Top News

ကိုးလ်ပါလ်မာ၊ ဂျော်အိုဖေးလစ်နှင့် အန်ကွန်ကူတို့အားလုံးပါဝင်သည့် အခင်းအကျင်းပြုလုပ်ရန် မလွယ်ကူသဖြင့် အချို့အရန်ခုံထိုင်နေရဟု မာရက်စကာ ရှင်းလင်း
24htopnews | January 15, 2025 1:12 PM CST

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ အန်ဇိုမာရက်စကာက အသင်း၏ ကွင်းလယ်တိုက်စစ်အခန်းကဏ္ဍအတွက် ကိုးလ်ပါလ်မာ၊ ဂျော်အိုဖေးလစ်ရှ်နှင့် အန်ကွန်ကူတို့ အားလုံးပါဝင်သည့် အခင်းအကျင်းကို ပြုလုပ်ရန်မလွယ်ကူသဖြင့် အချို့ကစားသမားများ အရန်ခုံတွင် ထိုင်နေရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ကွင်းလယ်တိုက်စစ်နေရာအတွက် အဓိက ကစားသမားအဖြစ် ကိုးလ်ပါလ်မာက ပုံမှန်ကစားခွင့်ရပြီး ခြေစွမ်းပြနေချိန်တွင် ထိပ်တန်းအဆင့်နိုင်ငံတကာ ကစားသမားများဖြစ်သည့် ဂျော်အိုဖေးလစ်နှင့် အန်ကွန်ကူတို့မှာ အရန်ခုံတွင် ထိုင်နေရသည်။

ယင်းကစားသမားနှစ်ဦးစလုံးသည် ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးနေသည့်အတွက်လည်း ချယ်လ်ဆီးအသင်းတွင် မပျော်ရွှင်တော့ဘဲ အသင်းမှထွက်ခွာရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဂျော်အိုဖေးလစ်နှင့် အန်ကွန်ကူတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပေါ်တူဂီအသင်းနှင့် ပြင်သစ်အသင်းတို့၏ လက်ရွေးစင်ကစားသမားများဖြစ်ပြီး ကလပ်အသင်းတွင် ပုံမှန်ကစား ခွင့်မရခြင်းကြောင့် ၎င်းတို့၏ လက်ရွေးစင်ကစားသမားဘဝကို ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေကြခြင်းကြောင့် အသင်းမှ ထွက်ခွာလိုနေခြင်းလည်းဖြစ်သည်။

ယင်းကစားသမားနှစ်ဦးစလုံးသည် ကွန်းဖရန့်လိဂ်နှင့် ပြည်တွင်းဖလားပြိုင်ပွဲများတွင်သာ ကစားခွင့်ရနေပြီး ကစားခွင့်ရနေချိန်တွင် ခြေစွမ်းပြဂိုးများ သွင်းယူလျက်ရှိကာ ပြီးခဲ့သည့် FA ဖလားပြိုင်ပွဲတွင်လည်း ဂျော်အိုဖေးလစ်နှင့် အန်ကွန်ကူတို့သည် ဂိုးများသွင်းယူခဲ့ကြပြန်သည်။

ယင်းအတွက်ကြောင့် ယင်းကစားသမားနှစ်ဦး၏ ပွဲထွက်ခွင့်အခြေအနေနှင့်ပတ်သက်သည့် မေးမြန်းမှုများ ရှိလာရာ မာရက်စကာက "ဖေးလစ်နဲ့အတူ တခြားတိုက်စစ်ကစားသမားတွေပါ ပါဝင်တဲ့ လူအခင်းအကျင်းကို ဖန်တီးရတာ ခက်ခဲပါတယ်။ ရာသီအစကတည်းက အသင်းရဲ့ ကွင်းလယ်တိုက်စစ်အခန်းကဏ္ဍမှာ ကစားသမားတွေ အရမ်းများနေတာက ကျွန်တော့်အတွက် အရမ်းခက်ခဲတဲ့ အခြေအနေဆိုတာကို ကျွန်တော်ပြောခဲ့ပြီးသားပါ။ ကျွန်တော့်အနေနဲ့ ကွင်းအတွင်းမှာ ကွင်းလယ်တိုက်စစ်ကစားသမား (၁)ဦးသာလိုအပ်ပြီး တကယ်တမ်းမှာ ဒီနေရာတစ်ခုတည်းမှာ ကမ္ဘာ့ထိပ်တန်းကစားသမား (၃)ဦးရှိနေပါတယ်။ ကျွန်တော်က ဂျော်အိုဖေးလစ်ကို ပွဲထွက်အဖြစ်သုံးမယ်ဆိုရင်လည်း ကိုးလ်ပါလ်မာနဲ့ အန်ကွန်ကူတို့က အရန်ခုံထိုင်ရပါလိမ့်မယ်။ ကိုးလ်ပါလ်မာနဲ့ ဖေးလစ်အတူတွဲကစားမယ်ဆိုတာကလည်း ပွဲအပေါ် မူတည်ပါတယ်။ သူတို့အတူ တွဲကစားခဲ့တဲ့ပွဲတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒါက ပွဲတိုင်းအတွက်တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အတွက် တစ်နေရာတည်းမှာ ကိုးလ်ပါလ်မာ၊ ဖေးလစ်၊ အန်ကွန်ကူတို့လို ကစားသမားတွေရှိနေတာ ခက်ခဲပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK