Top News

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် နိုင်ငံများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူများ သံသယလက္ခဏာများ ပေါ်ပေါက်ပါက ကျန်းမာရေးဌာနများသို့ ပြသရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24htopnews | January 15, 2025 7:12 AM CST

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် နိုင်ငံများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူများ သံသယလက္ခဏာများ ပေါ်ပေါက်ပါက ကျန်းမာရေးဌာနများသို့ ပြသရန်နှင့်  ဆောင်းရာသီကာလ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် အသိပေးချက်များအား  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၃ ရက် ဖော်ပြမှုအရ သိရသည်။

ဆောင်းရာသီကာလတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ် - ၁၉ ရောဂါပိုး၊ Human metapneumovirus(HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ထိုသို့ဖြစ်ပွားပါက ရောဂါကူးစက်ပုံနည်းလမ်းများမှာ ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိသည့် အစက်အမှုန်များ(Droplets) မှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုး ကူးစက်ခံစား နေရသူနှင့် အနီးကပ်ထိတွေ့ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ တစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုး ကပ်တင်နေသည့် အရာဝတ္တုပစ္စည်းများ၊ မျက်နှာပြင်များအား လက်ဖြင့်ထိမိပြီး ပါးစပ်၊နှာခေါင်းနှင့် မျက်စိတို့အား ထပ်ဆင့် ထိမိရာမှ တစ်ဆင့်ကူးစက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရောဂါလက္ခဏာများနှင့် ပတ်သက်၍ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရောဂါပြင်းထန်ပါက လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း တို့ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

ရောဂါကာကွယ်ရေး နည်းလမ်းများအနေဖြင့် ရောဂါသံသယလက္ခဏာများ ခံစားရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ဝတ်ဆင်ခြင်း၊ ဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးပါက နှာခေါင်း နှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်း တို့ဖြစ်သည်။

ဆက်လက်၍ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသော ပြည်ပနိုင်ငံများသို့ သွားရောက်မည့် သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြရန်နှင့် မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ စောစီးစွာ သွားရောက်ပြသ၍ ကုသမှု ခံယူကြရန်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK