Top News

တရုတ်နိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် HMPV ဗိုင်းရပ်စ်ကူးစက်မှုများ ကျဆင်း
24htopnews | January 15, 2025 12:12 AM CST

တရုတ်နိုင်ငံမြောက်ပိုင်းတွင် တုပ်ကွေးကဲ့သို့ ဖျားနာစေသော ဗိုင်းရပ်စ်ကူး စက်မှုနှုန်းလျော့ကျသွားကြောင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာတွင် ကပ်ရောဂါထပ်မံ ပေါ်ပေါက်လာဖွယ်ရှိသော အခြေအနေကို စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် တရုတ်ကျန်းမာရေးတာဝန်ရှိသူက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

HMPV ၏အရှည်ကောက်အမည်မှာ  human metapneumovirus ဖြစ်သည်။ ယင်းဗိုင်းရပ်စ်သည် များသောအားဖြင့် လူ့ခန္ဓာကိုယ်၏ အသက်ရှူလမ်းကြောင်းများတွင် အပျော့စားရောဂါ ကူးစက်မှုကို ဖြစ်ပွား စေသည်။ ထိုဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့ခြင်း သို့မဟုတ် ရောဂါပိုးမွှား နှင့်ထိတွေ့ထားသည့် မျက်နှာပြင်ပေါ်ကို ထိတွေ့မိရာမှတစ်ဆင့် ကူးစက်နိုင်သည်။

အဖြစ်များသည့် ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းနှင့် နှာပိတ်ခြင်းတို့ ဖြစ်ပြီး ယင်းလက္ခဏာများသည် ရာသီတုပ်ကွေးနှင့် ဖျားနာသည့် ရောဂါလက္ခဏာများနှင့် ဆင်တူသည်။

ငယ်ရွယ်သည့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများကဲ့သို့ ဒဏ်မခံနိုင်သော လူအုပ်စုများသည် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများကို ခံစားရနိုင်ဖွယ်ရှိသည်။

“HMPV ဟာ ဗိုင်းရပ်စ်အသစ် တစ်မျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေမှာ ကူးစက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်”ဟု တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သုတေသီဝမ်လီ ပင်းက တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လတ်တလော နှစ်များတွင် ကူးစက်မှုနှုန်း မြင့်တက်နေသည့် ယင်းဗိုင်းရပ်စ်ကို ပိုမိုကောင်းမွန်သော ထောက်လှမ်းမှု နည်းစနစ်များကြောင့် ၂၀၀၁ ခုနှစ်က နယ်သာလန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝမ်က ဆိုသည်။

“အခုချိန်မှာတော့ HMPV ဗိုင်းရပ်စ် အတည်ပြုကူးစက်မှုနှုန်းက အတက်အကျ ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံမြောက်ပိုင်းပြည်နယ်တွေမှာတော့ ကူးစက်မှုနှုန်း ကျဆင်းနေပါတယ်။အထူးသဖြင့်တော့ အသက် ၁၄ နှစ် နဲ့အထက်အရွယ် လူနာတွေကြား ကူးစက်မှုနှုန်းက လျော့ကျနေပါတယ်”ဟု ၎င်းက ဆိုသည်။

တရုတ်တွင် HMPV ဗိုုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသည့် သတင်းများနှင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများသည် နောက်ထပ်ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကမူ တရုတ်နှင့် ပြင်ပနိုင်ငံများတွင် ပုံမှန်မဟုတ်သော ကူးစက်မှုဖြစ်စဉ်များ အကြောင်း သတင်းရရှိခြင်းမရှိဟု ဆိုသည်။

HMPV မှာမူ ဆယ်စုနှစ်ပေါင်းများစွာ ကြာပျံ့နှံ့နေသော ဗိုင်းရပ်စ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ လူအများအပြားတွင် ကိုယ်ခံအား အချို့ရရှိနေပြီးဖြစ်ကြောင်း WHO က ဆိုသည်။

“ဒီဗိုင်းရပ်စ်က ဆောင်းရာသီနဲ့ နွေဦးရာသီမှာ ကူးစက်ဖြစ်ပွားလေ့ရှိသည့် သာမန်ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်”ဟု ဆိုသည်။

လက်ရှိ တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကူးစက် ဖြစ်ပွားနေမှုသည် ယခင်သိရှိထားပြီးသော ရောဂပိုးများကြောင့်ဖြစ်ကာ ကူးစက်ရောဂါအသစ်အဆန်းများ ပေါ်ပေါက်ခြင်းကြောင့် မဟုတ်ကြောင်း ဝမ်က ဆိုသည်။

HMPV အတွက် ပြည်သူ့ကျန်းမာရေး အကြံပြုချက်သည် တုပ်ကွေးအတွက် ထုတ်ပြန်ထားသော အကြံပြုချက်နှင့် ဆင်တူသည်ဟု Imperial College London မှ ကာကွယ်ဆေးရောဂါဗေဒဌာနမှ ပါမောက္ခ ဂျွန်ထရီဂိုနင်းက ပြောကြားခဲ့သည်။            

Ref:AP


READ NEXT
Cancel OK