Top News

နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို အယ်လ်နာဆာအသင်းနှင့် ၂၀၂၆ ဇွန်လအထိ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်မည်ဖြစ်ပြီး စာချုပ်အရ အားကစားသမိုင်းတွင် တန်ဖိုးအမြင့်ဆုံးအဖြစ်လည်း မှတ်တမ်းဝင်မည်
24htopnews | January 15, 2025 1:12 PM CST

 

ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူးဖြစ်သူ စီရော်နယ်လ်ဒိုသည် လက်ရှိကလပ်အသင်းဖြစ်သည့် အယ်လ်နာဆာအသင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းမီဒီယာများစွာက ဖော်ပြခဲ့ သည်။

၂၀၂၃ ဇန်နဝါရီလတွင် မန်ယူအသင်းမှ အယ်လ်နာဆာအသင်းသို့ နှစ်နှစ်ခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူ စီရော်နယ်လ်ဒို၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ စာချုပ်တွင် ပါဝင်သော တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့် အချက်ကို နှစ်ဖက်စလုံးမှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လာမည့် ဖေဖော်ဝါရီလတွင် အသက် ၄၀ နှစ်ပြည့်မည့် စီရော်နယ်လ်ဒိုအနေဖြင့် စာချုပ်သစ်၌လည်း တစ်နှစ် ယူရို သန်း ၂၀၀(ဒေါ်လာ ၂၀၄ သန်း) ရရှိမည်ဖြစ်သည်။ ပေါ်တူဂီမီဒီယာ A Bola က စီရော်နယ်လ်ဒို၏စာချုပ်သစ်သည် လက်မှတ်ထိုးကြေး၊ ပုံရိပ်မူပိုင်ခွင့်များပေါ်တွင် မူတည်ပြီး ယူရို သန်း ၂၀၀ ထက်ပင် ပိုနိုင်ခြေရှိကြောင်း ဖော်ပြခဲ့သည်။ 

စီရော်နယ်လ်ဒို အနေဖြင့် တစ်လလျှင် ဒေါ်လာ ၁၇ ဒသမ ၇၅ သန်း၊ တစ်ပတ်လျှင် ဒေါ်လာ ၄ ဒသမ ၄၃ သန်း၊ တစ်ရက်လျှင် ၆၃၃၉၂၈ ဒေါ်လာ၊ တစ်နာရီလျှင် ၂၄၄၁၃ ဒေါ်လာ၊ တစ်မိနစ် လျှင် ၄၀၆ ဒသမ ၈၈ ဒေါ်လာ၊ တစ်စက္ကန့် လျှင် ၆ ဒသမ ၇၈ ဒေါ်လာ ရရှိနေကြောင်း သိရသည်။ ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ဖွား စီရော်နယ်လ်ဒိုအနေဖြင့် စာချုပ်သစ်အရ အသက် ၄၁ နှစ်ကျော်အထိ ဘောလုံးဆက်လက်ကစားမည်ဖြစ်သည်။ 

၎င်းသည် ဆော်ဒီ အာရေဗျတွင်ကျင်းပမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ သံတမန်လည်းဖြစ်ပြီး ဘောလုံးသမားဘဝမှ အနားယူချိန်တွင်လည်း ဆော်ဒီတွင် အားကစားပြိုင်ပွဲများ လက်ခံကျင်းပခွင့်ရရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖွယ်ရှိကြောင်း သိရသည်။ စီရော်နယ်လ်ဒို၏ စာချုပ်သည် အားကစားသမိုင်းတွင် တန်ဖိုးအမြင့်ဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

လက်ရှိ နှစ်နှစ်ခွဲစာချုပ်၏တန်ဖိုးမှာ ဒေါ်လာ ၆၇၄ သန်း ရှိပြီး မက်ဆီ(၅၃၆ သန်း)၏အထက်တွင် ရပ်တည်လျက်ရှိသည်။ Forbes ၏ မှတ်တမ်းအရ စီရော်နယ်လ်ဒိုသည် လက်ရှိတွင် ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၅၀၀ အထိ ရှိနိုင်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ဆော်ဒီလိဂ်သို့ မပြောင်းရွှေ့မီ ၂၀၂၂ ခုနှစ်က ဒေါ်လာ ၁၁၅ သန်းသာ ရှိခဲ့ပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ်များတွင် အယ်လ်နာဆာအသင်းနှင့် စာချုပ်အရ ဝင်ငွေများစွာ မြင့်တက်ခဲ့သည်။  


READ NEXT
Cancel OK