Top News

လက်ဝှေ့သမားဘဝမှ အနားယူပြီဖြစ်ကြောင်း ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီ ကြေညာ
24htopnews | January 15, 2025 1:12 PM CST

 

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဗြိတိန် နာမည်ကျော်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက လက်ဝှေ့လောကမှ အနားယူခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ဖျူရီအနေဖြင့် ပြီးခဲ့သည့်ဒီဇင်ဘာလက WBA (Super)၊ WBC နှင့် WBO ချန်ပီယံဖြစ်သူ အူဆိုက်နှင့် မကျေပွဲ ထိုးသတ်ခဲ့ပြီး အငြင်းပွားဖွယ်မရှိ အမှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဖျူရီသည် ၂၀၂၂ ဧပြီလကလည်း ဒယ်လီယန်ဝိုက်ကို အနိုင်ယူပြီးနောက် အနားယူကြောင်း ကြေညာခဲ့ပြီး ခြောက်လအကြာတွင် လက်ဝှေ့ကြိုးဝိုင်းသို့ တစ်ကျော့ပြန်လာခဲ့သည်။ ၎င်းသည် လက်ဝှေ့သမားဘဝတွင် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ် ဖြစ်ခဲ့ပြီး ၃၄ ပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။   

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် တိုတိုနဲ့ ချိုချိုသာသာပဲ ပြောပါမယ်။ လက်ဝှေ့လောက ကနေ ကျွန်တော့်ရဲ့အနားယူမှုကို ကြေညာချင်ပါတယ်။ ဒါဟာ ပေါက်ကွဲသွားလောက်စရာတစ်ခုလည်း ဖြစ်တယ်။ လက်ဝှေ့မှာရှိခဲ့တဲ့ မိနစ်တိုင်းကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ကျွန်တော် ဒါကို အဆုံးသတ်သွားမှာ ဖြစ်တယ်"ဟု ဖျူရီက ပြောကြားခဲ့သည်။ 

ဖျူရီ အနေဖြင့် ၂၀၁၅ ခုနှစ်က ဟဲဗီးဝိတ်ချန်ပီယံခါးပတ်များကို ကာလကြာရှည် ပိုင်ဆိုင်ခဲ့သူ ယူကရိန်းလက်ဝှေ့သမားဖြစ်သူ ဝလာဒီမာ ကလစ်ရှ်ကိုအား အံ့အားသင့်ဖွယ် အနိုင်ယူပြီး WBA (Super)၊ IBF၊ WBO နှင့် IBO ချန်ပီယံခါးပတ်များကို သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းနောက်တွင် စိတ်ကျန်းမာရေးအခြေအနေကြောင့် လက်ဝှေ့လောကနှင့် နှစ်နှစ်ခွဲကျော်ကြာ ကင်းကွာခဲ့ရသည်။ ၂၀၁၈ ခုနှစ်၌ လက်ဝှေ့လောကထဲ တစ်ကျော့ပြန်ဝင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဟဲဗီးဝိတ် နှစ်ကြိမ် ချန်ပီယံ ဒီယွန်တေးဝိုင်လ်ဒါအား အနိုင်ယူကာ WBC ချန်ပီယံ ဖြစ်လာခဲ့သည်။ 

ဖျူရီ၏ အနားယူမှုသည် ယခုနှစ်အတွင်း တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာနှင့် ထိုးသတ်မည့်ပွဲကို မျှော်လင့်စောင့်စားနေသည့် လက်ဝှေ့ပရိသတ်အတွက် အခွင့်အလမ်းမရှိ ဖြစ်ခဲ့ရသည်။ ဂျိုရှူအာကိုယ်တိုင် တိုင်ဆန်ဖျူရီနှင့် ပွဲမှာ ယခုနှစ်အတွင်း ထိုးသတ်ဖြစ်လိမ့်မည်ဟု ပြီးခဲ့သည့်စနေနေ့က ထုတ်ဖော်ပြောကြားထားသည်။ ဂျိုရှူအာနှင့် ဖျူရီသည် ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း ဟဲဗီးဝိတ်လက်ဝှေ့လောကတွင် ထင်ရှားကျော်ကြားသူများ ဖြစ်ခဲ့ပြီး နှစ်ဦးစလုံးမှာ ရှုံးပွဲများနှင့် လက်ရှိ ရင်ဆိုင်ထားရသည်။ 

တိုင်ဆန်ဖျူရီသည် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲ အပါအဝင် အူဆိုက်အား နှစ်ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့ပြီး ဂျိုရှူအာမှာမူ ပြီးခဲ့သည့်စက်တင်ဘာလက IBF ဟဲဗီးဝိတ်ချန်ပီယံ ဒန်နီရယ်လ် ဒူဘွာအား အရေးနိမ့်ကာ လက်ဝှေ့သမားဘဝ စတုတ္ထမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ဂျိုရှူအာ၏ လက်ဝှေ့ပွဲများကို စီစဉ်ပေးလျက် ရှိသည့် Matchroom Sports ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ အက်ဒီဟန်းက တိုင်ဆန်ဖျူရီ အနားယူမှုကို အမှန်တကယ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်ခဲ့သည်။


READ NEXT
Cancel OK