Top News

ဆီရာလီယွန်နိုင်ငံက mopx ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာ
24htopnews | January 15, 2025 12:12 AM CST

ဆီရာလီယွန်နိုင်ငံက mopx ကို တိုက်ဖျက်ရန် ဇန်နဝါရီ ၁၃ ရက်တွင် ပြည်သူ့ကျန်း မာရေးအရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ပြင်းထန်ဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရသူ နှစ်ဦးရှိနေသည်ဟု အတည်ပြုခဲ့ပြီးနောက် နိုင်ငံ၏နယ်စပ်ကို စောင့်ကြည့်မှုများ တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံထဲမှာ နှစ်ဦးကူးစက်ခံရတယ်လို့ အတည်ပြုလိုက်တာဟာ ပြည်သူ့ကျန်းမာရေးဥပဒေအရ လုပ်ဆောင်လိုက်တဲ့ ချက်ချင်းလက်ငင်းအကောင်အထည်ဖော်ဆောင်ရွက်မှုဖြစ်ပါတယ်”ဟု ကျန်းမာရေး ဝန်ကြီး အော်စတင်ဒမ်ဘီက ဖရီးတောင်းမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဆီရာလီယွန်အစိုးရရဲ့ကိုယ်စား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ကျွန်တော် ကြေညာပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်က mopx ရောဂါကူးစက်မှုများအတွက် ကမ္ဘာတစ်ဝန်းတွင် သတိပေးချက်အမြင့်ဆုံးအဆင့် တပ်လှန့်နှိုးဆော်ပြီးနောက်ပိုင်း ဆီရာလီယွန်နိုင်ငံတွင်ပထမဆုံး mopx ကူးစက်မှုဖြစ်စဉ်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

အသက် ၂၁ နှစ်အရွယ်အမျိုးသားသည် ဇန်နဝါရီ ၆ ရက်တွင် mopx ရောဂါလက္ခဏာများကို ပြသခဲ့ပြီးနောက် ဒုတိယမြောက်ကူးစက်မှုဖြစ်စဉ်ကို အတည်ပြုခဲ့သည်ဟု အမျိုးသား ပြည်သူ့ကျန်းမာရေးအေဂျင်စီက ဇန်နဝါရီ ၁၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ခဲ့သည်။

“ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ကြေညာလိုက်တာကြောင့် ကျွန်တော်တို့ဟာ ရောဂါကို ထိန်းချုပ်ဖို့၊ နောက်ထပ်ကူးစက်တာကို တားဆီးဖို့၊ ကူးစက်ခံရသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ လိုအပ်တဲ့ အင်အားအရင်းအမြစ်တွေကို ချက်ချင်းအသုံးပြုလို့ရလာပါတယ်”ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး သတိရှိရေးလှုံ့ဆော်မှုကို လုပ်ဆောင်မည့်အပြင် နယ်စပ်စောင့်ကြည့် မှုနှင့် ဆေးစစ်မှုတို့ကို တိုးမြှင့်မည်ဟု ဒမ်ဘီက ပြောကြားခဲ့သည်။

ဆီရာလီယွန်၏ဆေးဘက်ဆိုင်ရာ စနစ်က ကူးစက်မှုဖြစ်စဉ်များကို တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး COVID-19 ကူးစက်ရောဂါနှင့် အီဘိုလာတို့တုန်းက ရရှိခဲ့သော အတွေ့အကြုံကို ထောက်ပြခဲ့သည်။

“ပြည်သူအားလုံး တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ သံသယဖြစ်စရာကောင်းတဲ့ ဖြစ်စဉ်တွေကို ကျန်းမာရေးအာဏာပိုင်တွေထံချက်ချင်း သတင်းပေးဖို့နဲ့ အသိပေးဖို့ တိုက်တွန်းပါတယ်”ဟု ဒမ်ဘီက ပြောကြားခဲ့သည်။

၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mopx ရောဂါကူးစက်ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့်လိင်ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။mopx ဗိုင်းရပ်စ်တွင် Clade 1 နှင့် Clade 2 ဟူ၍နှစ်မျိုးရှိကာ Clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ Clades များရှိသည်။

mopx ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။

ယခင်က မျောက်ကျောက်ရောဂါဟုလူသိများခဲ့သော mopx သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသောမျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စားလက္ခဏာများကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။

mopxလူနာများ၏ ရောဂါလက္ခဏာများမှာ  မပြင်းထန်ဘဲ အရေပြားယားယံဖုနှင့်အရည်ကြည်ဖုများ ဖြစ်ပေါ်ခံစားရသည်။

၁၉၇၀ ပြည့်နှစ်တွင် ဒီအာကွန်ဂိုနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့သော mopx သည် အာဖရိကနိုင်ငံ တစ်ဒါဇင်ကို ယေဘုယျအားဖြင့် ကူးစက်ခဲ့သည်ဆိုသော်လည်း ၂၀၂၂ ခု နှစ်တွင် ပိုမိုကျယ်ပြန့်စွာ ကူးစက်ခဲ့ရာ ယခင်က ယင်းဗိုင်းရပ်စ်ကူးစက်ခြင်းမရှိသောဖွံ့ဖြိုး ပြီးနိုင်ငံများထံ ရောက်လာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ် တွင် mopx အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့သည်။                                      Ref: AFP


READ NEXT
Cancel OK