Top News

EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်) ဖြေဆိုရမည့် အချိန်စာရင်းများ ထုတ်ပြန်ပြီး ဖြေဆိုမည့်သူ သုံးသောင်းခုနစ်ထောင်ကျော်ရှိ
24htopnews | January 15, 2025 7:12 AM CST

EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်) ဖြေဆိုရမည့် အချိန်စာရင်းများ ထုတ်ပြန်ပြီး ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။

အဆိုပါ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်) စာမေးပွဲကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုမည့်သူ ၃၇၉၅၇ ဦးရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သောစာရင်းများအရ သိရသည်။

ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦး‌ရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) အား ဖြေဆိုခဲ့ကြောင်း သိရသည်။

ယင်းအခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) ဖြေဆိုပြီးနောက် အပြီးသတ်အောင်စာရင်းထုတ်ပြန်ခဲ့ပြီး ဖြေဆိုသူဦးရေ ၅၅၄၀ ဦး၌ ၅၃၇၇ ဦး အောင်မြင်ပြီး ၁၆၃ ဦး ကျရှုံးခဲ့ကြောင်း သိရသည်။

EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲအောင်စာရင်း ထုတ်ပြန်ချိန်တွင် ဖြေဆိုသူပေါင်း ၄၈၀၀၀ အနက် ၅၅၄၀ ဦးသာ အောင်မြင်ပြီး အမှတ်ပြည့် ၁၀၀ ၌ ၉၇ ဒသမ ၅ မှတ်ဖြင့် စံချိန်တင်အောင်မှတ်ဖြတ်ခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုခဲ့သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယင်းEPS-TOPIK နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများအား ဒီဇင်ဘာနောက်ဆုံးရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် အလုပ်လျှောက်လွှာခေါ်ယူမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ဆောင်ရွက်မည်ဖြစ်၍ ကျန်းမာရေးဂရုပြုကြရန်နှင့် နိုင်ငံကူးလက်မှတ် စာအုပ်သက်တမ်း အနည်းဆုံး တစ်နှစ်အထက်ရှိရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟု ပါရှိသည်။


READ NEXT
Cancel OK