Top News

လူပေါင်းသန်း ၄၀၀ ပါဝင်ဆင်နွှဲမည့် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ကို အိန္ဒိယတွင် စတင်
24htopnews | January 15, 2025 12:12 AM CST

ဟိန္ဒူဘာသာဝင်များ မွန်မြတ်သည့်ရေပြင်အတွင်း ရေချိုးသန့်စင်ကြသည့် Kumbh Mela ခေါ် ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲ တော်ကြီးကို အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်နေ့တွင် စတင်ကျင်းပသည်။

ပွဲတော်စီစဉ်သူများ၏ ခန့်မှန်းချက်အရ ပွဲတော်ကြာမြင့်ချိန် သီတင်းပတ်ခြောက်ပတ်အတွင်း ဟိန္ဒူဘာသာဝင်သန်း ၄၀၀ ပါဝင်ဆင်နွှဲကြမည်။

ထောင်စုနှစ်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါ Kumbh Mela ပွဲတော်ကို ဂင်္ဂါမြစ်၊ ယမုံနာမြစ်နှင့် ဒဏ္ဍာရီလာ  သူရဿတီမြစ်များ ပေါင်းဆုံသည့်နေရာတွင် ကျင်းပခြင်းဖြစ်သည်။ပွဲတော်ဆင်နွှဲသူများသည် အိန္ဒိယ နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်အတွင်း Prayagraj မြို့ရှိ မြစ်ကမ်းပါးနေရာများတွင် ရွက်ဖျင်တဲများထိုးနေကြသည်။ ပွဲတော်ကာလက ဖေဖော်ဝါရီ ၂၆ ရက်အထိ ဖြစ်သည်။

အဝါရောင်ဝတ်ရုံဝတ် ဘုန်းကြီးများ ၊ ပြာများလိမ်းကျံထားသည့် တပသီများလည်း တွေ့ရမည်ဖြစ်ပြီး ထိုပုဂ္ဂိုလ်အများစုက ပွဲတော်နေရာသို့ရောက်ရန် သီတင်းပတ်နှင့်ချီခြေကျင်လျှောက်လာသူများဖြစ်သည်။

ပွဲတော်စီစဉ်သူများ၏အဆိုအရ ပါဝင်ဆင်နွှဲကြမည့် ဟိန္ဒူဘာသာဝင်ဦးရေသည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနှစ်နိုင်ငံပေါင်း လူဦးရေလောက်နှင့် ညီမျှနေမည် ဖြစ်သည်။ “လူပေါင်းသန်း ၃၅၀ ၊ သန်း ၄၀၀ လာကြမှာဆိုတော့အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေရဲ့ အတိုင်းအတာ ဘယ်လောက်ကြီးမယ်ဆိုတာ စဉ်းစားကြည့်နိုင်တယ်”ဟု ပွဲတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပွဲတော်အစနေ့ ဇန်နဝါရီ ၁၃ ရက်မနက်မှာပင် လူပေါင်း ၁၅ သန်းခန့် မြစ်ရေဆင်းချိုုးသန့်စင်ကြပြီးပြီဖြစ်သည်။ ဟိန္ဒူဘုန်းတော်ကြီးများက ၎င်းတို့၏ဂိုဏ်းအသင်းအလိုက် သက်ဆိုင်ရာအလံများကိုင်ထားကြပြီး ဟိန္ဒူ ဘာသာဝင်များက ဒရမ်သံများ၊ ခရာသံများဖြင့် မြူးထူးနေကြသည်။

ပွဲတော်ကာလအတွင်း Prayagraj မြို့ မြစ်ကမ်းခြေသည် ရွက်ဖျင်တဲကမ္ဘာသဖွယ် ပြောင်းသွားပြီး အကောင်းစားရွက်ဖျင်တဲများရှိသကဲ့သို့ သာမန်ရွက်ဖျင်တဲများလည်းရှိသည်။ သန့်စင်ခန်းအလုံးပေါင်းတစ်သိန်းခွဲ ဆောက်လုပ်ပေးထားပြီး ပြင်ထားသည့်စားဖိုဆောင်တစ်ခုစီက လူပေါင်းငါးသောင်းကို တစ်ပြိုင်တည်းကျွေးမွေးနိုင်သည်။

LED မီးတိုင်ပေါင်း ၆၈၀၀၀ ဆောက်လုပ်ထားသည့်အတွက် ယင်းမီးအလင်းရောင်များကို အာကာသမှပင်မြင်ရသည်။၂၀၁၉ ခုနှစ်က ထိုနေရာတွင် Kumbh Mela ပွဲတော်ကို ကျင်းပခဲ့စဉ်က လူပေါင်းသန်း ၂၄၀ ပါဝင်ဆင်နွှဲခဲ့သည်ဟု အိန္ဒိယအစိုးရကထုတ်ပြန်ခဲ့သည်။

ဧရာမလူပင်လယ်ရှိရာ ပွဲတော်လုံခြုံရေးအတွက် အိန္ဒိယရဲများက နေ့ရောညပါကင်းလှည့်စောင့်ကြည့်နေရပြီး ပစ္စည်းပျောက်ပြဿနာအတွက် “ Lost and found” စင်တာများစီစဉ်ထားပေးကာ လူပျောက်ပြဿနာ အတွက် ဖုန်းအက်ပလီကေးရှင်းတစ်ခု စီစဉ်ပေးထားသည်။

အိန္ဒိယနိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိပြီး ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးတိုင်းပြည်ဖြစ်သည်။

ပွဲတော်သို့လာရောက်ပြီး ရေချိုးသန့်စင်လိုက်ပါက အပြစ်များစင်ကြယ်သွားသည်ဟု ဟိန္ဒူဘာသာဝင်များက သက် ဝင်ယုံကြည်ကြသည်။ ဘန်ဂါလူရူမြို့မှလာရောက်ဆင်နွှဲသည့် ကျောင်းဆရာတစ်ဦးကမူ တစ်သက် တွင်တစ်ကြိမ်သာရသည့်အခွင့်အရေးဟု ပြောသည်။               

Ref: AFP


READ NEXT
Cancel OK