Top News

ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် အဲဗာတန်-လီဗာပူးလ် မာဆေးဆိုက်ဒ်ဒါဘီပွဲကို ဖေဖော်ဝါရီ(၁၂)တွင် ယှဉ်ပြိုင်ကစားမည်
24htopnews | January 15, 2025 12:12 PM CST

ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် အဲဗာတန်-လီဗာပူးလ် မာဆေးဆိုက်ဒ်ဒါဘီပွဲကို ဖေဖော်ဝါရီ (၁၂)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

အဆိုပါပွဲစဉ်ကို မူလက ဒီဇင်ဘာ (၇)တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် မူလအချိန်အတိုင်း အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရမည်ဆိုပါက နည်းပြ ရှောင်ဒိုက်နှင့် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ယခုအခါ အဲဗာတန်အသင်းသည် နည်းပြအပြောင်းအလဲဖြစ်ထားပြီး နည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို ပြန်လည်ခန့်အပ်ထားပြီဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဦးဆောင်နေပြီး အဲဗာတန်အသင်းမှာ အဆင့် (၁၆)နေရာတွင် ရောက်ရှိနေသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းက ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရသလို၊ အဲဗာတန်အသင်းကလည်း တန်းဆင်းအန္တရာယ်အတွက် ရုန်းကန်နေရသည်။

ယခုကဲ့သို့ ပွဲစဉ်အတည်ပြုခဲ့သည့်အတွက် လီဗာပူးလ်အသင်းသည် အဲဗာတန်နှင့်ပွဲကို ပလိုင်းမောက်နှင့် FA ဖလားပွဲအပြီးတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီလ၌ ပွဲပိုကျပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် ယင်းပွဲအပြီးတွင် ဝုလ်ဗ်၊ မန်စီးတီး၊ နယူးကာဆယ်တို့နှင့် ဆက်တိုက်ယှဉ်ပြိုင်ကစားသွားရမည်ဟု သိရသည်။


READ NEXT
Cancel OK