်ခဲ့ရာယင်းဒုံးကျည်ပစ်လွှတ်မှုကို ကင်ဂျုံအွန်က ကွပ်ကဲခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်